စိတ်ကျန်းမာရေးဆိုတာ လူကြီးတွေမှာပဲ ဖြစ်တတ်တယ်လို့ လူတော်တော်များများက ထင်တတ်ကြပေမယ့် တကယ်တော့ မဟုတ်ပါဘူး။ တချို့ကလေးတွေ ငယ်ရွယ်စဉ်မှာကတည်းက ပတ်ဝန်းကျင်၊ မိဘ၊ အသိုင်းအဝိုင်းတွေရဲ့ ရိုက်ခတ်မှုဒဏ်ကြောင့် ကလေးဘဝကတည်းက စိတ်ကျန်းမာရေးပြဿနာတွေ ကြုံလာရပါတယ်။ လေ့လာတွေ့ရှိချက်အရ ကလေး ၁၀ ယောက်မှာ ၁ယောက်ဟာ စိတ်ကျန်းမာရေးဆိုင်ရာ၊ အပြုအမူပိုင်းဆိုင်ရာ ပြဿနာတွေ ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ သိရှိရပါတယ်။ ဆိုလိုတာက ကလေး စိတ်ကျန်းမာရေး ကို လျစ်လျူမရှုသင့်တော့ပါဘူး၊၊
ကလေး စိတ်ကျန်းမာရေး ကိုလည်း မေ့ထားလို့ မဖြစ်ပါဘူး။
ကလေးဆိုတာ အင်မတန်ကို စိတ်ဓာတ်နုနယ်သေးတဲ့အရွယ်၊ စိတ်ထိခိုက်လွယ်တဲ့ အရွယ်ပဲ ဖြစ်ပါတယ်။ “စိတ်ချမ်းသာမှ ကိုယ်ကျန်းမာ” ဆိုတဲ့ စကားအတိုင်းပါပဲ။ စိတ် နဲ့ ခန္ဓာ ၂ခုလုံး ကျန်းမာမှ ဘဝရဲ့ နေ့ရက်နဲ့ အခက်အခဲတွေကို အကောင်းဆုံး ရင်ဆိုင်ကျော်ဖြတ်နိုင်မယ်။ အရွယ်ရောက်လာတဲ့အခါ စိတ်ဓာတ်ကြံ့ခိုင်တဲ့ လူကြီးတွေ ဖြစ်လာမယ်။ သာယာပျော်ရွှင်တဲ့ ဘဝတစ်ခုမှာ ပျော်ပျော်ရွှင်ရွှင်နဲ့ နေထိုင်နိုင်မယ်။ ဒါကြောင့် ကိုယ်ခန္ဓာကျန်းမာဖို့အတွက်သာမက စိတ်ချမ်းသာမှုကိုလည်း မေ့ထားလို့ မဖြစ်ပါဘူး။
ကလေး စိတ်ကျန်းမာရေး အပေါ် သက်ရောက်မှုရှိတဲ့ နေထိုင်မှုပုံစံနဲ့ ပတ်ဝန်းကျင်
၁။ မိဘ၊ ဆွေမျိုးသားချင်းတွေရဲ့ ပြည့်ဝတဲ့ ချစ်ခြင်းမေတ္တာ၊ ယုံကြည်မှု၊ နားလည်မှုအောက်မှာ ကြီးပြင်းလာခြင်း
၂။ စိတ်လုံခြုံမှု ပေးစွမ်းနိုင်တဲ့ ပတ်ဝန်းကျင်၊ နေရာမှာ ကြီးပြင်းလာခြင်း (မိဘတွေနဲ့အတူ ကြီးပြင်းလာခြင်း)
၃။ အရာရာအပေါ် မျှော်လင့်ချက်ထားခြင်း၊ အကောင်းမြင်တတ်တဲ့ အလေ့အကျင့် ရှိခြင်း
၄။ ဘဝရဲ့ နေ့ရက်တိုင်းကို ပျော်ပျော်ရွှင်ရွှင်၊ ကျန်းကျန်းမာမာနဲ့ ဖြတ်သန်းရခြင်း
၅။ အသစ်အဆန်းတွေကို လေ့လာသင်ယူခွင့်ရခြင်း၊ တီထွင်ဖန်တီးခွင့်ရခြင်း
၆။ မိမိကိုယ်ကို အရှိအတိုင်း လက်ခံနိုင်ခြင်း၊ ကိုယ့်ရဲ့ အားသာချက်ကို နားလည်သဘောပေါက်ခြင်း
၇။ ကိုယ်ခန္ဓာ ကျန်းမာခြင်း၊ အစာအာဟာရမျှတခြင်း၊ ကိုယ်လက်လှုပ်ရှား အားကစား ပုံမှန်လုပ်ပေးခြင်း
၈။ အပေါင်းအသင်းတွေနဲ့ လွတ်လွတ်လပ်လပ် ဆော့ကစားခွင့်ရခြင်း
၉။ ကိုယ့်အပေါ် နားလည်ပေးနိုင်၊ သံယောဇဉ်ထားတဲ့ မိသားစုနဲ့ အမြဲ အတူ အချိန်ကုန်ဆုံးရခြင်း
၁၀။ ပတ်ဝန်းကျင်၊ လူမှုရေးရာ ကိစ္စတွေမှာ ပူးပေါင်းဆောင်ရွက်ခြင်း၊ ပါဝင်ကူညီခြင်း အစရှိတဲ့ အချက်တွေဟာ ကိုယ့်ရဲ့ ကလေး စိတ်ချမ်းသာပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ ကြီးပြင်းလာနိုင်စေဖို့ ကူညီပေးနိုင်ပါတယ်။
ဘယ်လိုကလေးတွေမှာ စိတ်ထိခိုက်မှု ပိုပြီးဖြစ်ရန် လွယ်ကူနိုင်လဲ။
ကလေး စိတ်ကျန်းမာရေး အပေါ် ပတ်ဝန်းကျင်က သက်ရောက်မှုအများကြီး ဖြစ်စေပါတယ်။ ကလေးဘဝမှာ မပျော်မရွှင်နဲ့ ကြီးပြင်းလာတဲ့အခါမှာလည်း လူမှုပတ်ဝန်းကျင်နဲ့ သဟဇာတမဖြစ်တာ၊ စိတ်ကျန်းမာရေးအခြေအနေ ပိုဆိုးလာတာတွေ ဖြစ်နိုင်ပါတယ်။ တချို့မိဘတွေမှာလည်း ကလေးတွေရဲ့ စိတ်အခြေအနေ မကောင်းဖြစ်နေတာကို သေချာမသိတာ၊ အမြဲတမ်းဆူပူ အော်ဟစ်ရိုက်နှက်နေတဲ့အခါ ကလေးတွေအတွက်တော့ ပိုပြီး စိတ်ဆင်းရဲစရာ ဖြစ်လာနိုင်ပါတယ်။
၁။ နာတာရှည်ရောဂါ ခံစားနေရတဲ့ ကလေးတွေ
၂။ အရက်သောက်၊ ဖဲရိုက်၊ ဥပဒေနဲ့ မညီညွတ်တဲ့ အလုပ်တွေ လုပ်တတ်တဲ့ မိဘ၊ ဆွေမျိုးတွေနဲ့ ကြီးလာရတဲ့ ကလေးတွေ
၃။ ဆွေမျိုးသားချင်း၊ မိဘ ဆုံးပါးမှုကြောင့် စိတ်ထိခိုက်မှု ရခဲ့ဖူးတဲ့ ကလေးတွေ
၄။ မိကွဲ၊ ဖကွဲ နေခဲ့ရတဲ့ ကလေးတွေ
၅။ ပြင်းပြင်းထန်ထန် အနိုင်ကျင့်ခံခဲ့ရဖူးတာ၊ ရုပ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာ နှိပ်စက်စော်ကားခံခဲ့ရတာ
၆။ ဆင်းရဲလွန်းတဲ့ အိမ်၊ အိမ်ခြေယာမဲ့ နေခဲ့ရတဲ့ ကလေးတွေ
၇။ လူမျိုး၊ ဘာသာ၊ လိင်စိတ်တိမ်းညွတ်မှုကြောင့် ခွဲခြားဆက်ဆံခံရတာ
၈။ လူကြီးတွေရဲ့ ဂရုစိုက်မှုကို ခံရမယ့်အရွယ်မှာ ကိုယ်က တခြားဆွေမျိုးသားချင်း ကလေး၊ လူကြီးတွေကို ပြန်ပြီး ဂရုစိုက်ရတာ၊ ငယ်ငယ်ရွယ်ရွယ်နဲ့ လူကြီးတစ်ယောက်ရဲ့ တာဝန်ဝတ္တရားတွေ ယူခဲ့ရတဲ့ ကလေးတွေ
၉။ အရိုက်နှက်၊ နှိပ်စက်ခံရတာ၊ အနှိမ်ခံရတာ၊ စော်ကားခံရတာ၊ ခွဲခြားဆက်ဆံခဲ့ရတာ၊ ပြင်းထန်တဲ့ စိတ်တုန်လှုပ်ခြောက်ခြားမှု ကိစ္စတွေကို ကြုံတွေ့ခဲ့ရတဲ့ ကလေးတွေမှာ စိတ်ဒဏ်ရာ စွဲကပ်သွားပြီး အသက်ကြီးတဲ့အထိ ဒီဒဏ်ရာတွေဟာ ကိုယ့်ရဲ့အနောက်ကနေ အရိပ်မည်းတစ်ခုလို ကပ်ပါလာပါတယ်။
အတွေ့များတဲ့ ကလေး စိတ်ကျန်းမာရေး ပြဿနာတွေ
၁။ စိတ်ဓာတ်ကျခြင်း (Depression)
လူကြီးတွေမှာပဲ စိတ်ဓာတ်ကျနိုင်တာ မဟုတ်ပါဘူး။ ကလေးအရွယ်တွေ အထူးသဖြင့် ဆယ်ကျော်သက် လူငယ်လူရွယ်တွေမှာ စိတ်ဓာတ်ကျတဲ့ ပြဿနာတွေ ပိုပြီး ကြုံတွေ့ရနိုင်ပါတယ်။
၂။ မိမိကိုယ်ကို ထိခိုက်ခြင်း (Self-harm)
လူငယ်တွေမှာ အတွေ့အများဆုံး စိတ်ကျန်းမာရေးပြဿနာပါ။ စိတ်ဓာတ်ကျတာ တစ်ခုတည်းကြောင့် မဟုတ်ပဲ စိတ်ပိုင်းဆိုင်ရာ နာကျင်မှုဝေဒနာကို လျော့နည်းစေဖို့၊ တခြားဘက်ကို အာရုံလွှဲဖို့၊ ကိုယ်လက်အင်္ဂါတွေကို ဓားနဲ့လှီးဖြတ်တာ၊ ကိုယ့်ကိုယ်ကို အပူလောင်အောင် လုပ်တာမျိုးတွေ လုပ်တတ်ပါတယ်။ ဒါပေမယ့် ဒီလို ကိုယ့်ကိုယ်ကို ထိခိုက်အောင် လုပ်တဲ့သူတွေဟာ သေလိုစိတ်၊ အဆုံးစီရင်လိုစိတ်၊ အသက်မရှင်ချင်တော့ဘူးလို့ ခံစားရတဲ့ စိတ်တွေ မရှိတာ များပါတယ်။
၃။ စိုးရိမ်ပူပန်လွန်ကဲတဲ့ စိတ်ရောဂါအခြေအနေ (Generalised Anxiety Disorder – GAD)
နာမည်အတိုင်းပါပဲ။ အလွန်အမင်း စိုးရိမ်ပူပန်မှုကို ဖြစ်စေပြီး စိတ်ကို တော်တော်လေး ပူလောင်စေတဲ့ စိတ်ရောဂါတစ်မျိုးပါပဲ။ ငယ်သေးတဲ့ ကလေးတွေ၊ ကျောင်းစတက်ကာစ၊ ကျောင်းပြောင်းရမယ့် ကလေးတွေမှာလည်း အဖြစ်များပါတယ်။ ကလေးဘဝမှာ သိပ်ပြီး မပြင်းထန်ခဲ့ရင်တောင် ကြီးလာတဲ့အခါမှာ ဒီစိတ်အခြေအနေကြောင့် ကိုယ့်ရဲ့ အလုပ်ခွင်၊ လူမှုရေး၊ ပတ်ဝန်းကျင်မှာ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။
၄။ စိတ်တုန်လှုပ်ခြောက်ခြားစရာ အခြေအနေတစ်ခုကြောင့် နောက်ဆက်တွဲ စိတ်ဒဏ်ရာကျန်ခဲ့ခြင်း (Post-traumatic Stress Disorder – PTSD)
ရုပ်ပိုင်းဆိုင်ရာ နှိပ်စက်ညှင်းပန်းခံရတာ၊ လိင်ပိုင်းဆိုင်ရာ စော်ကားခံရတာ၊ စိတ်ခြောက်ခြားဖွယ်ရာ အဖြစ်အပျက်တစ်ခုခုကို ကိုယ့်မျက်စိနဲ့ တပ်အပ်မြင်လိုက်တာ၊ ကိုယ့်ဆီမှာ ဖြစ်ပျက်တာ၊ အကြမ်းဖက်မှု၊ အနိုင်ကျင့်ခံရမှု၊ အသက်အန္တရာယ်တစ်ခုခုကို ကြုံတွေ့ခဲ့ပြီးနောက် နောက်ဆက်တွဲ ပြင်းထန်တဲ့ စိတ်ဒဏ်ရာ ကျန်ခဲ့နိုင်ပါတယ်။
၅။ တက်ကြွလွန်းပြီး အာရုံစူးစိုက်ရခက်တဲ့ စိတ်ရောဂါ (Attention Deficit Hyperactivity Disorder – ADHD)
ဖြစ်ရခြင်းအကြောင်းရင်း တိတိကျကျမရှိတဲ့ ဒီရောဂါ အခြေအနေဟာ မိန်းကလေးတွေထက် ယောက်ျားလေးတွေမှာ ပိုပြီး အဖြစ်များတာကို တွေ့ရပါတယ်။ စာသင်ကြားရာမှာ သေချာအာရုံမစူးစိုက်နိုင်တော့တာ၊ အချိန်တိုင်း တက်ကြွလွန်းနေပြီး အငြိမ်မနေနိုင်တာ အစရှိတဲ့ အမူအကျင့်တွေကို တွေ့ရပါတယ်။
၆။ အစားအလွန်အကျွံစားချင်စိတ် ဖြစ်ခြင်း (Eating Disorder)
မိန်းကလေးတွေမှာ အတွေ့များပြီး ပုံမှန်အားဖြင့် ဆယ်ကျော်သက်အရွယ်မှာ စတင်ဖြစ်ပေါ်လာတတ်ပါတယ်။ အစားမစားရ မနေနိုင်တာ၊ အမြဲတမ်း ဗိုက်ကဆာလောင်နေသလို ခံစားရတာ၊ ဘယ်လောက်စားစား မဝဘူးလို့ ခံစားရတာ အစရှိတဲ့ ခံစားချက်မျိုး ဖြစ်စေပါတယ်။ အစာစားတာ စိုးရိမ်စရာ မဟုတ်ပေမယ့် အလွန်အကျွံ နေ့တိုင်းစားနေမယ်ဆိုရင်တော့ နောက်ဆက်တွဲ အဝလွန်ရောဂါ၊ ဆီးချို၊ သွေးတိုးရောဂါတွေပါ ဖြစ်နိုင်ခြေ မြင့်တက်လာပါတယ်။
Takeaways
[embed-health-tool-vaccination-tool]