backup og meta

မျှဝေပါ။

ဒေါင်းရောဂါ နဲ့ မွေးဖွားလာတဲ့ ကိုယ့်ကလေးကို ဘယ်လိုဂရုစိုက်စောင့်ရှောက်ရမလဲ

မွေးဖွားလာတဲ့ ကိုယ့်ရဲ့ကလေးမှာ ဒေါင်းရောဂါ ဖြစ်နေတာ သိလိုက်ရတဲ့အခါ ဘယ်သူမဆို စိတ်မကောင်းဖြစ်၊ တုန်လှုပ်သွားကြမှာပါပဲ။ တချိန်တည်းမှာပဲ ဒီကလေးအတွက် ပုံမှန်ထက်ပိုတဲ့ ဂရုစိုက်မှုနဲ့ မေတ္တာပေးနိုင်ဖို့ ကရုဏာပိုမိမှာ သေချာပါတယ်။

ဒေါင်းရောဂါစု (Down syndrome) ဆိုတာ သန္ဓေစတည်ချိန်မှာ မူမမှန်တဲ့ ဆဲလ်ကွဲပွားမှုကြောင့် ဖြစ်လာတာပါ။ ဒေါင်းရောဂါရှိတဲ့ ကလေးအများစုဟာ မျက်နှာပြားခြင်း၊ နားရွက်နဲ့ ပါးစပ်သေးခြင်း စတဲ့ လက္ခဏာတွေ မွေးတည်းက ပါလာတတ်ပါတယ်။ ကြွက်သားပျော့တာ၊ အားနည်းတာတွေရှိနိုင်ပြီး အရွယ်နည်းနည်းကြီးလာတဲ့အခါမှ ကြွက်သားသန်မာလာတတ်ပါတယ်။ သူတို့မှာ တခြားကျန်းမာရေးပြဿနာတွေလည်း ရှိနိုင်ပြီး တခြားကလေးတွေထက် သင်ယူလေ့လာနိုင်တဲ့နှုန်း ပိုနှေးပါတယ်။

ဒေါင်းရောဂါ က ကုသပျောက်ကင်းနိုင်မှာမဟုတ်တဲ့ မွေးရာပါရောဂါဖြစ်ပေမယ့် ဝေဒနာရှင်အများစုက ကျန်းကျန်းမာမာ အသက်ရှည်ရှည်နေထိုင်သွားနိုင်ကြပါတယ်။ ဖွံ့ဖြိုးမှုမပြည့်စုံသေးတဲ့ ကလေးဘဝမှာတည်းက မိဘရဲ့မှန်ကန်ကောင်းမွန်တဲ့ ပြုစုစောင့်ရှောက်မှုရှိဖို့ပဲ အရေးကြီးပါတယ်။

ဘာတွေ သတိထားရမလဲ

ငယ်သေးတဲ့ အရွယ်တော့ မိဘက အသေးစိတ်ဂရုစိုက်ပေးရမှာဖြစ်ပေမယ့် နည်းနည်းလေးကြီးလာတာနဲ့ အရာရာ ကိုယ်တိုင်လေ့လာနိုင်အောင် အလေ့အကျင့်လုပ်ပေးသင့်ပါတယ်။ နဂိုက သူများထက် သင်ယူနိုင်စွမ်းနှေးကွေးတာမို့ မိဘက တဖြည်းဖြည်းချင်း လေ့ကျင့်ပေးထားတာ အကောင်းဆုံးပါ။

ဆရာဝန်ရက်ချိန်း ပုံမှန်ပြဖို့က ကလေးရဲ့ကုသမှုနဲ့ ဘေးကင်းမှုအတွက် အဓိကကျပါတယ်။

ဆရာဝန်နဲ့ပြရမယ့် ရက်ချိန်းတိုင်းကို မှန်အောင်သွားပါ၊ ပုံမှန်ကျန်းမာရေးစစ်ဆေးပါ၊ ညွှန်ကြားချက်တွေ လိုက်နာပါ။ ကလေးမှာ တစ်ခုခုထူးခြားတာရှိရင် အမြန်ဆုံး ဆရာဝန်ပြန်ပြပါ။

နေ့စဉ်ဘဝမှာ ဂရုစိုက်ပါ။

ဒီကလေးအများစုက နေ့စဉ်ပုံမှန်လှုပ်ရှားမှုတွေမှာ ကောင်းကောင်းလုပ်ဆောင်နိုင်ကြပါတယ်။ စည်းကမ်းထားတာထက် အပြုသဘောဆောင်တဲ့ ထိန်းသိမ်းမှု၊ အားပေးမှုနဲ့ဆို သူတို့ရဲ့တုံ့ပြန်မှုက ပိုကောင်းပါတယ်။

ဒါလေးတွေ သိထားသင့်ပါတယ် –

  • ကလေးကို ဒေါင်းရောဂါ ကလေးတွေအပြင် ရောဂါမရှိတဲ့ကလေးတွေနဲ့လည်း အတူတွဲကစားခွင့်ပေးပါ။ မိဘကတော့ စောင့်ကြည့်ရမှာပါ။
  • အသစ်အဆန်းတွေ လေ့လာချင်လာအောင်၊ လေ့လာသင်ယူနိုင်အောင် အတတ်နိုင်ဆုံး အားပေးကူညီပါ။
  • အတူကစားပေး၊ ‌ချော့မြှူပေး၊ အတူအပြင်သွားပေးပါ။
  • နေ့စဉ်လုပ်ဆောင်ရတဲ့ တချို့ကိစ္စတွေကို ကိုယ်တိုင်လုပ်ခွင့်ပေးပါ။ ဥပမာ ရေချိုးတာလိုမျိုး လွယ်ကူတဲ့ ဝေယျာဝစ္စတချို့။
  • နေ့စဉ်အလုပ်တွေ ပုံစံတကျစီစဉ်ထားပေး၊ အကျင့်လုပ်ပေးထားပါ။ ဥပမာ မနက်အိပ်ရာထချိန် မျက်နှာသစ်မယ်၊ သွားတိုက်မယ်၊ မနက်စာစားမယ်၊ အဝတ်အစားလဲမယ်၊ ကျောင်းသွားမယ် ဆိုတဲ့အစဉ်လိုက်လေးပေါ့။
  • ကလေးကို မြင်သာထင်ရှားတဲ့ သင်္ကေတလေးတွေပါတဲ့ ကစားနည်းတစ်ခုပြီးတစ်ခု စီစဉ်ပေးပါ။ ရုပ်ပုံလေးတွေနဲ့ကစားတာ၊ သီချင်းဆိုတာ မျိုးပါ။

သင်ယူလေ့လာမှုနဲ့ ပတ်သက်ရင်လည်း ကလေးကို ကူညီပါ –

ကလေးက အမှားလုပ်မိတဲ့အခါ မှားတယ်လို့ မပြောပါနဲ့။ နောက်တစ်ခေါက် ထပ်ကြိုးစားဖို့ အားပေးပါ၊ ကူညီပါ။

ကလေးက စိတ်ဝင်စား၊ စိတ်အားတက်ကြွမှုရှိတဲ့အရာတွေအကြောင်းကို ပြောဆိုပါ၊ သင်ပြပေးပါ။ နီးစပ်ကျွမ်းဝင်မှုရှိအောင် ဖန်တီးပေးပါ။

ကိုယ်တိုင်ဆုံးဖြတ်ခွင့်၊ လုပ်ကိုင်ခွင့်ပေးပါ။

ဘယ်အဝတ်အစားဝတ်မလဲဆိုတာလောက်က စပြီး ရွေးချယ်ခွင့်ပေးပါ။ သူ့ရဲ့ဘဝအတွက် ရပ်တည်နိုင်မယ့် အလေ့အကျင့်ကောင်းအဖြစ် မွေးမြူပေးရပါမယ်။

ကလေးရဲ့ စွမ်းရည်နဲ့ ထူးချွန်မှုကို အသိအမှတ်ပြုပေးပါ။

မွေးရာပါ ဒီရောဂါကြောင့် အခက်အခဲဖြစ်ရပေမယ့် ကလေးတွေမှာ ရည်မှန်းချက်နဲ့ ကိုယ်ပိုင်စွမ်းရည်လေးတွေ ပါပြီးသားပါ။ တစ်ဖက်မှာ လိုအပ်ချက်ရှိနေလည်း သူအားသာတဲ့ အပိုင်းတွေ ရှိနေတာမို့ မိဘတွေက အတတ်နိုင်ဆုံး အားပေးဖို့ပဲလိုပါတယ်။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Ref:

https://kidshealth.org/en/parents/down-syndrome.html

Accessed April 25, 2019.

https://www.wikihow.com/Help-a-Child-with-Down-Syndrome

Accessed April 25, 2019.

https://www.webmd.com/children/parenting-child-downs-syndrome#2

Accessed April 25, 2019.

https://www.care.com/special-needs-caring-for-a-child-with-down-syndrome-p1167-q16876.html

Accessed April 25, 2019.

ယခုပုံစံ

12/09/2022

Yun Sandi Nan Mon မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။

avatar

Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Yun Sandi Nan Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 12/09/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement