backup og meta

မေမေတွေ ဘာလို့ ကလေးကို ရေတိုက် ချင်ရတာလဲ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 15/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မေမေတွေ ဘာလို့ ကလေးကို ရေတိုက် ချင်ရတာလဲ။

    ခုထက်ထိ မေမေတွေမှာ ရှိတဲ့ ပြဿနာကတော့ ကလေးကို ရေတိုက်တာပါပဲ။ ဘယ်လောက်ပဲ ပညာတွေ ပေးနေပေမယ့်လည်း ကလေးကို ရေတိုက် နေတုန်းပါပဲ။ နောက်ပြီး တကယ်သိ တကယ်နားလည်တဲ့ မေမေတွေကျတော့လည်း မိဘဆွေမျိုးတွေကို မလွန်ဆန်နိုင်တာနဲ့ပဲ တိုက်ရပြန်ရော။ တစ်ခါ ကိုယ့်ကလေးကို အပ်ပြီး အလုပ်ထွက်လုပ်ပြန်တော့လည်း အလစ်မှာ ရေခိုးတိုက်ကြပြန်ရော။ ဆိုတော့ ဒီလောက် အကြိမ်ကြိမ်အခါခါ ပြောနေပါလျက်နဲ့ ဘာကြောင့် ဒီရေကိုချည်း အတင်းတိုက်ဖို့ ကြိုးစားနေကြတာလဲ။ သူတို့မှာ ဘာအခက်အခဲတွေ ရှိနေလို့လဲ။ ဆက်ကြည့်ရအောင်။

    မေမေတွေ ဘာလို့ ကလေးကို ရေတိုက် ချင်ရတာလဲ။

    (၁) “နင်တောင် ရေသောက်သေးတာ၊ ကလေး က ရေဆာမှာပေါ့။”

    မွေးစ ကလေးက ရေတွေ ဘာတွေ မသိပါဘူး။ ဒီအချိန်မှာ သူ့အတွက် အကောင်းဆုံးက မိခင်နို့ပါ။ ကလေးအတွက် လိုအပ်တဲ့ အာဟာရဓာတ် အားလုံးပါပါတယ်။ ကလေးအတွက် နှစ်ခုမရှိတဲ့ နတ်သုဒ္ဓါပါ။ မိခင်နို့မှာ ရေ ၈၀-၉၀ ရာခိုင်နှုန်း ပါပါတယ်။ ဒါကြောင့် ရေဆိုတာ မလိုတော့ပါဘူး။ မိခင်နို့မှာ ရေပါပေမယ့် ရေမှာတော့ ရေကလွဲပြီး ဘာအာဟာရမှ မပါပါဘူး။ နောက်ပြီး ရေသောက်လို့ ဗိုက်ပြည့်ပြီး နို့မသောက်နိုင်တော့ရင် အာဟာရချို့တဲ့ လာပါလိမ့်မယ်။

    (၂) ” ရာသီဥတုပူနေတာ ကလေးကို ရေမတိုက်ဘူးလား။”

    သင်ကော ရာသီဥတုပူရင် ထမင်းမစားဘဲ ရေပဲ သောက်နေလား။ သင်တောင် အာဟာရ လိုရင် ကလေးတွေက ပိုလိုပါတယ်။ WHOကတော့ ခပ်ပြတ်ပြတ်ပါပဲ။ ရာသီဥတုပူနေလည်း ရေမတိုက်ပါနဲ့။ မိခင်နို့ပဲ တိုက်ပါတဲ့။ မိခင်နို့မှာ ရေဓာတ်ပါပြီးသားမို့လို့ သူတစ်မျိုးတည်းနဲ့တင် လိုအပ်ပါတယ်။ ရာသီဥတုပူတယ်ဆိုရင် ကလေးကို အနှီးတွေ ကြပ်ထုတ်နေအောင် ပတ်မထားပါနဲ့။ စောင်တွေနဲ့ ထွေးမထားပါနဲ့။ လေဝင်လေထွက်ကောင်းပါစေ။

    (၃) ” ညည်းကိုတောင် ကျုပ်ရေတိုက်ပြီး မွေးလာတာပါအေ။ အပိုတွေ လုပ်မနေစမ်းပါနဲ့။”

    ကျုပ်တို့ကတော့ ကံကောင်းလို့ ဘာမှ မဖြစ်တာပါနော်။ ကိုယ့်ကလေးကရော ကံကောင်းနိုင်ပါ့မလား။ ဘာပဲဖြစ်ဖြစ် မဖြစ်တာအကောင်းဆုံးပါပဲ။ ရေတိုက်မိလို့ ရေဆိပ်သင့်ပြီး ဦးနှောက်ပျက်စီးသွားတဲ့ ကလေးတွေ၊ ဝမ်းခဏခဏလျှောတဲ့ကလေးတွေ၊ ရေပဲ တိုက်ပြီး နို့မဝင်လို့ အာဟာရချို့တဲ့တဲ့ ကလေးတွေ အများကြီးပါပဲ။

    (၄) “အသားဝါနေတာ ရေများများသောက် ရှူးများများ ပေါက်မှ အဝါပျောက်မှာပေါ့ဟဲ့။”

    ဒါကလည်း ခဏခဏကြုံရတဲ့ ပြဿနာပါပဲ။ မွေးစကလေး အသားဝါတာ အကြောင်းပြချက်တွေ အများကြီး ရှိပါတယ်။ သွေးအမျိုးအစား မတူလို့၊ အသည်းပြွန်ပိတ်လို့ အများကြီးပါပဲ။ တချို့က ဘာအကြောင်းမှ မရှိဘဲ ဝါတတ်ပါတယ်။ Physiological jaundice လို့ ခေါ်ပါတယ်။ အသားဝါရင် ကုရမယ့် ကုထုံးတွေ ရှိပါတယ်။ ဒါပေမယ့် ရေတိုက်တာတော့ မဟုတ်ပါဘူး။ ရေဓာတ်ကို လိုချင်ရင် မိခင်နို့ပဲ တိုက်ပါ။ သူ့မှာလည်း ရေပါပါတယ်။

    ကပ်သတ်ပြီး ပြောရင် Breast Milk Jaundice ဆိုတဲ့ မိခင်နို့မှာ ရှိတဲ့ ပရိုတင်းတစ်မျိုးက အသည်းကနေ အသားဝါဓာတ်ကို မချေဖျက်နိုင်အောင် တားဆီးထားတဲ့ အခြေအနေတစ်မျိုး ရှိပါတယ်။ နို့တိုက်ရင်း အသားဝါနေတာပါ။

    ဒီလို အခြေအနေမျိုးမှာတောင် ပညာရှင်တွေက အတိုင်းအတာတစ်ခုထိ မိခင်နို့ကို ဆက်တိုက်ဖို့ ညွှန်ကြားထားပါတယ်။ မဟုတ်ရင် ကလေး အာဟာရမရှိဘဲ ဆေးကုတဲ့ ဒဏ်ကို မခံနိုင်မှာ စိုးလို့ပါ။

    (၅) “ကျွန်မက ကလေးကို နို့တိုက်လို့ မရဘူးရှင့်။ နို့ဘူးပဲ ကူနေရတာ။ အဲ့တာလည်း ရေနဲ့ ဖျော်ရတာပဲလေ။”

    ဟုတ်ပါတယ်။ တချို့ မိခင်တွေက ရောဂါတစ်ခုကြောင့်ပဲ ဖြစ်ဖြစ်၊ ဆေးတွေ သောက်နေလို့ပဲ ဖြစ်ဖြစ် ကလေးကို နို့တိုက်လို့ မရပါဘူး။ နို့ဘူးကူရပါတယ်။ နို့ဘူးတိုက်မယ်လို့ စဥ်းစားထားတဲ့ မေမေတွေကို မှာချင်တာက တွေ့တဲ့ နို့မှုန့်ကို ဖျော်လို့ မရပါဘူး။

    ကော်ဖီဖျော်တဲ့ နို့မှုန့်တို့ ဘာတို့ တိုက်လို့ မရပါဘူး။ ကလေးအတွက် လိုအပ်တဲ့ အာဟာရတွေ အပြည့်ပါတဲ့ မိခင်နို့ အစားထိုး နို့မှုန့်ကိုပဲ တိုက်ရမှာပါ။ ဒါတောင် ဖျော်ရမယ့် အချိုးအဆကို သေချာ လိုက်နာဖို့ လိုပါတယ်။ ရေသန့်၊ နို့ဘူးသန့်ဖို့ လိုပါတယ်။ လက်သန့်သန့်နဲ့ ဖျော်ရပါမယ်။ တိုက်ရမယ့် အကြိမ်အရေအတွက် မှန်ဖို့ လိုပါတယ်။ အဲ့ဒီလောက်ထိ အရေးကြီးပါတယ်။

    (၆) “ကျွန်မက နို့မထွက်ဘူး။”

    အမေတော်တော်များများ ပြောနေကြစကားပါ။ နို့မထွက်လို့ နို့မတိုက်ရဘူးပေါ့လေ။ တခြား ဘာပြဿနာမှ မရှိရင် နို့က ကောင်းကောင်းထွက်ပါတယ်။ နို့ဆိုတာမျိုးက reflex အရ တိုက်လေ ထွက်လေပါ။ မထွက်လို့ ဆိုပြီး မတိုက်ဘဲထားရင် ပိုလို့တောင် မထွက်ပါဘူး။ အမြွှာမေမေတွေတောင် လုံလောက်အောင် တိုက်နိုင်သေးရင် ကိုယ်လည်း တိုက်နိုင်ပါတယ်။ ကြိုးစားပြီး တိုက်ကြည့်ပါ။

    မေမေတွေ ဘာလို့ ကလေးကို ရေတိုက် ချင်ရတာလဲ။

    ရေတိုက်မိရင် ဘာဖြစ်မလဲ။

    ကိုယ်တွေလည်း ငယ်ငယ်တုန်းက ရေသောက်ပြီး ကြီးလာတာပဲ။ ဘာမှမဖြစ်ပါဘူး ဆိုတဲ့ မေမေေများအတွက် သင်ကတော့ ကံကောင်းလို့ ဘာမှမဖြစ်ခဲ့တာပါ။ မွေးစကလေးကို ရေတိုက်ခြင်းရဲ့ ဆိုးကျိုးက ကြောက်စရာ ကောင်းပါတယ်။ ကိုယ့်ကလေးရော ကိုယ့်လိုပဲ ကံကောင်းပါ့မလား။ ဆိုးကျိုးတွေကို သိပြီးသွားရင် ကလေးကို စွန့်စားပြီး ရေတိုက် မလားဆိုတာ ဆုံးဖြတ်နိုင်ပါတယ်။ ဆိုးကျိုးတွေကတော့

    • ရေဆိပ်သင့်တာ

    Water Intoxicationလို့ ခေါ်ပါတယ်။ ကလေးရဲ့ ကျောက်ကပ်က မွေးစမှာ ကောင်းကောင်း အလုပ်မလုပ်နိုင်သေးပါဘူး။ ပုံမှန်ဆိုရင် ကျောက်ကပ်က ရေသောက် ရှူးပေါက်ပေမယ့် ခန္ဓာကိုယ်က လိုအပ်တဲ့ ဓာတ်ဆားတွေ အများကြီး မဆုံးရှုံးရအောင် ထိန်းညှိပေးပါတယ်။

    ကလေးမှာ ဒီစနစ် ကောင်းကောင်း အလုပ်မလုပ်သေးပါဘူး။ ဒါကြောင့် ရေသောက်ပြီး ရှူးပေါက်ရင် ဓာတ်ဆားတွေ အများကြီး ဆုံးရှုံးသွားပါတယ်။ ဒါကြောင့် တက်တာ၊ ဦးနှောက်ထိခိုက်တာတွေ ဖြစ်ပြီး အသက်ဆုံးရှုံး တတ်ပါတယ်။

    • ဝမ်းလျှောတာ

    ကလေးနဲ့ အစာအိမ်နဲ့ အူလမ်းကြောင်းက နုနယ်ပါတယ်။ လူကြီးတွေလို မဟုတ်ပါဘူး။ နည်းနည်းလေးမှ အတိမ်းအစောင်းမခံပါဘူး။ ဒါကြောင့် ကိုယ်တိုက်တဲ့ရေ မသန့်ရင်၊ ခွက်တွေ၊ ဇွန်းတွေ မသန့်ရင် ဝမ်းလျှောတတ်ပါတယ်။ ရေတိုက်တာကို မပြောပါနဲ့ဦး။ နို့ဘူးတိုက်လို့ ဖျော်နည်း မမှန်ရင်၊ နို့ဘူးမသန့်ရင်လည်း ဝမ်းလျှောတတ်ပါသေးတယ်။ ဒီလို ခဏခဏ ဝမ်းလျှောနေရင် ကလေး အာဟာရချို့တဲ့ပြီး ပိန်ချုံးလာမှာပါ။

    ရေမှာ ရေကလွဲပြီး ဘာအာဟာရ မပါပါဘူး။ မိခင်နို့မှာတော့ ရေဓာတ်အပြင် ကစီဓာတ်တွေ၊ အဆီဓာတ်တွေ၊ အသားဓာတ်တွေ၊ ခုခံအားဓာတ် (Antibodies) တွေ၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပါတဲ့ အတွက်  ကလေးအတွက် သဘာဝကပေးတဲ့ နတ်သုဒ္ဓါပါပဲ။ ကလေးရဲ့ အစာအိမ်က သေးသေးလေးပါ။ ဘယ်လောက်မှ မဆန့်ပါဘူး။ ဒါကို ရေပဲ တိုက်မယ်ဆိုရင် ဗိုက်ပြည့်သွားပြီး သူ့အတွက် လိုအပ်တဲ့ အာဟာရပေးနိုင်မယ့် မိခင်နို့ကို စို့နိုင်မှာ မဟုတ်ပါဘူး။ တဖြည်းဖြည်းနဲ့ အာဟာရ ချို့တဲ့ လာမှာပါ။

    • ရောဂါပိုးဝင်လွယ်တာ

    ကလေးက မွေးစမှာ ရောဂါပိုးဒဏ်ကို ကာကွယ်ဖို့ ခုခံအားဓာတ်တွေ မရှိသေးပါဘူး။ မေမေဆီကပဲ ရတာပါ။ ဘယ်လိုရသလဲဆို မိခင်နို့ကပါ။ အမေနို့မတိုက်လို့ ခုခံအားဓာတ်မရရင် ကလေးက ခဏခဏ နေမကောင်းဖြစ်နေမှာပါ။

    ဒါကြောင့် ပြန်ချုပ်ရရင် ကလေးအတွက် မိခင်နို့သာ အကောင်းဆုံးပါ။ ဖြစ်နိုင်ရင် အသက်၆လအထိ မိခင်နို့ကလွဲပြီး ဘာမှ မတိုက်ပါနဲ့။ တတ်ကျွမ်းသူတွေ ပြောစကားကို လိုက်နာပါ။ ဘေးစကားတွေကို နားမယောင်ပါနဲ့။ တစ်ခုခုဆို ဒုက္ခရောက်မှာ ကိုယ့်ကလေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 15/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement