ဘေဘီလေးတွေကို ပုံပြင် ပြောပြပါ။

    ဘေဘီလေးတွေကို ပုံပြင် ပြောပြပါ။

    ဟိုးရှေးရှေးတုန်းကဆိုပြီး အစချီတဲ့ ပုံပြင် တွေကို မငြီးငွေ့တမ်း နားထောင်တတ်ကြသူတွေက ဘေဘီလေးတွေပါ။ စကား မပီကလာ ပီကလာ ပြောတတ်တဲ့အချိန်မှာ အိပ်ရာဝင်ခါနီး ဘွားဘွား ပုံပြောပြ၊ တီတီ ပုံပြောပြ၊ မေမေ ပုံပြောပြဆိုပြီး ပြောတတ်ကြတဲ့အကျင့် ဘေဘီလေး အများစုမှာ ရှိပါတယ်။

    တစ်ခါတလေ သူကပဲ အရေးတကြီး ပြောစရာရှိသလို စကားပြောကြမယ်လေလို့ပြောရင်း နေရာတောင် သေချာရွေးပြီး ဘွားဘွား လာထိုင်၊ တီတီ လာထိုင်ဆိုပြီး ပုံပြောပြလို့ ရုပ်တည်ကြီးနဲ့ ပြောတတ်တဲ့ ဘေဘီလေးတွေတောင် ရှိပါတယ်။ ဒီလိုမျိုး ဘေဘီလေးက ပုံပြောပြဖို့ ပြောလာတဲ့အခါ ပုံပြင်ကောင်းကောင်းလေးကို အသံနေ အသံထား မှန်မှန်လေး ဟန်ပန် ပြည့်ပြည့်လေးနဲ့ ပြောပြပေးဖို့ အကြံပြုပါရစေ။

    ဘာကြောင့် ဒီလိုပြောရတာလဲဆိုတာကို သိချင်တယ်ဆိုရင်တော့ ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါနော်။

    ဘေဘီလေးတွေကို ပုံပြင် ပြောပြပါ။ ဘာကြောင့်လဲဆိုတော့ ……..

    ဘေဘီလေးတွေကို ပုံပြင် ပြောပြတဲ့အခါ

    ဘေဘီလေးကို လူတော်လူကောင်းလေးတွေ ဖြစ်စေတယ်။

    ပုံပြင်တွေက ဘေဘီလေးတွေရဲ့ ဘဝခံယူချက်ပေါ်မှာ အများကြီး သက်ရောက်မှု ရှိနေပါတယ်။ ပုံပြင်ထဲက ဇာတ်ကောင်လေးက ကြင်နာသနားတတ်မယ်ဆိုရင် ဘေဘီလေးကလည်း ကြင်နာသနားတတ်တဲ့ အလေ့အထလေးကို မွေးမြူပြီးဖြစ်မှာပါ။ ရိုးသားမှု၊ မှန်ကန်ဖြောင့်မတ်မှု၊ ကျေးဇူးသိတတ်မှုတွေကိုလည်း ဘေဘီလေးက သင်ယူပြီးဖြစ်မှာပါ။

    နားထောင်မှု စွမ်းရည် တိုးတက်စေတယ်။

    ပုံပြင်က နားထောင်ရတာ ဖြစ်တာကြောင့် ဘေဘီလေးရဲ့ နားထောင်မှု စွမ်းရည်ကို တိုးတက်စေနိုင်ပါတယ်။ ဘေဘီလေးကို ပုံပြင်ပြောတဲ့အခါ အသံနေ အသံထား မှန်မှန်လေးနဲ့ သေချာပြောဖို့တော့ လိုပါမယ်။ နားထောင်ကောင်းအောင် ပြောတာက ဘေဘီလေးရဲ့ နားထောင်မှု စွမ်းရည်ကို တိုးစေနိုင်ပါတယ်။

    စိတ်ကူးနိုင်စွမ်း ကောင်းစေတယ်။

    ဘေဘီလေးတွေက ပုံပြင် နားထောင်တဲ့အခါ ဇာတ်ကောင်လေးတွေကို သူတို့ စိတ်ကူးလေးနဲ့ ပုံဖော်ကြပါတယ်။ ဒီလို ပုံဖော်တာက ကလေးရဲ့ စိတ်ကူးနိုင်စွမ်းကို ကောင်းမွန်စေဖို့ အထိရောက်ဆုံး အားဖြည့်ပေးနိုင်ပါတယ်။ ကလေးရဲ့ ဖန်တီးနိုင်စွမ်းကိုလည်း တိုးတက် ကောင်းမွန်စေနိုင်ပါတယ်။

    ဓလေ့ထုံးတမ်းတွေကို နားလည်စေနိုင်တယ်

    ရိုးရာ ပုံပြင်တွေကို နားထောင်တာက ဘေဘီလေးတွေကို ဓလေ့ထုံးစံတွေကို နားလည်စေဖို့ အထိရောက်ဆုံး ထောက်ကူပေးနိုင်မှာပါ။ ဒါကြောင့် ဘေဘီလေးတွေကို ဓလေ့ထုံးစံတွေကို နားလည်စေချင်တယ်ဆိုရင် ပုံပြင်ပြောပြပေးပါ။

    လူမှုဆက်ဆံရေး ကောင်းမွန်စေတယ်

    ပုံပြင်ပြောတဲ့အခါ ကိုယ်ကပြောပြလိုက် ဘေဘီလေးက မေးခွန်း ထုတ်လိုက် လုပ်ရင်းက အပြန်အလှန် ဆွေးနွေးဖြစ်သွားပါမယ်။ ဒီလိုကနေ အကျင့်ရပြီး ဘေဘီလေးရဲ့ လူမှုဆက်ဆံရေးက ကောင်းမွန်လာပါလိမ့်မယ်။ ဘေဘီလေးကို လူမှုဆက်ဆံရေး ကောင်းစေဖို့ဆိုရင် ဘေဘီလေးက မေးခွန်းထုတ်တဲ့အခါ စိတ်ရှည်လက်ရှည်နဲ့ ပြန်ဖြေပေးဖို့ မမေ့ပါနဲ့။

    မှတ်ဉာဏ်ကောင်းစေနိုင်တယ်

    ပုံပြင် နားထောင်တာက ဘေဘီလေးရဲ့ မှတ်ဉာဏ်ကို ထက်မြက်စေဖို့ အကောင်းဆုံး အားဖြည့်ပေးနိုင်ပါတယ်။ အကြောင်းအရာ အသေးစိတ်ကို လိုက်မှတ်သားတတ်တဲ့ အလေ့အထလည်း ရရှိသွားမှာပါ။ ဒီလိုကနေ ဘေဘီလေးကို မှတ်သားတတ်တဲ့ အလေ့အထ ရရှိစေပြီး မှတ်ဉာဏ်ကောင်းလာစေဖို့ ထောက်ကူပေးနိုင်မှာပါ။

    သင်ယူမှု လွယ်ကူစေတယ်

    ပုံပြင် နားထောင်တတ်တဲ့ အလေ့အထက ဘေဘီလေးကို သင်ယူနိုင်စွမ်းတိုးစေဖို့ လုပ်ဆောင်ပေးပြီး သင်ယူလေ့လာမှုကို လွယ်ကူစေဖို့ ထောက်ကူပေးပါတယ်။ ဘေဘီလေးကို နားစိုက်ထောင်တတ်တဲ့ အကျင့်ရစေပြီး အာရုံစူးစိုက်မှုလည်း ကောင်းစေပါတယ်။

    ဝေါဟာရ ကြွယ်စေမယ်

    ပုံပြင်ပြောပြတာက ဘေဘီလေးကို စကားလုံးသစ်တွေကို သင်ယူခွင့် ရရှိစေတာပါ။ စကားလုံးတွေရဲ့ အဓိပ္ပါယ်ကို နားလည်စေနိုင်ပြီး ဘေဘီလေးကို ဝေါဟာရကြွယ်စေဖို့ အကောင်းဆုံး ထောက်ကူပေးနိုင်မှာပါ။

    စိတ်ဖိစီးမှု ပြေလျော့စေတယ်

    ပုံပြင်တွေက ဘေဘီလေးကို အပျင်းပြေစေရုံတင် မဟုတ်ပါဘူး။ စိတ်ဖိစီးမှုတွေကို ပြေလျော့စေသလို စိုးရိမ်စိတ်တွေကိုလည်း လျော့ကျစေနိုင်ပါတယ်။ ပုံပြင်လေးတွေရဲ့ ပျော်စရာကောင်းတဲ့ ဇာတ်သိမ်းက ဘေဘီလေးတွေကို စိတ်ပျော်ရွှင်မှုပါ ရရှိစေနိုင်ပါတယ်။

    EQ ကောင်းစေတယ်

    EQ ကောင်းတဲ့သူတွေဟာ လုပ်ငန်းခွင်မှာ ပိုမို အောင်မြင်တတ်ကြပါတယ်။ ဘေဘီလေးကို ငယ်စဉ်ကတည်းက ပုံပြောပြတာက စိတ်ခံစားမှုကို အကောင်းဆုံး ထိန်းချုပ်နိုင်ပြီး EQ ကောင်းစေပါတယ်။

    ကဲ…….. ဘေဘီလေးကို လူရည်ချွန်လေးအဖြစ် ကြီးပြင်းလာစေချင်တယ်ဆိုရင်တော့ ပုံပြောပြဖို့ ပုံပြင် ကောင်းကောင်းလေးတွေကို ရှာဖတ် ထားလိုက်တော့နော်…………….

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 06/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement
    advertisement
    advertisement
    advertisement