brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ကလေးတွေမှာ အဖြစ်များတဲ့ အစာချေရခက်တဲ့ ပြဿနာ

ကလေးတွေမှာ တစ်ခုခုစားပြီးတိုင်း ဝမ်းဗိုက်ပြဿနာတွေ ကြုံတွေ့နေရမယ်။ ဝမ်းလျှောတာ၊ လေပွတာတွေ ကြုံနေရမယ်ဆိုရင် အစာချေရခက်တဲ့ ပြဿနာ ရှိနေတာ ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် အစားအစာတစ်ခုခုကို စားတိုင်း တိုက်တိုက်ဆိုင်ဆိုင် ဖြစ်နေတယ်ဆိုရင်ပေါ့။

ကလေးတွေမှာ အဖြစ်များတဲ့ အစာချေရခက်တဲ့ ပြဿနာ

ကလေးတွေမှာ အဖြစ်များတဲ့ အစာချေရခက်တဲ့ ပြဿနာ ဆိုတာ

အစာချေရခက်တဲ့ ပြဿနာဆိုတာ ကလေးတွေ စားလိုက်တဲ့ အစားအစာကို ခန္ဓာကိုယ်က မချေဖျက်နိုင်တာ ဒါမှမဟုတ် အစားအစာမှာပါတဲ့ ဓာတ်ပစ္စည်းတစ်မျိုးမျိုးကို အစာချေစနစ်က ခံနိုင်ရည် မရှိတာပဲ ဖြစ်ပါတယ်။

အစာချေရခက်တာနဲ့ အစာဓာတ်မတည့်တာနဲ့ တူပါသလား။

အစာချေရခက်တာနဲ့ အစာဓာတ်မတည့်တာနဲ့က မတူပါ။ အစာဓာတ်မတည့်ဘူးဆိုတာက ကလေး စားလိုက်တဲ့အစားအစာကို သူ့ရဲ့ ခုခံအားစနစ်က တုံ့ပြန်လိုက်တာ ဖြစ်ပါတယ်။

အစာချေရခက်တဲ့ ပြဿနာမှာ ခုခံအားစနစ်မပါပါဘူး။ အစာချေစနစ်နဲ့သာ သက်ဆိုင်တာ ဖြစ်ပါတယ်။ အစာဓာတ်မတည့်တာက ပိုပြင်းထန်ပြီး လက္ခဏာအနေနဲ့ အသားယားတာ၊ နှုတ်ခမ်း၊ မျက်နှာနဲ့ မျက်လုံးတွေ ရောင်ရမ်းတာ၊ အသက်ရှူရင် တရွှီရွှီမြည်တာတတွေ ခံစားရတတ်ပါတယ်။

ကလေးတွေမှာ အစာချေရခက်တဲ့ ပြဿနာ ဖြစ်တဲ့အခါ ဘာလက္ခဏာတွေ ခံစားရပါသလဲ။

ကလေးတွေက သူတို့ မချေဖျက်နိုင်တဲ့ အစားအစာတွေကို စားမိပြီး နာရီပိုင်းအကြာမှာ

  • ဝမ်းလျှောတာ
  • လေပွတာ
  • လေလည်တာ
  • ဗိုက်အောင့်တာတွေ ခံစားရတတ်ပါတယ်။

တချို့ကလေးတွေမှာ ခေါင်းကိုက်တာ၊ နုံးတာ၊ ဝမ်းချုပ်တာ၊ အဆစ်တွေနာတာနဲ့ အရေပြားမှာ အနီစက်ထွက်တာတွေလည်း ဖြစ်တတ်ပါတယ်။

ဒီလက္ခဏာတွေက နာရီပိုင်းကနေ ရက်ပိုင်းအထိ ကြာနိုင်ပါတယ်။

ကလေးမှာ အစာချေရခက်တဲ့ ပြဿနာရှိမရှိ ဘယ်လိုသိနိုင်မလဲ။

ကလေးမှာ အစာချေရခက်တဲ့ ပြဿနာရှိတယ်လို့ ယူဆတယ်ဆိုရင် အာဟာရဆရာဝန်နဲ့ ပြသပြီး စစ်ဆေးသင့်ပါတယ်။

သုံးလေ့ရှိတဲ့ စစ်ဆေးနည်းတွေကတော့

  • Elimination diets

Elimination diets ဆိုတာ ကလေးအစာချေရခက်တယ်လို့ ယူဆတဲ့ အစားအစာတွေကို အချိန်တစ်ခုကြာအောင် မကျွေးဘဲ ထားကြည့်တာ ဖြစ်ပါတယ်။ ဥပမာ ကလေးက နွားနို့သောက်တိုင်း ဝမ်းဗိုက်ပြဿနာတွေ ခံစားနေရလို့ နို့သကြားမချေဖျက်နိုင်တဲ့ ပြဿနာရှိတယ်ထင်ရင် နွားနို့တိုက်တာကို ရက်သတ္တပတ်အနည်းငယ်လောက် ရှောင်ကြည့်တဲ့ သဘောပါ။

ပြီးရင် ပြန်ပြီး တိုက်ကြည့်ပါ။ ရှောင်ထားတဲ့ အချိန်မှာ သက်သာပြီး ပြန်တိုက်တဲ့အချိန်မှာ ဝမ်းဗိုက်ပြဿနာတွေ ပြန်ဖြစ်ရင် နို့သကြားမချေဖျက်နိုင်တာ ဖြစ်နိုင်ပါတယ်။

  • လိုအပ်ရင် သွေးစစ်ရနိုင်ပါတယ်။
  • နို့သကြားမချေဖျက်နိုင်တာမျိုးဆို breath testလိုမျိုး စစ်ဆေးနည်းတစ်ခု သုံးရနိုင်ပါတယ်။

ကလေးက ဘယ်လိုအစားအစာတွေကို မချေဖျက်နိုင်ဘူးလဲဆိုတာ သေသေချာချာ သိရအောင် နေ့စဉ်ကျွေးသမျှကို အစားအသောက်စာရင်း ပြုလုပ်ထားသင့်ပါတယ်။

အစာမချေဖျက်နိုင်တဲ့ ပြဿနာကို ဘယ်လိုကုသနိုင်သလဲ။

အစာမချေဖျက်နိုင်တဲ့ ပြသနာအတွက် ကုသနည်းရယ်လို့ မရှိပါဘူး။ လက္ခဏာတွေ ခဏခဏ ပြန်မဖြစ်အောင် အပေါ်မှာ ပြောခဲ့တဲ့ Elimination dietနည်းကို အသုံးပြုလို့ရပါတယ်။

ဒါ့ပြင် အစာချေဖျက်မရတဲ့အခါ ဖြစ်လာတဲ့ ဝေဒနာတွေကို သက်သာစေဖို့ လိုအပ်တဲ့ ဆေးတွေ တိုက်လို့ ရပါတယ်။ ဥပမာ လေပွတယ်ဆိုရင် လေဆေးတွေ တိုက်တာ၊ နို့သကြားမချေဖျက်နိုင်ဘူးဆိုရင် lactates အင်ဇိုင်းတွေ တိုက်ပေးတာမျိုး လုပ်လို့ ရပါတယ်။

ကလေးတွေကို ဆေးတိုက်မယ်ဆိုရင် အညွှန်းအတိုင်းတိုက်ဖို့၊ ဆရာဝန်ညွှန်ကြားချက်အတိုင်း တိုက်ဖို့ လိုပါတယ်။

အစာမချေဖျက်နိုင်တာကြောင့် အာဟာရချို့တဲ့တာကို ဘယ်လိုဖြေရှင်းမလဲ။

ဒီအစာမချေဖျက်နိုင်တဲ့ ပြဿနာက ကလေးဘယ်အရွယ်ထိ ဖြစ်နေမလဲဆိုတာ ပြောရခက်ပါတယ်။ ဒီအစားအစာကို ကလေးရဲ့ ခန္ဓာကိုယ်က ဘယ်လိုတုံ့ပြန်မလဲဆိုတာပေါ် မူတည်ပါတယ်။

တချို့ကလေးတွေက နောက်ပိုင်းမှာ သူတို့မချေဖျက်နိုင်တဲ့ အစားအစာကို နည်းနည်းစီ ပြန်စားနိုင်တာကို ‌တွေ့ရပါတယ်။

အစာမချေဖျက်တာကြောင့် Elimination dietနဲ့ အစားရှောင်ရတဲ့အခါ အာဟာရချို့တဲ့တာတွေ ဖြစ်လာနိုင်ပါတယ်။ ဒီပြဿနာကို ပြေလည်စေဖို့

  • မချေဖျက်နိုင်တဲ့ အစားအစာကို နည်းနည်းစီ ပြန်ကျွေးကြည့်ပါ။ တချို့ကလေးတွေက အချိန်တစ်ခုကြာလာတဲ့အခါ အစားအစာတွေကို ပမာဏအနည်းငယ်လောက် ခံနိုင်ရည်ရှိလာတာကို တွေ့ရပါတယ်။
  • အာဟာရတူအစားအစာတွေကို လဲလှယ်ပြီး ကျွေးကြည့်ပါ။ ဥပမာ ကလေးက နို့သကြားမချေဖျက်နိုင်ဘူးဆိုရင် နို့သကြားမပါတဲ့ နို့တိုက်တာမျိုးပေါ့။
  • ကလေးအားဆေးတွေနဲ့လည်း လိုအပ်တဲ့ အာဟာရတွေ ဖြည့်စွက်နိုင်ပါသေးတယ်။

အစာခြေရခက်တဲ့ ပြဿနာက ကလေးတွေမှာ အဖြစ်များတဲ့ ပြဿနာပါ။ အန္တရာယ်မရှိဘူးဆိုပေမယ့် ကလေးတွေရဲ့ ဝမ်းဗိုက်ကို သက်သောင့်သက်သာ မဖြစ်စေတာကြောင့် စားသောက်မှုပုံစံကို ပြောင်းလဲပြီး ဂရုစိုက်ပေးဖို့လိုပါတယ်။ တစ်ချိန်တည်းမှာပဲ အာဟာရမချို့တဲ့အောင် ကူညီဖြည့်စွက်ပေးရမှာ ဖြစ်ပါတယ်။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 10/11/2023 ဖြစ်ပါသည်။