backup og meta

အန္တရာယ်အရှိဆုံး မူးယစ်ဆေးဝါးစာရင်းကနေ ဖယ်ရှားခံခဲ့ရပြီဖြစ်တဲ့ ဆေးခြောက် (Cannabis)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Ye Zon Aung မှ ရေးသားသည်။ · 25/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အန္တရာယ်အရှိဆုံး မူးယစ်ဆေးဝါးစာရင်းကနေ ဖယ်ရှားခံခဲ့ရပြီဖြစ်တဲ့ ဆေးခြောက် (Cannabis)

    ဒီကနေ့ခေတ်မှာ အမြင်အယူအဆ အမျိုးမျိုးကြောင့် အငြင်းပွားမှုအကြီးမားဆုံးရှိနေတဲ့အရာတွေထဲမှာ ဆေးခြောက် (Cannabis) ခေါ် မာရီဂွားနား (Marijuana) လည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ကြိုက်နှစ်သက်သူတွေက ဆေးခြောက်ဟာ ဆေးဘက်ဝင်တဲ့အရာလို့ဆိုကြသလို မနှစ်သက်သူတွေကလည်း ဆေးခြောက်ကို မူးယစ်ဆေးဝါးတစ်မျိုးအဖြစ် သတ်မှတ်ခေါ်ဆိုကြပါတယ်။

    ကုလသမဂ္ဂ (UN) ကတော့ ဒီအခြေအနေပေါ် သက်ရောက်မှုရှိစေမယ့် ဆုံးဖြတ်ချက်တစ်ခုကို ၂၀၂၀၊ ဒီဇင်ဘာလ ၂ ရက်နေ့မှာ ချမှတ်လိုက်ပါတယ်။ ဒါကတော့ ဆေးခြောက် (Cannabis) ကို အန္တရာယ်အရှိဆုံး မူးယစ်ဆေးဝါးစာရင်းကနေ ဖယ်ရှားလိုက်တာပဲဖြစ်ပါတယ်။

    ဗုဒ္ဓဟူးနေ့က ကျင်းပတဲ့ အစည်းအဝေးမှာ UN Commission on Narcotic Drugs (CND) ရဲ့ အဖွဲဝင်နိင်ငံတွေက မဲပေးရွေးချယ်ခဲ့ကြတာဖြစ်ပြီးတော့ မဲအရေအတွက်အရ ဆေးခြောက်(Cannabis) ကို အန္တရာယ်အရှိဆုံး မူးယစ်ဆေးဝါးအမျိုးအစားစာရင်းကနေ ဖယ်ရှားဖို့ ဆုံးဖြတ်ချက်ချမှတ်နိုင်ခဲ့ပါတယ်။

    ဆေးခြောက်မှာ စွဲလမ်းစေတတ်တဲ့ Tetrahydrocannabinol (THC) ပါဝင်ပေမယ့် နည်းမှန်လမ်းမှန်နဲ့ အသုံးချမယ်ဆိုရင် ဆေးဝါးကုသရေးလုပ်ငန်းအတွက် အကျိုးဖြစ်ထွန်းနိုင်တယ်ဆိုတဲ့ ရည်မှန်းချက်နဲ့ ခုလိုဆုံးဖြတ်ချက်ခဲ့ကြတာဖြစ်ပါတယ်။

    လက်ရှိ အန္တရာယ်အရှိဆုံး မူးယစ်ဆေးဝါးစာရင်းမှာ အောက်ပါ အမျိုးအမည်တွေပါဝင်နေဆဲဖြစ်ပါတယ်။

  • ကိုကင်း (Cocaine)၊
  • ဖန်တနဲလ် (Fentanyl)၊
  • မော်ဖင်း (Morphine)၊
  • မက်သဒုံး (Methadone)၊
  • ဘိန်း (Opium) နဲ့
  • အောက်ဆီကိုဒုံး (Oxycodone) တို့ပါ။
  • ဆေးခြောက်ကို ၅၉ နှစ်ကြာ အန္တရာယ်ရှိတဲ့ မူးယစ်ဆေးဝါးစာရင်းမှာ ထည့်သွင်းထားခဲ့တာဖြစ်ပြီး ခုလိုစာရင်းကနေ ဖယ်ရှားလိုက်တာကြောင့် နိုင်ငံတကာက အစိုးရတွေရဲ့ မူဝါဒပိုင်းတွေအပေါ်မှာ သက်ရောက်မှုရှိလာတော့မှာဖြစ်ပါတယ်။ အကြောင်းကတော့ ကမ္ဘာပေါ်မှာ ဆေးခြောက်ကို တရားမဝင်မူးယစ်ဆေးဝါးအဖြစ် သတ်မှတ်ထားတဲ့တိုင်းပြည်ပေါင်း ၁၄၀ အထိရှိနေတာမို့လို့ပါပဲ။

    အမေရိကန်ပြည်ထောင်စုလို တိုင်းပြည်မျိုးမှာတောင် ဆေးခြောက်ကို တရားဝင်ခွင့်ပြုထားတဲ့ ပြည်နယ် ၁၇ ခုသာရှိပါသေးပြီး ဆေးဝါးအဖြစ်သာ အသုံးချခွင့်ပြုထားတာဖြစ်ပါတယ်။

    ဆေးခြောက် နဲ့ ဆေးဖက်ဝင်မှု

    ဆေးခြောက် ဆိုတဲ့အရာကို ချဉ်ပေါင်ပင်နဲ့အလားသဏ္ဍာန်တူတဲ့ Cannabis Sativa ဆိုတဲ့ အပင်တစ်မျိုးကနေရရှိပါတယ်။ လာတဲ့ အရာတစ်မျိုးပါ။ ဆေးခြောက်မှာပါဝင်တဲ့ Cannabinoids ဆိုတဲ့ ဓာတုပစ္စည်းက လူ့ပင်မအာရုံကြောစနစ်အပေါ်မှာသက်ရောက်မှု ရှိပြီး ဆေးခြောက်ရဲ့ အသက်လို့တောင်ဆိုလို့ရပါတယ်။ ဒီ Cannabinoids တွေဟာ အပင်ရဲ့ အရွက်တွေနဲ့ အပွင့်မှာ ပါဝင်မှုအများဆုံးလို့ဆိုနိုင်ပါတယ်။

    ဆေးခြောက်ပင်ကို ဆေးဘက်ဆိုင်ရာနယ်ပယ်မှာ အသုံးချတဲ့အခါမှာ အရွက်တွေနဲ့ အဖူးတွေကို အခြောက်ခံပြီး ဆေးပြားအဖြစ် ဖန်တီးတာ၊ အဆီထုတ်တာတွေပြုလုပ်ပြီး အသုံးချကြပါတယ်။ နိုင်ငံတော်တော်များများက ဆေးခြောက်ကို အသုံးပြုခွင့်တားမြစ်ထားပေမယ့် အချို့သောနိုင်ငံအနည်းငယ်မှာတော့ နာကျင်တဲ့ဝေဒနာ၊ မအီမသာဖြစ်တာနဲ့ Multiple Sclerosis လိုရောဂါတွေကို ကုသရာမှာ အသုံးပြုခွင့်ပေးထားတာမျိုးလည်း ရှိပါတယ်။

    ဒါ့အပြင် ဆေးခြောက်ကို အောက်ပါရောဂါကုသရေးတွေမှာလည်း အသုံးချကြတာမျိုးတွေ ရှိပါတယ်။

  • ရေတိမ်
  • HIV/AIDS ကြောင့်ကိုယ်အလေးချိန်ကျဆင်းခြင်း၊
  • အာရုံကြောနာကျင်ခြင်း၊
  • ကိုယ်လက် နာကျင်ကိုက်ခဲမှုများ၊
  • Amyotrophic Lateral Sclerosis၊
  • ကင်ဆာရောဂါကြောင့် ကိုယ်အလေးချိန်ကျဆင်းခြင်း၊
  • လေးဖက်နာရောဂါ (Rheumatoid Arthritis)၊
  • ကင်ဆာဆဲလ် ပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ်ခြင်း၊
  • ဆေးလိပ်ကြောင့်ဖြစ်တဲ့ အဆုတ်ရောဂါကို ကုစားခြင်း၊
  • လေဖြတ်ရောဂါကုစားခြင်းတွေမှာ အသုံးချကြတာပါမျိုးတွေပေါ့။
  • တခြားတစ်ဖက်တွင်မူ

    ဒါပေမယ့် တစ်ဖက်မှာလည်း ဆေးခြောက်ဟာ ကျန်းမာရေးကိုထိခိုက်စေတဲ့ မူးယစ်ဆေးဝါးလို့ စွပ်စွဲမှုတွေကလည်း ရှိနေဆဲပါပဲ။

    ဆေးခြောက်ရွက်ထဲမှာပါဝင်တဲ့ Tetrahydrocannabinol (THC) ဟာ အဓိကအားဖြင့် စိတ်ကိုတက်ကြွစေတဲ့ ဒြပ်ပေါင်းတစ်ခုဖြစ်ပါတယ်။ ဒီဒြပ်ပေါင်းဟာ မူးယစ်ရှိန်ကြောင့် စိတ်ကို အထွတ်အထိပ်ရောက်သွားစေတဲ့ အာနိသင်အပြင် လူကိုအသက် အန္တရာယ်ပြုနိုင်တဲ့ အကျိုးသက်ရောက်မှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။

    THC ဟာ ကင်ဆာဖြစ်ပေါ်စေတဲ့ အကျိတ်တွေကို ကြီးထွားနှုန်းမြန်ဆန်အောင် တွန်းအားပေးကြောင်း အမေရိကန် ကင်ဆာ သုတေသနအသင်း (American Association for Cancer Research – AACR) က ဆိုထားပါတယ်။

    ဒါ့အပြင် ဆေးခြောက်ကို ရေရှည်စွဲပြီး အသုံးပြုမယ်ဆိုရင် အဆုတ်ပျက်စီးတာ၊ နှလုံးရောဂါ၊ ဦးနှောက်နဲ့သက်ဆိုင်တဲ့ရောဂါတွေ၊ နာတာရှည်နာကျင်မှုဝေဒနာတွေ၊ အဆိပ်သင့်မှု၊ စွဲလမ်းမှုနဲ့ စိတ်ပိုင်းဆိုင်ရာဝေဒနာတွေကိုလည်း ခံစားရနိုင်တယ်လို့ အမေရိကန် CDC ကလည်း သတိပေးထားပါတယ်။

    ကမ္ဘာပေါ်က တိုင်းပြည်တချို့မှာ မာရီဂွားနားကို အသုံးပြုခွင့်ပြုနေပြီဆိုတာမှန်ပေမယ့် THC ကို ထိန်းချုပ်ကန့်သတ်ထားပြီး အဓိကအားဖြင့် ဆေးဝါးအဖြစ်သာ အသုံးပြုခွင့်ပြုနေတာဖြစ်ပါတယ်။

    ခုချိန်အထိ ဆေးခြောက်ဟာ စွဲလမ်းစေတတ်တဲ့ မူးယစ်ဆေးဝါး ဟုတ်မဟုတ်၊ လူ့ခန္ဓာကိုယ်ကို ထိခိုက်နိုင်ခြင်းရှိမရှိ၊ လူတွေ လွတ်လွတ်လပ်လပ် အသုံးပြုခွင့် ပြုဖို့ သင့်မသင့် စတာတွေကို ငြင်းခုန်နေကြဆဲအရာတွေ ဖြစ်ပါတယ်။

    ဆေးခြောက်ကို မူးယစ်ဆေးအနေနဲ့ပဲမြင်မြင် ဆေးဝါးဓာတ်စာအနေနဲ့ပဲ အသုံးပြုပြု ၎င်းအရာဟာ လက်ခံမှု၊ လက်မခံမှုတွေကြားက အငြင်းပွားဖွယ်ရာ ပစ္စည်းတစ်ခုအနေနဲ့ ဆက်လက်ရှိနေဆဲဖြစ်ပြီး ကျန်းမာရေးဆိုင်ရာ သက်သေပြချက်တွေဟာလည်း အများအပြားထွက်ပေါ်နေဆဲဖြစ်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Ye Zon Aung မှ ရေးသားသည်။ · 25/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement