backup og meta

အသီးအရွက်ဆို ကြေးများကြတဲ့ ကလေးတို့အတွက် မေမေတို့ ဒီလိုကြိုတင်ပြင်ဆင်သင့်ပါတယ်။ ။

အသီးအရွက်ဆို ကြေးများကြတဲ့ ကလေးတို့အတွက် မေမေတို့ ဒီလိုကြိုတင်ပြင်ဆင်သင့်ပါတယ်။   ။

ကလေးတွေ အသက်၂ နှစ်ကျော်ပြီဆိုတာနဲ့ အစားအသောက်တွေကို အာဟာရ မျှတအောင် ကျွေးဖို့ဆိုတာမေမေတို့ တတ်ထားသင့်တဲ့ ပညာတစ်ခုပါ။ အသီးအရွက်ဆိုကြေးများတတ်တဲ့ ကိုယ့်ကလေး မစားစားချင်အောင် ပြင်ဆင်ဖို့ဆိုတာ အရမ်းအရေးကြီးတဲ့အရာပါ။ ဒီတော့ ကလေးတွေ အသက်၂ နှစ်ကျော်လာပြီဆိုတာနဲ့ အသီးအရွက်ဆို ကြေးမထူရအောင် မေမေတို့ အနေနဲ့ ဒီလိုမျိုးလေးတွေ ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။

၁။ ငယ်စဉ်ကတည်းက အသီးအနှံတွေ အကြောင်း သင်ပေးပါ။ ။

အသီးအနှံတွေပါတဲ့ ဓာတ်ပုံတွေကို ထမင်းစားခန်းထဲ ချိတ်ထားပြီး ထမင်းကျွေးတိုင်း ကလေးကို အသီးတွေနဲ့ စတင်မိတ်ဆက်ပေးပါ။ အသီးတွေ အကြောင်း ကလေးနဲ့ အမေးအဖြေလုပ်တမ်း ကစားပါ။ဒါကဘာသီးလေးလဲလို့မေးပြီး ကလေးက ပြန်ဖြေနိုင်ရင် တော်လိုက်တာဆိုပြီး ချီးကျူးပေးပါ။

၂။ ပုံတွေ ဆွဲခိုင်းပါ။

ကလေးတွေဆိုတာ ပုံဆွဲတာကို အင်မတန်မှ ကြိုက်နှစ်သက်သူတွေပါ။ ဒါကြောင့် ကိုယ့်ကလေး အသက် ၂ နှစ်ကျော်ပြီဆိုတာနဲ့ ရောင်စုံပုံဆွဲခဲတံ၊ ရောင်စုံခြယ် စာအုပ်တွေဝယ်ပေးပါ။ အပြင်က အသီးတွေကိုပြပြီး အသီးပုံတွေ ဆွဲခိုင်း၊ အရောင်ခြယ်ခိုင်းပါ။ ဒါမှ အသီးအရွက်တွေနဲ့ ကလေးနဲ့ စိမ်းမနေတော့မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပုံဆွဲတာကလည်း ကလေးတွေရဲ့ ဖန်တီးနိုင်စွမ်းကိုမြင့်တက်စေတဲ့ ပညာရပ်တစ်ခုပါ။

၃။ အသီးအနှံတွေနဲ့ ကစားရတဲ့ ဂိမ်းတွေဆော့ခိုင်းပါ။

စပျစ်သီးလေးတွေကို ဘယ်နှစ်လုံးလဲဆိုပြီး ရေတွက်ခိုင်းတာမျိုး၊ ပန်းသီးဆိုတာ ဘယ်အရောင်လဲဆိုတာမျိုး၊ အနီရောင်ရှိတဲ့ အသီးတွေ၊ အစိမ်းရောင်ရှိတဲ့ အရွက်တွေက ဘာတွေလဲဆိုတာမျိုး ကလေးတွေနဲ့ အတူ ညဏ်စမ်းကစားနည်းတွေဆော့ပေးပါ။ ဒါမှ အသီးအရွက်တွေအကြောင်းကို ငယ်ငယ်ကတည်းက သဲသဲကွဲကွဲသိသွားမှာ ဖြစ်ပါတယ်။

၄။ ကလေးတွေနဲ့ အတူချက်ပြုတ်ပါ။

ကလေးတွေဆိုတာ ဟင်းချက်တမ်းကစားရတာကို အလွန်ကြိုက်တဲ့သူတွေပါ။ ဒါကြောင့် မေမေတို့ ထမင်းပွဲတွေပြင်ဆင်မယ်ဆိုရင် ကလေးတွေကိုပါဝင်ခိုင်းပါ။ ရှုပ်တယ် အနားမလာနဲ့ဆိုတာမျိုး ဘယ်တော့မှ မပြောမိပါစေနဲ့။ အသီးအနှံတွေကိုရေဆေးခိုင်းတာမျိုး၊ လှီးပြီးသား အသီးအရွက်တွေကို ပန်းကန်ထဲ ထည့်ခိုင်းတာမျိုးတွေလုပ်ခိုင်းပါ။ ဟင်းအိုးထဲထည့်မယ့် အရွက်တွေကိုလည်း ကလေးတွေကို ကိုယ်တိုင်ရွေးခိုင်းပါ။ ကိုယ်လည်းသက်သာ၊ ကလေးလည်းပျော်၊ အစားစားချင်စိတ်တွေလည်း ဖြစ်လာမှာပါ။

၅။ အသီးအရွက်တွေကောင်းကြောင်းကို ပြောပြပါ။

ဥပမာ ငှက်ပျောသီးစားရင် အားရှိတယ်၊ ပန်းသီးစားရင် ဉာဏ်ကောင်းတယ်ဆိုတာမျိုးပေါ့။ အသီးအရွက်တွေရဲ့ ကောင်းကျိုးကို ပြောပြပြီး ကလေးစားချင်အောင် ဆွဲဆောင်ပါ။ အသီးအရွက်တွေစားတဲ့ ကလေးက တစ်ခြားသူတွေထက် ပိုလိမ္မာကြောင်း ကလေးသိအောင်ပြောပြပါ။ ချီးကျုးပေးပါ။

ခုပြောခဲ့တာတွေကတော့ အသီးအရွက်တွေအကြောင်းသိလာအောင်၊ အသီးအရွက်တွေစားချင်အောင်လို့ ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာကနေ ဆွဲဆောင်တာမျိုးပါ။ လက်တွေ့အနေနဲ့ကတော့ အသီးအရွက်တွေကို သူတို့စားချင်တဲ့ ပုံစံမျိုးဖြစ်အောင် ပြင်ဆင်ချက်ပြုတ်တာပါ။

၆။ အသီးအရွက်တွေကို ပုံဖော်ကြမယ်။ ။

အရုပ်မကြိုက်တဲ့ကလေးမရှိပါဘူး။ ဒါကြောင့် ကလေးတွေစားဖို့ အစားအသောက်တွေပြင်ဆင်တဲ့ အခါမှာ ရိုးရိုးတန်းတန်းမဟုတ်ဘဲ အရုပ်ပုံလေးတွေ၊ အကောင်ပုံလေးတွေ ပုံဖော်ပြီး ပြင်ဆင်တာမျိုးကို လုပ်သင့်ပါတယ်။ ဒါကလည်း ကလေးတွေ အသီးအရွက်စားချင်လာအောင် ဆွဲဆောင်တဲ့ ပုံစံတစ်မျိုးပါ။

၇။ ထမင်းပန်းကန်လှလှလေးတွေနဲ့ ကျွေးကြမယ်။ ။

ကလေးတို့ အသုံးအဆောင်တော်တော်များများကို ကြည့်ကြည့်ပါ။ အရုပ်တွေ၊ ပန်းတွေ၊ တိရစ္ဆာန်တွေနဲ့ ပုံဖော်ထားကြတာများပါတယ်။ အရုပ်ပါတဲ့ ပန်းကန်တွေ၊ ထမင်းဘူးတွေထဲထည့်ထားတဲ့ အသီးအရွက်တွေဆို ကလေးတွေက ပိုစားချင်ကြပါတယ်။

၈။ အသီးဖျော်ရည်တွေ လုပ်ကျွေးပါ ။ ။

အဖတ်စားရတာနဲ့ အရည်သောက်ရတာဆို ကလေးတွေက အရည်သောက်ရတာ ပိုကြိုက်ကြပါတယ်။ နဂိုတည်းက ထမင်းတောင် မစားချင်ကြတဲ့ သူတွေမလား။ အသီးလို အမာဆို ပိုဆိုးတာပေါ့။ မစားချင်တော့ ကျွေးမရ ကျွေးမရတော့ မစားဖြစ်တော့ဘူး။ ဒီတော့ မေမေတို့ အနေနဲ့ ကြံဖန်ရတော့တာပေ့ါ။ ကလေးတွေ မစားချင်တဲ့ အသီးတွေကို ဖျော်ရည်စက်ထဲထည့်၊ နို့လေးထည့်ပြီး အသီးဖျော်ရည်လုပ်တိုက်ပါ။ ဒါဆို အသီးရဲ့ အာဟာရတွေလည်းမပျက် ကလေးတွေလည်းကြိုက် တော့ တစ်ချက်ခုတ် နှစ်ချက်ပြတ်ပေါ့။

၉။ အသီးကို တခြားအရာတွေနဲ့ရောကျွေးပါ။ ။

အသီးချည်းပဲ သက်သက်စားနေရတာထက်စာရင် အသီးကို တစ်ခုခုနဲ့ တို့စားလို့ရအောင်လုပ်ပေးပါ။ ကလေးတွေရဲ့ သဘာဝကိုက တစ်ခုတည်းစားနေရရင် ပျင်းတတ်ပြီး ဟိုဆော့ဒီဆော့ စားရတာပိုကြိုက်တတ်ကြပါတယ်။ ။ ဥပမာ ငှက်ပျောသီးတစ်ပန်းကန်၊ ဒိန်ချဉ်တစ်ခွက်ချထားပြီး ငှက်ပျောသီးကို ဒိန်ချဉ်ထဲနှစ်စားခိုင်းတာမျိုးပေါ့။ စားပွဲခုံပေတာကိုတော့ မေမေတို့ သည်းခံရမှာပေါ့နော်။ ကိုယ့်ကလေးအသီးစားဖြစ်ဖို့က ပိုအရေးကြီးတယ်မဟုတ်လား။

ကိုယ့်ကလေးက တဖြည်းဖြည်း အသက်ကြီးလာမှာဖြစ်လို့ မေမေတို့အနေနဲ့ ထမင်းကျွေးရခက်ချိန်၊ အသီးအရွက်ကျွေးရခက်ချိန်တွေအတွက် ခုလိုမျိုး ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။ အသီးအရွက်ဆိုတာ ကျန်းမာရေးအတွက် အရေးအကြီးဆုံး အခန်းကနေ ပါဝင်နေတာမို့ ကလေးကြေးများလည်း မဖြစ်မနေစားအောင် ပြင်ဆင်ကျွေးမွေးဖို့က မေမေတို့ တာဝန်နော်။ ။

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Eat more fruit and vegetables https://www.fruitsandveggiesmorematters.org/get-kids-to-eat-fruits-and-vegetables Accessed Date 17.10.2018

10 Tips: Kid-friendly Veggies and Fruitshttps://www.choosemyplate.gov/ten-tips-kid-friendly-veggies-and-fruitsAccessed Date 17.10.2018

 

ယခုပုံစံ

04/10/2022

Dr. Thin Yadanar @ Frances မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အသီးဖျော်ရည်တွေက သင့်သွားတွေကို ပျက်စီးစေသလား

အသီးအရွက်နဲ့ သစ်သီးတွေကို ကလေးတွေအကြိုက်ဖြစ်အောင် ဘယ်လိုပြင်ဆင်မလဲ



Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 04/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement