သံဓါတ်က သွေးနီဥဆဲလ်တွေ ခန္ဓါကိုယ်ထဲကိုအောက်ဆီဂျင်သယ်ပို့နိုင်ဖို့ ကူညီပေးပြီး ဦးနှောက်နဲ့ ကြွက်သားလုပ်ဆောင်ချက်တွေမှာ အဓိကနေရာကပါဝင်နေပါတယ်။သွေးထဲမှာသံဓါတ်အားနည်းရင် ကလေးတွေမှာအဖြစ်များတဲ့ သွေးအားနည်းရောဂါဖြစ်လာနိုင်ပါတယ်။
ကလေးက အစားအစာထဲကနေ သံဓါတ်လုံလောက်အောင်ရရှိရဲ့လား၊ ကလေးမှာ သွေးအားနည်းတာ၊ သံဓါတ်အားနည်းတာဖြစ်နေလား အမြဲဂရုစိုက်ပေးသင့်ပါတယ်။
သံဓါတ်က ကလေးအတွက် ဘာကြောင့်အရေးပါတာလဲ
သံဓါတ်က ကလေးရဲ့ကြီးထွားဖွံ့ဖြိုးမှုအတွက် မရှိမဖြစ်အရေးပါပါတယ်။ အဆုတ်ထဲကအောက်ဆီဂျင်ကို ခန္ဓါကိုယ်တခြားအစိတ်အပိုင်းတွေဆီကိုပေးပို့ဖို့ နဲ့ ကြွက်သားတွေကအောက်ဆီဂျင်သိုလှောင်ပြီးအသုံးချနိုင်ဖို့လည်း သံဓါတ်ကကူညီပေးတာပါ။ သံဓါတ်အားနည်းတယ်ဆိုတာ အနည်းငယ်လောက်ကနေသွေးအားနည်းရောဂါအထိပြင်းထန်မှုအဆင့်ဆင့်ရှိပါတယ်။ ဒါကိုသေချာဂရုမစိုက်ရင် ကလေးရဲ့ကြီးထွားမှုနဲ့ ဖွံ့ဖြိုးမှုအားလုံးကို ထိခိုက်နိုင်ပါတယ်။
အများအားဖြင့် –
- လမစေ့၊ပေါင်မပြည့်ဘဲမွေးဖွားတဲ့ ကလေးတွေ
- အသက်တစ်နှစ်မပြည့်ခင် နွားနို့ သို့မဟုတ် ဆိတ်နို့သောက်ခဲ့ရတဲ့ ကလေးတွေ
- အသက် ၆ လနောက်ပိုင်း သံဓါတ် သို့မဟုတ် အာဟာရဓါတ်တွေပါဝင်တဲ့ဖြည့်စွက်အာဟာရတွေ မတိုက်ကျွေးထားတဲ့ကလေးတွေ
- သံဓါတ်အားဖြည့်မထားတဲ့ နို့မှုန့်သောက်သုံးရတဲ့ကလေးတွေ
- နွားနို့၊ ဆိတ်နို့ သို့မဟုတ် ပဲနို့ကို အားဖြည့်သောက်သုံးနေတဲ့ အသက် ၁နှစ်မှ ၅ နှစ်အတွင်း ကလေးတွေ
- နာတာရှည်ရောဂါအခြေအနေတစ်ခုခုရှိနေတဲ့ကလေးတွေ ဒါမှမဟုတ် အစားရှောင်နေရတဲ့ ကလေးတွေ
- ခဲဓါတ်ထိတွေ့မှုရှိခဲ့ဖူးတဲ့ အသက် ၁ နှစ်မှ ၅ နှစ်အတွင်း ကလေးတွေ မှာ သံဓါတ်အားနည်းနိုင်တဲ့အန္တရာယ်ပိုများပါတယ်။
ဘာလက္ခဏာတွေရှိလာမလဲ
သံဓါတ်အားနည်းနေရင်ပဲ ကလေးရဲ့လုပ်ဆောင်နိုင်စွမ်းတွေမှာ ချို့ယွင်းလာနိုင်ပါတယ်။ ဒါပေမယ့် ကလေးတွေမှာ သံဓါတ်အားနည်းခြင်းရဲ့လက္ခဏာအများစုကသွေးအားနည်းရောဂါဖြစ်လာတဲ့အဆင့်မရောက်မချင်း မပေါ်လာတတ်ပါဘူး။ ဒါ့ကြောင့် ကလေးမှာ အထက်ကအချက်တွေနဲ့တိုက်ဆိုင်နေရင် ဆရာဝန်ပြပြီး တိုင်ပင်ဆွေးနွေးပါ။
သံဓါတ်အားနည်းမှုကြောင့်ဖြစ်တဲ့သွေးအားနည်းရောဂါ လက္ခဏာတွေက –
- အသားအရေဖြူဖျော့တယ်
- မောပန်းလွယ်တယ်
- ကြီးထွားဖွံ့ဖြိုးမှုနှေးတယ်
- အစာစားချင်စိတ်နည်းတယ်
- ပုံမှန်မဟုတ်ဘဲ အသက်ရှူမြန်လာတယ်
- အပြုအမူပိုင်းပြဿနာတွေရှိလာတယ်
- မကြာခဏနေမကောင်းဖြစ်တယ်
ဘယ်လိုကာကွယ်ပေးမလဲ
ကလေးတွေမှာ သံဓါတ်အားနည်းခြင်းမဖြစ်အောင် ကာကွယ်နိုင်ဖို့က –
- အသားဓါတ်ရအောင် အမြဲစီစဉ်ပေးပါ။ အဆီမပါတဲ့ အနီရောင်အသားကို တစ်ပတ်သုံးလေးကြိမ်ထည့်ကျွေးပါ။ ပဲနီလေး အပါအဝင် ပဲအမျိုးမျိုး၊ ငါး၊ကြက်ဥနဲ့အစေ့အဆန်တွေလည်းကျွေးပါ။ ကလေးရဲ့တစ်နေ့တာအာဟာရထဲမှာ သံဓါတ်ကြွယ်ဝတဲ့အစားအစာတွေပါဝင်နေဖို့ အရေးကြီးပါတယ်။
- ဗီတာမင် C ကလည်း ခန္ဓါကိုယ်ကို သံဓါတ်စုပ်ယူမှုအားကောင်းအောင်ကူညီပေးနိုင်လို့ ဗီတာမင် C ပါတာတွေလည်း မကျန်ပါစေနဲ့။ လိမ္မော်သီး၊သံပုရာသီး၊ ဘယ်ရီသီးတွေ၊ ကီဝီ၊ ခရမ်းချဉ်၊ ပန်းဂေါ်ဖီစိမ်းတို့လို ဗီတာမင် C ကြွယ်ဝတဲ့အစားအစာတွေကို နည်းနည်းလေးပဲဖြစ်ဖြစ် စားဖြစ်အောင်ကျွေးပါ။
- သန်ကောင် လိုမျိုး အူတွင်းကပ်ပါးပိုးတွေကြောင့် သံဓါတ်အားနည်းတာဖြစ်နိုင်သလို ဝမ်းပျက်တာကြာရှည်ရာကနေ ကလေးရဲ့သံဓါတ်တွေဆုံးရှုံးသွားနိုင်တာလည်း သိထားသင့်ပါတယ်။ ကလေးကို သန်ချဖို့ ၊ အစာခြေစနစ်ကျန်းမာဖို့အတွက် ဆရာဝန်နဲ့တိုင်ပင်ပါ။
- အစားကြေးများတဲ့ကလေးတွေက သူတို့စားတဲ့အစားအစာလေးတွေကနေ အာဟာရဓါတ်အပြည့်အစုံမရနိုင်ကြတာများပါတယ်။ ဒါ့ကြောင့် ကလေးအတွက်လိုအပ်တဲ့ ဗီတာမင်တွေနဲ့ ကြီးထွားဖွံ့ဖြိုးမှုကိုအထောက်အကူပေးတဲ့ဖြည့်စွက်အာဟာရတွေ၊ နို့တွေ နဲ့ အားဆေးတွေ တိုက်ကျွေးမှ လိုနေတဲ့ဓါတ်တွေပြည့်ဝနိုင်မှာပါ။
- အနီရောင်အသား၊ ဆယ်လ်မွန်၊ တူနာ၊ ကြက်ဥအနှစ်၊ အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေ ပါအောင် ကျွေးပါ။
Hello Health Groupသည်ဆေးပညာအကြံပေးချက်များ၊ရောဂါရှာဖွေမှုများ၊ကုသမှုများမပြုလုပ်ပေးပါ။
[embed-health-tool-vaccination-tool]