ဗီတာမင် K ဆိုတာက ခန္ဓါကိုယ်တွင်းထဲမှာရှိတဲ့ ဓါတ်တစ်မျိုးပါ။သွေးတိတ်စေဖို့အထောက်အပံ့ပေးပါတယ်။ အူတွေက စားသုံးလိုက်တဲ့အစားအစာတွေကိုဖြိုခွဲပေးပြီး ခန္ဓါကိုယ်အတွက် လိုအပ်တဲ့ဗီတာမင် K ကို ထုတ်လုပ်ပေးတာပါ။
ဗီတာမင် K က ကလေးတွေအတွက်အရေးပါလား
ဗီတာမင် K က ကလေးတွေအတွက်မှ မဟုတ်ပါဘူး။ အရွယ် သုံးပါးစလုံးအတွက်အရေးပါတာပါ။ ကလေးတွေကမွေးစမှာ ကိုယ်တွင်းမှာ ဗီတာမင် K ဓါတ်ပါလာတယ်ဆိုပေမယ့်တော်တော်လေးနည်းပါတယ်။ အူနံရံတွေက စားသုံးလိုက်တဲ့အစားအစာတွေကိုချေဖျက်မှုကနေ ဗီတာမင် K ကို ထုတ်ပေးနိုင်တယ်ဆိုပေမယ့်မွေးစအရွယ် ကလေးတွေမှာ အူတွင်းအကျိုးပြုဘက်တီးရီးယားအရေအတွက် ကတော်တော်လေးနည်းတာကြောင့် ဗီတာမင် K ကိုလုံလုံလောက်လောက်မထုတ်ပေးနိုင်ပါဘူး။ အရွယ်လေးရလာတာနဲ့အမျှတော့ ကလေးရဲ့ခန္ဓါကိုယ်က ဗီတာမင် K ကိုပိုပြီးထုတ်ပေးလာနိုင်မှာပါ။
ဒီလိုအချိန်မှာ ကလေးတွေအနေနဲ့ ဗီတာမင် Kကို ရရှိနိုင်မယ့် တစ်ခုတည်းသောအရင်းအမြစ်က မိခင်နို့ပါ။ ဒါပေမယ့်လည်း အများကြီးတော့မဟုတ်ပါဘူး။ရောဂါတွေကို ကာကွယ်နိုင်ရုံလောက်တော့ရနိုင်ပါတယ်။
ဗီတာမင် K ချို့တဲ့ရင် ဘာတွေဖြစ်လာနိုင်လဲ
မိခင်နို့ကိုပဲ အားကိုးရတဲ့ကလေးတွေအဖို့ ဗီတာမင် K ချို့တဲ့နိုင်ခြေက အခြားသူတွေထက်ပိုများပါတယ်။ ဗီတာမင် K ချို့တဲ့လာတဲ့အခါ ကလေးတွေမှာ အခုလို လက္ခဏာတွေခံစားလာရနိုင်ပါတယ်။ ဗီတာမင် K ချို့တဲ့မှုပြင်းထန်လာတဲ့အခါ ဦးနှောက်ထိခိုက်တာနဲ့သေဆုံးတာမျိုးတွေအထိဖြစ်နိုင်ပါတယ်။
ကိုယ်တွင်းသွေးယိုစိမ့်မှုခံစားရနိုင်ပါတယ်။ ခန္ဓါကိုယ်အစိတ်အပိုင်းတစ်ခုခု ထိခိုက်ပျက်စီးတာ၊ ဦးနှောက်ထိခိုက်ပျက်စီးတာ၊ အသက်သေဆုံးတာ မျိုးအထိဖြစ်နိုင်ပါတယ်။ ကလေးလေးတွေမှာမွေးရာပါ ဗီတာမင် K ချို့တဲ့တာမျိုးလည်းရှိနိုင်ပါတယ်။ များသောအားဖြင့်တော့ ကလေးတွေမှာ ဗီတာမင် K ချို့တဲ့တာကိုမွေးပြီး ရက်သတ္တပတ် တစ်ပတ်လောက်ကြာမှသိရတာများပါတယ်။ ဗီတာမင် K ချို့တဲ့တဲ့အခါ ကလေးတွေမှာ အသက် ၈ လအရွယ်လောက်အထိ အသည်းနဲ့ပတ်သက်တဲ့ပြဿနာတွေ၊ အူမကြီးနဲ့ ပတ်သက်တဲ့ပြဿနာတွေခံစားရနိုင်ပါတယ်။ ကိုယ်တွင်းအင်္ဂါတွေမှာသွေးယိုစိမ့်တာနဲ့ ထိခိုက်မိတဲ့အခါသွေးတိတ်ဖို့ ခက်တာမျိုးတွေခံစားရနိုင်ပါတယ်။
ဒီအချက်တွေကြောင့် ကလေးတွေမှာ ဗီတာမင် K ချို့တဲ့မှုဖြစ်ရတာပါ
ပထမတစ်ချက်ကတော့ ဗီတာမင် K ကို အဓိကအားဖြင့်က အူမကြီးထဲမှာရှိနေတဲ့ ဘက်တီးရီးယားတွေက ထုတ်လုပ်ပေးတာပါ။ ကလေးတွေမှာက ငယ်သေးတဲ့အခါ အူမကြီးထဲမှာ ရှိနေတဲ့ ဘက်တီးရီးယားအရေအတွက်က နည်းနေပါတယ်။ ဒါကြောင့် ဗီတာမင် K ကိုလုံလုံလောက်လောက်မထုတ်လုပ်နိုင်ပါဘူး။
နောက်တစ်ချက်ကတော့ ကလေးကမိခင်ဆီကနေ ကိုယ်ဝန်ဆောင်ကာလမှာရော နို့ချိုတိုက်ကျွေးတဲ့ကာလမှာပါ လုံလုံလောက်လောက်မရရှိတာပါ။
ဘယ်လိုကလေးတွေမှာ ဗီတာမင် K ချို့တဲ့နိုင်ခြေပိုများသလဲ
- မွေးကာစ ကလေးတိုင်းမှာ ဗီတာမင် K ပမာဏကတော်တော်လေးနည်းတတ်တာကြောင့် ကလေးတိုင်းနီးပါးတော့ ဗီတာမင် K ချို့တဲ့နိုင်ပါတယ်။
- လမစေ့ဘဲမွေးဖွားလာတဲ့ ကလေး
- နာမကျန်းတဲ့ ကလေး
- ရောဂါအခံတစ်ခုခုရှိတာကြောင့် ဆေးဝါးသောက်သုံးနေရတဲ့မိခင်ကနေမွေးဖွားလာတဲ့ကလေးငယ်
- ventouseလေစုပ်ခွက်ပါဝင်သည့် မီးဖွားချိန်သုံး အထောက်အကူပြုကိရိယာ၊forceps မီးဖွားရာမှာ အသုံးပြုတဲ့ ညှပ်လိုမျိုးကိရိယာ အသုံးပြုပြီးမွေးဖွားတဲ့ကလေး နဲ့caesarean section (ဗိုက်ခွဲမွေးဖွားခြင်း) နည်းလမ်းအသုံးပြုပြီးမွေးဖွားတဲ့ကလေးတွေ မှာ ဗီတာမင် K ချို့တဲ့နိုင်ခြေက ပုံမှန်ထက်ပိုများနေပါတယ်။
ဒီလိုအခြေအနေမှာ ဆရာဝန်နဲ့ပြသဖို့လိုပါမယ်
- တကယ်လို့ ကလေးမှာ အခုလိုလက္ခဏာတွေဖြစ်ပေါ်လာမယ်ဆိုရင်တော့ ဗီတာမင် K ချို့တဲ့မှုကတော်တော်ပြင်းထန်နေပြီဖြစ်တာကြောင့် ဆရာဝန်နဲ့ အမြန်ဆုံး သွားရောက်ပြသဖို့လိုအပ်ပါမယ်။
- အရေပြားမှာ အညိုအမဲစွဲတဲ့ဒဏ်ရာတွေအလွယ်တကူဖြစ်မယ်
- ဦးခေါင်း နဲ့ မျက်နှာမှာ အညိုအမဲစွဲတာတွေဖြစ်မယ်
- အသက်တစ်လလောက်အရွယ်မှာ နှာခေါင်းသွေးလျှံတာ၊ အူတွင်းသွေးယိုစိမ့်တာကြောင့် ဝမ်းသွားတဲ့အခါသွေးပါတာမျိုးဖြစ်မယ်
- ကလေးကနုံးနေမယ်၊အော့အန်မယ်၊ အရေပြားဖျော့တော့နေမယ်၊ သွားဖုံးမှာသွေးယိုမယ်
- အသက် ၃ ပတ်ကျော်တဲ့အထိ အသားဝါတာက မသက်သာသွားဘဲ ပိုဆိုးလာမယ်ဆိုရင်တော့ တတ်သိနားလည်တဲ့ ဆရာဝန်နဲ့ပြသတာအကောင်းဆုံးပါ။
Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
[embed-health-tool-vaccination-tool]