backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

ဘေဘီလေးရဲ့ချက်ကို ဘယ်လိုသန့်စင်ပေးမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 12/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ဘေဘီလေးရဲ့ချက်ကို ဘယ်လိုသန့်စင်ပေးမလဲ

ဘေဘီလေး တစ်ယောက် မွေးဖွားလာရင် သေးသေးကွေးကွေးလေးတွေကို ဘယ်လောက်ပဲ အသည်းယားတယ်ပြောပြော ကိုယ်တိုင် ကိုးလလွယ် ဆယ်လဖွားထားတဲ့အတွက် ပြုစုစောင့်ရှောက်ပေးမှုကို ကိုယ်တိုင်ပဲလုပ်မိဖို့ကများပါတယ်။ ဖွားဖွားတွေရှိတယ်ဆိုရင်တောင် အနည်းဆုံးတော့ ကိုယ်ကဘေးကနေ အမြဲလိုကူညီပေးနေရမှာ အသေအချာပါ။ ဒီလိုလုပ်ဆောင်ပေးရတဲ့အထဲမှာ ဘေဘီပိစိလေးရဲ့ ချက်ကြိုးနဲ့ ချက် ကို သန့်ရှင်းပေးရတာကလည်း မပါမဖြစ်ပါပဲ။ ဒီတစ်ခေါက်တော့ မေမေတို့အတွက် အသုံးတည့်စေမယ့် ဘေဘီလေးရဲ့ချက်ကို ဘယ်လိုသန့်စင်ပေးရမလဲဆိုတာလေးနဲ့ ပတ်သက်ပြီး ပြောပြမယ်နော်။

ချက်ကြိုးနဲ့ ချက်ကို နေ့တိုင်းသန့်စင်ဖို့လိုမလား……………..

အရင်တုန်းကတော့ ကျွမ်းကျင်သူတွေက ကလေးကို သေးခံလဲပေးတဲ့အခါတိုင်း ချက်ကြိုးနဲ့ ချက်နေရာကို ဂွမ်းစလေးမှာ အရက်ပြန်ဆွတ်ပြီး သန့်စင်ပေးပါ။ပြီးရင် ခြောက်သွေ့အောင်သုတ်ပါလို့ပြောခဲ့ဖူးကြပါတယ်။ တကယ်တော့သေးခံလဲတိုင်းလုပ်စရာမလိုပါဘူး။ တစ်နေ့ကို နှစ်ကြိမ်လောက် သန့်စင်ပေးရင်ကို လုံလောက်ပါပြီ။ ဘေဘီလေးရဲ့သေး ဒါမှမဟုတ်ရေစိုသွားတဲ့အခါမှာတော့ ချက်ကြိုးကိုသေချာလေး သုတ်ပေးဖို့လိုပါမယ်။

ဘေဘီလေးရဲ့ချက်ကို ဘယ်လိုသန့်စင်မလဲ……….

ဘေဘီလေးရဲ့ ချက်ကို သန့်စင်ပေးတော့မယ်ဆိုရင် ဒီအချက်တွေအတိုင်းလိုက်လုပ်ကြည့်ဖို့လိုပါမယ်။

လိုအပ်တာတွေကိုပြင်ဆင်ပါ

ဘေဘီလေးကို ချက်မသန့်စင်ပေးခင်မှာ လိုအပ်မယ့် ပစ္စည်းတွေကို တစ်စုတစည်းထဲယူထားပေးပါ။ ကလေးငယ်သေးတဲ့အချိန်မှာ ကလေးကို တစ်ယောက်တည်းထားခဲ့ပြီး သွားတာမျိုးမလုပ်ပါနဲ့။

လက်ဆေးပါ

နုနယ်သေးတဲ့ဘေဘီလေးကို ပိုးဝင်ကူးစက်တာမျိုးမဖြစ်စေဖို့အတွက် ချက်ကြိုးကို မသန့်စင်ပေးခင်မှာ လက်ကိုသေချာသန့်စင်အောင်ဆေးကြောပေးဖို့လိုပါမယ်။ရေအလွယ်တကူမရှိခဲ့ဘူးဆိုရင်ရေမလိုလက်သန့်ဆေးရည်ကို သုံးပေးလို့ရပါတယ်။

ချက်ကို စစ်ဆေးပါ

ဘေဘီလေးရဲ့ ချက်မှာ အရည်တစ်ခုခုထွက်နေတာ၊ ပြည်ရှိနေတာ၊ အနံ့ရှိနေတာ၊ သွေးထွက်နေတာမျိုးရှိလားဆိုတာကို စစ်ဆေးပါ။ ဒါတွေအပြင်ချက်တဝိုက်မှာ နီမြန်းနေလား၊ ရောင်ရမ်းနေလား၊ ကလေးက အဖျားရှိနေလား၊ အစားမစားဘဲဖြစ်နေလား၊ တအီအီနဲ့ ဂျီကျနေလားဆိုတာတွေကိုပါ စစ်ဆေးဖို့လိုပါမယ်။

ဂွမ်းစသန့်သန့်လေးနဲ့ သန့်စင်ပေးပါ

ခွက်သန့်သန့်လေးထဲမှာ ရေနွေးနွေးလေးထည့်ပေးပါ။ ပြီးရင် ဂွမ်းစသန့်သန့်လေးကို နှစ်လို့ရေပြန်ညှစ်လိုက်ပါ။ ပြီးရင်တော့ ချက်တဝိုက်ကို ခပ်ဖွဖွလေးတို့သုတ်ပြီး သန့်စင်ပေးပါ။ ချက်ကြိုးက သူ့အလိုလို မကြွေမချင်းနေ့တိုင်းလုပ်ပေးဖို့လိုပါမယ်။ အရင်က ကလေးရဲ့ ချက်ကြိုးနဲ့ ချက်ကို သန့်စင်ဖို့ အရက်ပြန်ကို သုံးခဲ့ကြပေမယ့် အခုနောက်ပိုင်းမှာတော့ ချက်ကြိုးကို ရေနွေးနွေးလေးနဲ့ သန့်စင်ခိုင်းကြပါတော့တယ်။

ရေခြောက်အောင် သုတ်ပေးပါ

ဘေဘီလေးရဲ့ ချက်ကြိုးနဲ့ချက်ကို သန့်စင်ပေးပြီးပြီဆိုရင်တော့ ချက်ကြိုးမှာ ပြည်တည်တာမျိုး၊ အနာဖြစ်တာမျိုးမဖြစ်စေဖို့ ဂွမ်းစသန့်သန့်လေးနဲ့ တို့တို့ပြီးရေခြောက်အောင်သုတ်ပေးပါ။ ရေချိုးပေးပြီးတိုင်းမှာလည်း ချက်ကြိုးလေးကို ရေခြောက်အောင်သုတ်ပေးဖို့ မမေ့ပါနဲ့။ ဘေဘီလေးကို ရေချိုးပေးတဲ့အခါမှာလည်းရေမြှုပ်မှာ ရေစွတ်ပြီးချိုးတာက အဆင်ပြေဆုံးပါ။

ပေါင်ဒါlotion တို့မသုံးပါနဲ့

ဒါတွေကမလိုအပ်ပါဘူး။ ကလေးရဲ့ချက်ကြိုးနဲ့ ချက်နေရာကို body lotion လူးပေးတာမျိုး၊ ပေါင်ဒါလူးပေးတာမျိုး၊ baby oil လူးပေးတာမျိုးမလုပ်ပါနဲ့။ မလိုအပ်ဘဲ ကလေးရဲ့ ချက်ကြိုးနဲ့ချက်မှာ ပိုးဝင်ကူးစက်တာမျိုးဖြစ်နိုင်တာကြောင့်ပါ။

သဘာဝအတိုင်း ချက်ကြွေအောင် ထားပေးပါ

ချက်ကြိုးလေးက အချိန်တန်ရင် သူ့အလိုလိုခြောက်ပြီး ကြွေသွားပါလိမ့်မယ်။ ဒါ့ကြောင့် ချက်ကြိုးကို လက်နဲ့ခြွေတာမျိုးမလုပ်မိပါစေနဲ့။

ချက်ကြိုးမှာပိုးဝင်နေလား…….

ချက်ကြိုးမှာ ပိုးဝင်ကူးစက်ခံရမယ်ဆိုရင်

  • ချက်ကြိုး အရင်းနေရာလေးနားက နီရဲနေမယ်၊ရောင်ရမ်းနေမယ်
  • သွေးထွက်မယ်
  • ပြည်လိုမျိုး အဝါရောင်အရည်တွေထွက်မယ်
  • အနံ့ဆိုးတဲ့ အရည်တွေထွက်မယ်
  • ကလေးကိုကြည့်ရတာ နာနေသလိုဖြစ်နေမယ်။

ဒီလို အခြေအနေမျိုးတွေ ဖြစ်လာမယ်ဆိုရင် ဆရာဝန်နဲ့ ချက်ချင်း ပြသဖို့ လိုပါမယ်။ ဒီအခြေအနေက အချိန်ကြာမြင့်စွာ ထားမိမယ်ဆိုရင်ဘေဘီလေးရဲ့ အသက်အန္တရာယ်ကို ထိခိုက်စေနိုင်တာကြောင့်ပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 12/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement