backup og meta

ကလေးထွားဖို့ အားဆေးမဖြစ်မနေတိုက်ရမှာလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 21/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးထွားဖို့ အားဆေးမဖြစ်မနေတိုက်ရမှာလား

    ကလေးထွားဖို့ ဖွံ့ဖို့ အားဆေးမဖြစ်မနေတိုက်ရမှာလား ။ အားဆေးတွေတိုက်ကျွေးနေမှ ကလေးက ဉာဏ်ရည်ထက်မြက်ပြီး ဖွံ့ဖြိုးလာမှာလား။ ဒီပြဿနာရဲ့ အဖြေလေးကို ပြောပြချင်ပါတယ်။

    မိဘဆိုတာမျိုးက ကလေးကို လေးလံထိုင်းမှိုင်းနေတာ၊ အမြဲလိုလိုဖျားနာနေတာထက် ထင်တိုင်းကြဲပြေးလွှားဆော့နေတာကို ပိုသဘောကျတယ်ဟုတ်။ ကလေးကို ကြီးထွားစေချင် ကျန်းမာချင်တာက မိခင်တိုင်းရဲ့ ဆန္ဒပါ။ ကလေးက မစားဘူးလို့ ငြင်းနေမှာထက် ဘာလာလာစားတာကို ပိုသဘောကျမှာပေါ့နော်။ မတည့်တာတွေကလွဲလို့ပေါ့။

    ကလေးက အစားတွေကို စားဖို့ငြင်းဆန်နေတဲ့အခါ မေမေတို့ပြေးမြင်တာက ကလေးအစားစားချင်စိတ်ရှိလာအောင် တိုက်လို့ရတဲ့ အားဆေးဆိုတာမျိုးတွေကိုပေါ့။ အားဆေးတိုက်ဖို့ စဉ်းစားနေတယ်ဆိုလည်း ဒီဆောင်းပါးလေးကို အရင်ဆုံးအောင်ဖတ်ပြီးမှာ ဆုံးဖြတ်ဖို့ပြောပါရစေနော်။

    ကလေးကို အားဆေးမဖြစ်မနေတိုက်ရမှာလား

    ကလေးကို မိခင်နို့တိုက်တဲ့အရွယ်မှာကတည်းက အားဆေးတိုက်ကြတာရှိပါတယ်။  အသက်၆လအထိ နို့စို့တဲ့အရွယ်မှာ မိခင်နို့ကလွဲပြီး ဘာမှတိုက်စရာ မလိုပါဘူး။ မိခင်ကအာဟာရတွေပြည့်ဝအောင် စားသုံးပေးမယ်ဆိုရင် ကလေးက ပုံမှန်ကြီးထွားမှုဖြစ်စဉ်တွေအတိုင်း ကြီးထွားလာမှာပါ။

    ပတ်ဝန်းကျင်က ဒီဆေးလေးတိုက်တာ ကလေးက ဘယ်လိုအစားတွေ စားတယ် ၊နို့ကို တော်တော်လေးစို့လာတယ်ဆိုတာတွေကြောင့် တိုက်ချင်စိတ်တွေဖြစ်မိနိုင်ပေမယ့် မိခင်အနေနဲ့ ကလေးအတွက် လိုအပ်မယ့် ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပြည့်ဝအောင်စားသုံးပေးပြီး ကလေးကို မိခင်နို့တစ်မျိုးတည်းတိုက်တာက အကောင်းဆုံးဖြစ်မှာပါ။

    ကလေးက အရွယ်ရောက်လာလို့ နို့မှုန့်တွေ၊ ဘာတွေတိုက်မယ်ဆိုတဲ့အခါမှာလည်း ကလေးအတွက်ထုတ်လုပ်ထားတဲ့ နို့မှုန့်တွေမှာ ကလေးတွေ လိုအပ်မယ့် ဗီတာမင်၊ သတ္တုဓာတ်နဲ့ အာဟာရဓာတ်တွေပါဝင်နေတာကြောင့် အားဆေးကို သီးသီးသန့်သန့်ကြီးထပ်တိုက်ဖို့မလိုဘူးလို့ပြောပါရစေနော်။

    ကလေးက ၆လလောက်ရောက်လာပြီဆိုရင်တော့ ဖြည့်စွက်အာဟာရတွေကို မိခင်နို့နဲ့ တွဲဖက်စားသုံးနိုင်ပြီလေ။ ဒီလိုအချိန်မှာလည်း မေမေတို့က သားသားမီးမီးတို့အတွက် လိုအပ်မယ့် အာဟာရတွေကို သေချာရွေးချယ်ဝယ်မှာဆိုတော့ လိုအပ်တဲ့အာဟာရတွေကို အားဆေးမလိုဘဲ ပုံမှန်စားသုံးမှုကနေတင် ရရှိမှာပါ။

    ကလေးကအရွယ်ရလာတာနဲ့အမျှ စားသုံးတဲ့ အာဟာရပမာဏကလည်း တိုးလာမှာပါ။ ဒီအချိန်မှာ မိဘတွေအနေနဲ့ လိုအပ်မယ့် အာဟာရတွေကို နေ့စဉ်စားသုံးနေတဲ့ အစားအစာတွေထဲမှာ ပြင်ဆင်ပေးမယ်ဆိုရင် ကလေးက ပုံမှန်ကြီးထွားကျန်းမာနေမှာပါ။

    ဒါကြောင့် ကလေးထွားဖို့ဆိုပြီး အားဆေးမဖြစ်မနေတိုက်တာမျိုးမလုပ်ဘဲ နေ့စဉ်စားသုံးမှုထဲမှာ ကလေးကို အာဟာရအုပ်စုတွေ သင့်တင့်မျှတစွာပါဝင်အောင်ကျွေးမွေးပေးပါ။ ကလေးစားသုံးမယ့် အစားအစာတွေထဲမှာ ပရိုတင်းရရှိစေဖို့အတွက် အသား ငါးပဲအမျိုးမျိုးဥအမျိုးမျိုးထမင်းပေါင်မုန့်လိုမျိုးအရာတွေကိုပြင်ဆင်ပေးရပါမယ်။

    နောက်တစ်ခုက ကလေးကို နေ့စဉ် ရေဓာတ်လုံလောက်အောင် ဖြည့်တင်းဖို့ လိုသလို ဟင်းသီးဟင်းရွက်တွေ၊ သစ်သီးတွေနဲ့ အစေ့အဆန်တွေ ကျွေးမွေးပေးရပါမယ်။နောက်ဆုံးတစ်ခုအနေနဲ့ကတော့ ကလေးကိုနွားနို့နဲ့ ချိစ်ဒိန်ချဉ်၊ ဒိန်ခဲတို့လိုမျိုး နို့ထွက်ပစ္စည်းတွေကို ပြင်ဆင်ကျွေးမွေးရမှာပါ။

    ကလေးက အစားအစာတိုင်းကို နှစ်နှစ်ခြိုက်ခြိုက်စားဖို့ဆိုတာကတော့ မဖြစ်နိုင်ပါဘူး။ ဒီလိုအခါမျိုးမှာ အလွယ်တကူလက်မလျှော့လိုက်ပါနဲ့။ ကလေးစားချင်လာအောင် အစားအစာလေးတွေကို ပြင်ဆင်ကျွေးမွေးပေးရပါမယ်။ ကလေးကို စိတ်ရှည်ရှည်နဲ့ လိုက်ခွံ့ကျွေးရပါမယ်။ ကလေးကို သင့်တင့်မျှတတဲ့ ကိုယ်လက်လှုပ်ရှားမှုလေးတွေရှိအောင်ဖန်တီးပေးရပါမယ်။ ကလေးတွေကို ပြေးလွှားဆော့စေတာမျိုး၊ စက်ဘီးစီးတာမျိုးလွတ်လွတ်လပ်လပ်ကစားခွင့်ပေးပါ။

    ဒီလိုအခြေအနေမျိုးဆိုရင်တော့ အားဆေးအကူအညီယူပေးပါ

    ကလေးနေ့စဉ်စားသုံးလိုက်တဲ့ အစားအစာတွေထဲမှာ လိုအပ်တဲ့အာဟာရတွေပါဝင်ပြီးသားမို့ အားဆေးကို သီးသန့်ကြီးတိုက်ဖို့ မလိုဘူးဆိုပေမယ့် ဒီလိုအခြေအနေမျိုးဆိုရင်တော့ အားဆေးတိုက်တာအဆင်ပြေဆုံးဖြစ်မှာပါ။

  • ကလေးက ပုံမှန်သောက်ရမယ့် နို့ပမာဏထက်နည်းပြီးသောက်နေမယ်
  • ကလေးက တစ်နေ့ကို နို့ကို ၃၂အောင်စထက်နည်းပြီးသောက်နေမယ်
  • ကလေးက မွေးတုန်းက ပေါင်မပြည့်တာမျိုးဖြစ်မယ်
  • မွေးရာပါရောဂါတစ်ခုခုကို ခံစားနေရမယ်
  • အခြားကလေးတွေထက် ဖွံ့ဖြိုးမှုနောက်ကျမယ်
  • ဖြည့်စွက်စာစားတာ နောက်ကျမယ်
  • ကလေးက လိုအပ်တဲ့ အာဟာရတွေ ပြည့်ဝအောင် မရရှိဘူးဖြစ်နေမယ်
  • အစားရွေးလွန်းမယ်ဆိုရင်တော့ ကလေးဆရာဝန်နဲ့ အားဆေးတိုက်သင့်၊ မတိုက်သင့်တိုင်ပင်ကြည့်ပါ။
  • ကဲ ကလေးကို အစာအာဟာရ ပြည့်ဝအောင် ပြင်ဆင်ကျွေးမွေးမလား၊ အားဆေးကို တပ်ကူခေါ်မလားဆိုတာကတော့ မေမေတို့ ကိုယ်တိုင်ရွေးချယ်ဆုံးဖြတ်လိုက်ပါနော်…….

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 21/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement