ဘေဘီလေးတွေ နဲ့ခရီးသွားတာက စွန့်စားခန်းကြီးတစ်ခုနော်။ ခရီးသွားတဲ့အခါ ခရီးတိုပဲသွာသွား ရက်ရှည်ခရီးပဲထွက်ထွက် အိတ်ထဲမှာ အရင်ဆုံးမပါမဖြစ်ထည့်မိတာက ကလေးအတွက်လိုအပ်မယ့် ပစ္စည်းတွေပါ။ ပျော်ချင်လို့ ခရီးသွားပါတယ်ဆိုမှာဘေဘီလေးမှာနေထိုင်မကောင်းတာတွေဖြစ်မယ်၊ အရေပြားပြဿနာတွေဖြစ်မယ်ဆိုရင် ခရီးစဉ်ကပျော်စရာမကောင်းတော့ဘဲဖြစ်သွားနိုင်ပါတယ်။
ဒါကြောင့် နွေရာသီမှာ အပန်းပြေစေဖို့ ကမ်းခြေခရီးသွားရင် စိတ်ဖိစီးမှုကင်းကင်းနဲ့ ပျော်ရွှင်စရာ ကမ်းခြေခရီးစဉ်ဖြစ်စေဖို့ဘေဘီလေးအတွက်ဘာတွေယူသွားဖို့လိုမလဲဆိုတာကိုပြောပြပေးမယ်နော်။
ဘေဘီလေးနဲ့ ကမ်းခြေခရီးစဉ်အတွက်လိုအပ်မှာတွေက
ကလေးနဲ့ ခရီးသွားတော့မယ်ဆိုရင် ပုံမှန်ထည့်သွားနေကျ ပစ္စည်းတွေအတိုင်းယူသွားဖို့ဆိုတာမဖြစ်နိုင်ပါဘူး။ ဘေဘီအတွက် လိုအပ်သမျှတွေပါမှဖြစ်မှာပါ။ ဒီတော့ဘေဘီလေးနဲ့ ကမ်းခြေခရီးသွားတော့မယ်ဆိုရင် –
ကလေးသုတ်တဘက် – ကမ်းခြေသွားမယ်ဆိုတော့ ရေစိုမှာကတော့ အသေအချာပဲလေ။ ဒီတော့ရေသုတ်ဖို့ တဘက်ကို မဖြစ်မနေယူသွားဖို့လိုမှာပေါ့။ ကလေးအသားအရေက နူးညံ့ထိခိုက်လွယ်တာကြောင့် တွေ့ကရာတဘက်နဲ့ မသုတ်ဖို့ပြောပါရစေ။
UV ကာကွယ်ပေးတဲ့ ထီးယူသွားပေးပါ – ကမ်းခြေသွားတဲ့အခါ မဖြစ်မနေနေရောင်ကတော့ထိမှာပဲလေ။ နေရောင်ခြည်ကြောင့်ဘေဘီလေးရဲ့ အသားအရေကို မပျက်စီးစေချင်ဘူးဆိုရင်တော့ UV ကာကွယ်ပေးတဲ့ထီးလေးကို ယူသွားမှဖြစ်မှာပါ။ ကိုယ်တိုင်အတွက်မလိုရင်တောင်မှ ဘေဘီအတွက်တော့ယူသွားလိုက်ပါ။
စောင်ပါးပါးလေးတစ်ထည် – ကလေးကိုခရီးသွားတဲ့အခါ အင်္ကျီထူထူထဲထဲတွေ ဝတ်ပေးသွားတာက သက်သောင့်သက်သာမရှိတာကြောင့် ချည်သားလက်ရှည်ဘောင်းဘီရှည်လေးတွေ ဝတ်ဆင်ပေးပြီးစောင်ပါးပါးလေးတစ်ထည် လိုရမယ်ရဆောင်သွားပေးလိုက်ပါ။
နေလောင်ကာခရင်မ် – ကမ်းခြေသွားတဲ့အခါ နေရောင်ခြည်ကြောင့် ကလေးအရေပြားထိခိုက်တာမျိုးမဖြစ်စေဖို့အတွက်နေလောင်ကာခရင်မ်လေးဆောင်သွားပါ။ ကလေးသုံးဖြစ်ရင်တော့ အဆင်အပြေဆုံးပေါ့။
နို့ဘူး၊ ချိုလိမ် – ကလေးသောက်နေကျ နို့ဘူးလေးတွေ ချိုလိမ်အပိုလေးတွေကို ထည့်သွားဖို့လည်း မမေ့ပါနဲ့။ သောက်နေကျနို့မှုန့်ဘူးနဲ့ အခြားဖြည့်စွက်စာဘူးလေးတွေကိုပါ ယူသွားပေးဖို့လိုပါမယ်။
အရေးပေါ်ဆေးသေတ္တာ – မတော်တဆထိခိုက်မှုမျိုးဆိုတာက ကြိုတင်တွက်ဆထားလို့မရတာကြောင့် ထိခိုက်ရှနာဖြစ်တဲ့အခါ ပြုစုစောင့်ရှောက်မှုပေးနိုင်မယ့် အရေးပေါ်ဆေးသေတ္တာကို ယူသွားပေးတာ အကောင်းဆုံးဖြစ်မှာပါ။
ရေထဲမှာပေါ်နေနိုင်တဲ့ ဝတ်စုံမျိုး – ကလေးကို ကမ်းခြေခေါ်သွားတဲ့အခါရေထဲမှာပေါ်နေနိုင်တဲ့ ဝတ်စုံမျိုးတစ်စုံတော့ မဖြစ်မနေယူသွားဖို့လိုပါမယ်။ လက်မောင်းမှာပတ်လို့ရတဲ့ ရေမြှုပ်ဝတ်စုံလေးတွေကိုထည့်သွားပေးပါနော်။
အဆာပြေစားစရာလေးတွေ – ကလေးက အစားအသောက်တွေကို စားနိုင်တဲ့အရွယ်ရောက်နေပြီဆိုရင် ကလေးကြိုက်နှစ်သက်တဲ့ အဆာပြေစားစရာလေးတွေကိုပါ ယူသွားပေးပါ။ ကလေးဆာတဲ့အခါ အလွယ်တကူကျွေးမွေးနိုင်စေဖို့ပါ။
နှစ်သက်တဲ့အရုပ်လေးတွေ – အများကြီးတော့မဟုတ်ပါဘူး။ သူတို့ဆော့နေကျအရုပ်တွေထဲက တစ်ရုပ်နှစ်ရုပ်လောက်ပါ။ ကလေးကငိုနေရင်ဖြစ်ဖြစ် ပျင်းနေရင်ဖြစ်ဖြစ်ဆော့တာမျိုးလုပ်နိုင်စေဖို့ပါ။
ရေဘူး -ရေဘူးကတော့ ကလေးရောလူကြီးအတွက်ပါလိုအပ်မယ့်အရာတစ်ခုပါ။ နေအပူရှိန်ကြောင့်ဆုံးရှုံးသွားတဲ့ ရေဓာတ်ကိုပြန်လည်ဖြည့်တင်းဖို့အတွက် သွားလေရာ ရေဘူးလေးတစ်ဘူးလောက်တော့ဆောင်သွားပေးပါ။
Baby Oil ဒါမှမဟုတ် Baby Lotion – ကလေးအသားအရေကို ထိန်းသိမ်းဖို့အတွက် မရှိမဖြစ်လိုအပ်တာလေးတစ်ခုက Baby Oil ဒါမှမဟုတ် Baby Lotion ကိုအသုံးပြုတာက အဆင်ပြေပါလိမ့်မယ်။ ဒါကြောင့် ကလေးသုံး Baby Lotion ဒါမှမဟုတ် Baby Oilလေးတစ်ခုခုဆောင်သွားလိုက်ပါ။ ရေကစားပြီးချိန်တိုင်းနဲ့ရေချိုးပြီးချိန်တိုင်း လူးပေးပြီး နူးညံ့တဲ့ဘေဘီလေးရဲ့ အသားအရေကိုထိန်းသိမ်းလိုက်ပါ။
[embed-health-tool-baby-poop-tool]