backup og meta

ဆေးလိပ်ငွေ့ နဲ့ ဘေဘီလေးကျန်းမာရေး

ဆေးလိပ်ငွေ့ နဲ့ ဘေဘီလေးကျန်းမာရေး

ဘေဘီလေးတွေက နုနယ်လွန်းတဲ့အရွယ်ဆိုတာကို ပြောပြနေစရာမလိုအောင် လူတိုင်း သိထားပြီးဖြစ်မှာပါ။ နုနယ်တဲ့ဘေဘီလေးတွေက အထိအခိုက်ခံနိုင်စွမ်းကလည်း တော်တော်လေးနည်းကြပါတယ်။ ဒါကြောင့် ဘေဘီလေးကို ကျန်းမာပျော်ရွှင်စွာကြီးပြင်းစေချင်တယ်ဆိုရင် ကိုယ်ဝန်ဆောင်ထားချိန်မှာကတည်းက သတိထားရမယ့် အချက်လေးရှိပါတယ်။ ဒါကတော့ တဆင့်ခံဆေးလိပ်ငွေ့နဲ့ ထိတွေ့မှုမရှိအောင်နေတာပါပဲ။

တစ်ဆင့်ခံဆေးလိပ်ငွေ့ ဆိုတာဘာလဲ…..

စီးကရက်ကို မီးညှိထားတာကြောင့်ထွက်လာတဲ့ အငွေ့နဲ့ ဆေးလိပ်သောက်သူက ရှုထုတ်လိုက်တဲ့ အငွေ့တွေပေါင်းစပ်ပြီး တဆင့်ခံဆေးလိပ်ငွေ့ဖြစ်လာရပါတယ်။ တဆင့်ခံဆေးလိပ်ငွေ့မှာ ဓါတုပစ္စည်းအမျိုးပေါင်း ၇၀၀၀ ကျော်ပါဝင်နေပြီး ဒီဓါတုပစ္စည်းတွေထဲက ရာပေါင်းများစွာက အဆိပ်အတောက်ဖြစ်စေနိုင်ပြီး အမျိုးပေါင်း ၇၀ လောက်က ကင်ဆာ ဖြစ်စေနိုင်ပါတယ်။ ဒီအငွေ့တွေဟာ လေထုထဲမှာ ၄ နာရီလောက်ထိရှိနေနိုင်ပြီး စက္ကန့်တိုင်း မိနစ်တိုင်းမှာ ကျန်းမာရေးကို ဒုက္ခပေးနေပါတယ်။

ကလေးတွေက အရွယ်ရောက်ပြီးသူတွေထက်တဆင့်ခံဆေးလိပ်ငွေ့ဒဏ်ကို ပိုခံစားကြရပါတယ်။ အကြောင်းကတော့ ကလေးတွေက အရွယ်ရောက်ပြီးသူတွေထက် အသက်ရှုနှုန်း ပိုမြန်တာကြောင့် တဆင့်ခံဆေးလိပ်ငွေ့ကို ရှုသွင်းမိနှုန်းက အရွယ်ရောက်ပြီးသူတွေထက် ပိုများနေတာပါ။ အရွယ်ရောက်ပြီးသူတစ်ယောက်ဟာ ပျမ်းမျှအားဖြင့် တစ်မိနစ်မှာ ၁၄ ကြိမ်ကနေ ၁၈ ကြိမ်လောက်အထိပဲ အသက်ရှုကြတယ်ဆိုပေမယ့် မွေးကင်းစကလေးငယ်တွေ နဲ့ အသက် ၅ နှစ်အောက် ကလေးငယ်တွေက တစ်မိနစ်မှာ အကြိမ် ၆၀ လောက်အထိ အသက်ရှုကြပါတယ်။ ဒါကြောင့် ဖွံ့ဖြိုးဆဲ အဆုတ်ကလေးထဲကို တဆင့်ခံဆေးလိပ်ငွေ့တွေရောက်ရှိသွားနိုင်ခြေက ပုံမှန်ထက်ပိုများနေပါတယ်။

ဖွံ့ဖြိုးဆဲ ဘေဘီလေး နဲ့ တဆင့်ခံဆေးလိပ်ငွေ့

တဆင့်ခံဆေးလိပ်ငွေ့ ဘေဘီလေးကိုထိတွေ့မိမှမဟုတ်ပါဘူး။ မေမေ့ဗိုက်ထဲမှာ ရှိနေစဉ်ကတည်းက မေမေကထိတွေ့မိထားမယ်ဆိုရင် အခုလိုမျိုးတွေဖြစ်လာနိုင်ပါတယ်။
မေမေ့ဗိုက်ထဲမှာ နေစဉ်က တဆင့်ခံဆေးလိပ်ငွေ့ကို ထိတွေ့မိတဲ့အခါ
ကိုယ်ဝန်ဆောင်မိခင်တစ်ယောက်က တဆင့်ခံဆေးလိပ်ငွေ့ကို ထိတွေ့မိတဲ့အခါ ဘေဘီလေးမှာလည်း အန္တရာယ်ရှိတဲ့ ဓါတုပစ္စည်းတွေ ထိတွေ့မိနိုင်ပါတယ်။ ဒီလိုထိတွေ့မိတာကြောင့်
  • ကိုယ်ဝန်ပျက်ကျတာ
  • လမစေ့ဘဲ ကလေးမွေးဖွားတာ
  • ပေါင်မပြည့်တာ
  • မွေးကင်းစကလေး ရုတ်တရက်သေဆုံးတာ
  • သင်ယူမှုပိုင်းမှာ အားနည်းတာ
  • အာရုံစူးစိုက်နိုင်စွမ်းနည်းတာ
  • တက်ကြွလွန်ရောဂါ (ADHD) ကိုခံစားရတာမျိုးတွေဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ မေမေ့က ကိုယ်တိုင်ဆေးလိပ်သောက်တတ်ရင် ဆေးလိပ်ဖြတ်ဖို့လိုသလို တဆင့်ခံဆေးလိပ်ငွေ့ကို တတ်နိုင်သမျှရှောင်ဖို့လိုပါမယ်။

ဘေဘီလေးက တဆင့်ခံဆေးလိပ်ငွေ့ကို ထိတွေ့မိတဲ့အခါ

ဘေဘီလေးအနေနဲ့ တဆင့်ခံဆေးလိပ်ငွေ့ကို ထိတွေ့မိတဲ့အခါ ဆိုးရွားတဲ့ ကျန်းမာရေး ပြဿနာတွေကို ခံစားရနိုင်ပါတယ်။ တဆင့်ခံဆေးလိပ်ငွေ့ကို ရှုရှိုက်မိတာကြောင့်

  • မွေးကင်းစကလေးငယ်ရုတ်တရက်သေဆုံးတာ (SIDS)
  • နားပိုးဝင်ကူးစက်တာ
  • ချောင်းဆိုးတာ
  • လေနာရောဂါ
  • အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါတွေခံစားရတာ
  • ကိုယ်ခံအားနည်းတာ
  • သွားတွေထိခိုက်ပျက်စီးတာ
  • အမြင်အာရုံထိခိုက်တာ
  • ဦးနှောက်ဖွံ့ဖြိုးမှုထိခိုက်တာတွေကို ခံစားရနိုင်ပါတယ်။ ဒါတွေအပြင် တဆင့်ခံဆေးလိပ်ငွေ့ကို ကာလရှည်ကြာထိတွေ့မိမယ်ဆိုရင် ဘေဘီလေးမှာ နှလုံးရောဂါနဲ့ အဆုတ်ကင်ဆာတွေခံစားလာရနိုင်ပါတယ်။

တဆင့်ခံဆေးလိပ်ငွေ့ထိတွေ့မိနိုင်တဲ့နေရာတွေက ဘယ်နေရာတွေလဲ………..

နေရာတိုင်းမှာ တဆင့်ခံဆေးလိပ်ငွေ့ထိတွေ့မိနိုင်တယ်ဆိုပေမယ့် ဘေဘီလေးကို တဆင့်ခံဆေးလိပ်ငွေ့အများဆုံး ထိတွေ့မိနိုင်ခြေအများဆုံးရှိတဲ့ နေရာတွေကတော့

  • အငှားကား
  • ဘတ်စ်ကား
  • မူကြိုကျောင်း
  • ဆွေမျိုးတွေရဲ့ အိမ်
  • စားသောက်ဆိုင်
  • ပန်းခြံ
  • ဈေးဝယ်စင်တာနဲ့
  • ကစားကွင်းလိုနေရာတွေပါ။

တဆင့်ခံဆေးလိပ်ငွေ့ထိတွေ့မိနိုင်ခြေကို ဘယ်လိုလျှော့ချမလဲ……..

ဘေဘီလေးကို တဆင့်ခံဆေးလိပ်ငွေ့ထိတွေ့မိနိုင်ခြေ လျှော့ချနိုင်စေဖို့ဆိုရင် ဒီအချက်လေးတွေက အသုံးတည့်မှာပါ။

  • အိမ်ထဲမှာ ဆေးလိပ်မသောက်ပါနဲ့
  • ပြတင်းတံခါးတွေဖွင့်ထားပါ
  • လေသန့်စက်အသုံးပြုပါ
  • ကားထဲမှာ ဆေးလိပ်မသောက်ပါနဲ့
  • ဆေးလိပ်သောက်နေသူတွေနဲ့ ဝေးဝေးနေပါ
  • ဈေးဝယ်စင်တာတွေကို ခေါ်မသွားပါနဲ့။

ကဲ…ဘေဘီလေးကျန်းမာပျော်ရွှင်ဖို့ တဆင့်ခံဆေးလိပ်ငွေ့ အန္တရာယ်ကနေ ကာကွယ်လိုက်ကြစို့လား……………..

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

[embed-health-tool-baby-poop-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

The Dangers of Secondhand Smoke https://www.healthychildren.org/English/health-issues/conditions/tobacco/Pages/Dangers-of-Secondhand-Smoke.aspx Accessed Date 2 October 2019

Health Effects of Secondhand Smoke https://www.cdc.gov/tobacco/data_statistics/fact_sheets/secondhand_smoke/health_effects/index.htm Accessed Date 2 October 2019

How Secondhand Smoke Hurts Children https://www.verywellmind.com/the-effects-of-secondhand-smoke-on-children-2825232 Accessed Date 2 October 2019

ယခုပုံစံ

12/09/2022

Aye Thi Mon မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကလေးများ နွေရာသီမှာ အာဟာရမချို့တဲ့စေဖို့

မိခင်နို့ မတိုက်ဖြစ်တဲ့ ၆လအောက်ကလေးတွေကို ဘာတိုက်နိုင်သလဲ



Aye Thi Mon မှ ရေးသားသည်။ · 12/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement