backup og meta

G6PD ရောဂါရှိတဲ့ ကလေးတစ်ယောက်ကို ဘယ်လိုပြုစုမလဲ ။ ။

G6PD ရောဂါရှိတဲ့ ကလေးတစ်ယောက်ကို ဘယ်လိုပြုစုမလဲ ။ ။

ကလေးတစ်ယောက်မှာ G6PD ဆိုတဲ့ ရောဂါတစ်ခုရှိပြီဆို ကလေးမိဘတွေ အနေနဲ့ သိထားသင့်တဲ့ အရာတွေ အများကြီးရှိပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ဒီ ပြဿနာရှိတဲ့သူတွေဟာ ဒီအတိုင်းနေရင် လူကောင်းအတိုင်းဆိုပေမယ့် သူနဲ့ မတည့်တာတွေ စားမိ၊ သောက်မိ၊ ထိမိလို့တော့ ကျန်းမာရေးကို တော်တော်ကြီး ဒုက္ခပေးနိုင်တဲ့ ရောဂါတစ်ခုပါ။ ဒီတော့ G6PD ရှိနေတဲ့ ကိုယ့်ကလေးကို အခြား ကလေးတွေထက်ပိုပြီး ဂရုစိုက်ဖို့ မေမေတို့ တာဝန်ရှိလာပါပြီ ။ ။

G6PD အင်ဇိုင်း ချို့တဲ့ခြင်းဆိုတာ ဘာလဲ။

G6PD ဆိုတာ Glucose 6 Phosphate Dehydrogenase ဆိုတဲ့ အင်ဇိုင်းကို အတိုကောက်ခေါ်တာဖြစ်ပြီး ဒီအင်ဇိုင်းက သွေးထဲမှာရှိတဲ့ သွေးနီဥတွေ ကောင်းကောင်းအလုပ်လုပ်နိုင်အောင် ကူညီပေးပါတယ်။ ဒီလို G6PD ချို့တဲ့တဲ့ရောဂါက ရှားပါးတဲ့ရောဂါတစ်ခုမဟုတ်ပါဘူး။ ကမ္ဘာပေါ်မှာ G6PD အင်ဇိုင်းချို့တဲ့မှုကို ခံစားနေရတဲ့ လူပေါင်း သန်း ၄၀၀ ခန့်တောင်ရှိပြီး မြန်မာနိုင်ငံမှာလည်း အများအပြားရှိပါတယ်။

G6PD က ဘယ်လောက်အရေးပါလဲ။

ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ကောင်းကောင်း အလုပ်လုပ်နိုင်ဖို့အတွက် လိုအပ်တဲ့ အောက်ဆီဂျင်ကို သွေးနီဥ လေးတွေက သယ်ဆောင်ပြီး ခန္ဓာကိုယ်အနှံ့ကို ပို့ပေးရပါတယ်။ ဒီလိုပို့ဆောင်ပေးတဲ့အလုပ်ကို ကောင်းကောင်းလုပ်နိုင်ဖို့ သွေးနီဥလေးတွေအတွက် G6PD အင်ဇိုင်း ရှိဖို့လိုအပ်ပါတယ်။ ဒါပေမယ့် G6PD အင်ဇိုင်းချို့တဲ့သွားတဲ့အခါ သွေးနီဥလေးတွေ ဖျက်ဆီးခံရပြီး အသစ်ပြန်မထုတ်နိုင်တာကြောင့် သွေးအားနည်းရောဂါတွေ ဖြစ်လာရတာပါ။

ဘယ်သူတွေမှာ အဖြစ်များလဲ ။ ။

မျိုးရိုးလိုက်တဲ့ ပြဿနာတစ်ခုဆိုတော့ မိဘမျိုးရိုးထဲမှာ ဒီလို G6PD ချို့တဲ့တဲ့ ပြဿနာရှိရင် ကလေးမှာလည်း ဖြစ်နိုင်ပါတယ်။ ဒီလိုမျိုးရိုးလိုက်တဲ့ ပြဿနာအတွက် တာဝန် အရှိဆုံး ကတော့ X ခရိုမိုဇုန်းပဲ ဖြစ်ပါတယ်။ အမျိုးသားတွေက ပိုအဖြစ်များပါတယ်။

အရင် ဆောင်းပါးတွေမှာ G6PD ချို့တဲ့ခြင်းကြောင့် ကျန်းမာရေးမှာ ဘယ်လိုလက္ခဏာတွေ ရှိတဲ့အကြောင်းပြောပြီးပြီဆိုတော့ ဒီဆောင်းပါးမှာ မတည့်တာတွေကို သတိထားရမယ့် G6PD ရောဂါရှင်တို့ မဖြစ်မနေသိထားရမယ့် အကြောင်းလေးတွေ ပြောပြပေးချင်ပါတယ် ။

G6PD ရောဂါရှိသူတစ်ယောက်ရဲ့ မိဘအနေနဲ့ ဒီအချက်တွေ သိထားသင့်ပါတယ်။

ကိုယ့်ကလေးနဲ့ မတည့်တဲ့ အောက်မှာ ပြောထားတဲ့ အရာတွေကို မိဘတွေ အထူးသတိထားပြီး သိထားရမှာဖြစ်ပါတယ်။

  • ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်ပိုးအချို့
  • အကိုက်အခဲပျောက်ဆေးနဲ့ ကိုယ်ပူကျဆေးအချို့ ( Aspirin, Paracetamol)
  • အချို့သော ပိုးသတ်ဆေးများ ( sulf နဲ့စတဲ့ sulphur ခေါ် ကန့်ဓါတ်ပါတဲ့ပိုးသတ်ဆေးများ… ဥပမာ septrin , streptomycin,Chloramphinicol, CS1, Quinolone အုပ်စုဝင်ဆေးများ ဥပမာ.. Ciprofloxaccin, Ofloxaccin, Norfloxaccin)
  • ငှက်ဖျားဆေးအချို့ ( Quinine, Quine အမည်ပါသောဆေးများ)
  • အချို့သော ကင်ဆာဆေးနှင့်အတက်ကျဆေးများ
  • တောင်ကြီးပဲ၊ ပဲကြီး၊ ပဲကြားခေါ် ပဲအကြီးများ၊ ပဲပိစပ် (ပဲပုပ်)
  • ပရုတ်လုံးနှင့်ပရုတ်ပါဝင်သော လူအသုံးအဆောင်ပစ္စည်းများ၊ ဆေးဝါးများ (ဥပမာ ခံတွင်းငုံဆေး၊ ချောင်းဆိုးပျောက်ဆေးအချို့၊ ပရုတ်ပါဝင်သော သကြားလုံး၊ အခန်းတွင်းသုံး၊ အိမ်သာတွင်းသုံးအနံ့ပျောက်အမွှေးခဲများ၊ ပရုတ်ပါဝင်သော သွားတိုက်ဆေး၊ ခေါင်းလျှော်ရည်များ) စတာတွေပဲ ဖြစ်ပါတယ်။
  • ကလေးက ပရုပ်လုံးနဲ့ မတည့်ဘူးဆိုမှတော့ ကလေးအင်္ကျီဗီဒိုထဲကို ပရုပ်လုံးတွေ ထည့်ထားတာမျိုးကလည်း မလုပ်သင့်တဲ့အရာတစ်ခုပါ။

ကိုယ့်ကလေးမှာ G6PD ပြဿနာရှိနေပြီဆိုတာနဲ့ ဆေးရုံတွေမှာ G6PD ရောဂါရှင်တွေ ရှောင်ရမယ့် ဆေးတွေ အစားအသောက် စာရင်းတွေ ရှိပါတယ်။ အဲဒါတွေကို တောင်းပြီး သေချာသိမ်းထားပါ။ နောက် နေထိုင်မကောင်းဖြစ်လို့ ဘယ်ဆေးခန်းပဲ သွားသွား ကိုယ့်ကလေးက G6PD ရှိနေကြောင်းနဲ့ ဒီဆေးတွေ နဲ့ မတည့်ဘူးဆိုတဲ့အကြောင်း ဆရာဝန်တွေကို သေချာပြောပြပါ။

ကလေးကို ဒီလိုပြုစုပါ ။ ။

G6PD အင်ဇိုင်းချို့တဲ့တဲ့ပြဿနာဟာ မွေးရာပါပြဿနာတစ်ခုဖြစ်တာကြောင့် အရှင်းကုသလို့ မပျောက်တဲ့ ရောဂါတစ်ခုပါ။ ဒါပေမယ့် ခုပြောပြမယ့် အချက်တွေကတော့ ရောဂါရဲ့ တုန့်ပြန်မှုတွေ နည်းသွားအောင်၊ သွေးအားနည်းတဲ့ ပြဿနာတွေ အပြင်းအထန်မဖြစ်ရအောင် ကာကွယ်ပေးမယ့်အချက်တွေပဲ ဖြစ်ပါတယ် ။

  • မတည့်တာတွေကို သေချာသိထားပြီး ကလေးနဲ့ လုံးဝပေးထိပါနဲ့။
  • တာရှည်ခံအောင်လုပ်ထားတဲ့ အစားအစာတွေ ဆိုးဆေးပါတဲ့အစားအစာတွေ လုံးဝမကျွေးပါနဲ့။
  • သရက်ရွက်အားကောင်းစေမယ့် အစားအစာတွေကျွေးပါ။ ခါးတဲ့အစားအသောက်တွေ၊ ဒိန်ချဉ်၊ အစိမ်းရောင်ရှိတဲ့အသီးအရွက်တွေ၊ နဲ့ ရွှေဖရုံသီးတွေကို ကျွေးပေးပါ။
  • အိပ်ရေးဝဝအိပ်ခိုင်းပါ။
  • ကလေးပျော်အောင်ထားပါ။ စိတ်ဖိစီးမှု များလာတဲ့အခါ ခုခံအားတွေ အားနည်းလာပြီး သွေးအားလည်းပိုနည်းလာတတ်တာကြောင့် ကလေးကို အတတ်နိုင်ဆုံးပျော်အောင်ထားပါ ။ ။

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://draxe.com/g6pd-deficiency/

Accessed Date 24.6.2019

https://kidshealth.org/en/parents/g6pd.html

Accessed Date 24.6.2019

https://www.verywellhealth.com/things-to-avoid-if-you-have-g6pd-deficiency-401319

Accessed Date 24.6.2019

ယခုပုံစံ

11/07/2022

Dr. Thin Yadanar @ Frances မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

သွေးအားနည်းရင် ဒါတွေစားပါ

G6PD နည်းပါးတဲ့ရောဂါ (G6PD deficiency) ဆိုတာ…..


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 11/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement