backup og meta

သင့်ကလေးမှာ မွေးရာပါ ချို့ယွင်းချက်တခုခု ရှိနေပြီလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 16/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင့်ကလေးမှာ မွေးရာပါ ချို့ယွင်းချက်တခုခု ရှိနေပြီလား

    မိဘတိုင်းဟာ ကိုယ့်သားသမီးကို ဒီကမ္ဘာပေါ်မှာ အချောဆုံး၊အလှဆုံး၊အတော်ဆုံး၊အထက်မြက်ဆုံး ဖြစ်စေချင်ကြတာ သဘာဝပါ။ ကိုယ့်ဗိုက်ထဲက ရင်သွေးလေး ထွက်လာပြီဆိုတာနဲ့ ကိုယ်လက်အင်္ဂါစုံရဲ့လား၊တခြားပြဿနာ ဘာများရှိနေသလဲ စတဲ့ ပူပန်စိုးရိမ်မှုလေးတွေ ရှိကြစမြဲပါပဲ။ တကယ်လို့ ရင်သွေးလေးမှာ တခုခု ချွတ်ချော်ယွင်းမှားနေပြီဆိုရင် ခေါင်းမိုးကြိုးပစ်ခံလိုက်ရသလို မိုက်ခနဲ၊ဒိန်းခနဲ ဖြစ်သွားတတ်ပါတယ်။ ဒါဟာ သဘာဝပါ။ ဒါပေမယ့် ဒီလိုပြဿနာနဲ့ ရင်ဆိုင်နေရတာ သင်တယောက်တည်း မဟုတ်ပါဘူး။ ရောဂါထိန်းချုပ်ရေးနဲ့ကာကွယ်ရေး ဗဟိုဋ္ဌာန (စီဒီစီ)ရဲ့ ထုတ်ပြန်ချက်အရ အမေရိကန်ပြည်ထောင်စုလို နိုင်ငံမှာတောင် နှစ်စဉ်ကလေးပေါင်း ၁၂၀၀၀၀ ဟာ မွေးရာပါချို့ယွင်းချက်တမျိုးမျိုးနဲ့ မွေးဖွားလာတယ်လို့ သိရပါတယ်။ ဒါကြောင့် သင်နဲ့ သင့်ရင်သွေးလေးကို ကူညီပေးနိုင်မယ့် နည်းလမ်းတွေ၊ကျွမ်းကျင်သူလူပုဂ္ဂိုလ်တွေဟာ သင့်လက်တကမ်းမှာပဲ ရှိနေတယ်ဆိုတာကို သိထားဖို့ အထူးအရေးကြီးပါတယ်။

    မွေးရာပါ ချို့ယွင်းချက်ဆိုတာ ဘာလဲ

    မိခင်ဝမ်းထဲက ကျွတ်ပြီဟေ့ဆိုတဲ့အချိန်မှာပဲ ကလေးနဲ့ အတူတကွ ပါရှိလာတဲ့ မူမမှန်အရာလေးတွေကို မွေးရာပါချို့ယွင်းချက်လို့ ခေါ်ပါတယ်။ မွေးရာပါ ချို့ယွင်းချက် အမျိုးမျိုးရှိသလို ပြင်းထန်မှုအနေအထားအရလည်း အစားစား ရှိနေပါတယ်။ နှုတ်ခမ်းကွဲ၊အာခေါင်ကွဲ၊မွေးရာပါ နှလုံးရောဂါ၊ခြေလက်အင်္ဂါမစုံတာ အစရှိတဲ့ ရုပ်ပိုင်းဆိုင်ရာ ချို့ယွင်းချက်တွေရှိသလို ကလေးငယ်ရဲ့ စိတ်ပိုင်းဆိုင်ရာ၊အသိဉာဏ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုကို အနှောင့်အယှက်ပေးတဲ့ ချို့ယွင်းချက်တွေလည်း ရှိနေပါတယ် (ဥပမာ Down syndrome၊ မွေးရာပါ နားမကြားခြင်း စသည်)။ အချို့သော ချို့ယွင်းချက်တွေဟာ မျိုးရိုးလိုက်တဲ့အတွက် မိဘရဲ့ မျိုးဗီဇကနေ ကလေးဆီ လက်ဆင့်ကမ်းတာမျိုးရှိသလို ပတ်ဝန်းကျင်အခြေအနေတွေကြောင့်လည်း ဖြစ်ပေါ်နိုင်ပါတယ် (ဥပမာ ကိုယ်ဝန်ဆောင်ကာလမှာ မိခင်အနေနဲ့ အချို့သော ဆေးဝါးတွေကို သုံးစွဲခြင်း၊ဓါတ်ရောင်ခြည်နဲ့ ထိတွေ့ခြင်း စသည်)။ ဒါပေမယ့် ပြဿနာရဲ့ ဇစ်မြစ်ကို မသိရတဲ့ အခြေအနေတွေလည်း ဒုနဲ့ဒေးပါ။

    ဒီလို အခြေအနေကို ဘယ်လိုရင်ဆိုင်မလဲ

    ၁။ အခြေအနေမှန်ကို လက်ခံပါ၊တိုင်ပင်ဆွေးနွေးပါ

    ကိုယ့်ရင်သွေးလေးမှာ ဒီလိုမျိုး မွေးရာပါ ချို့ယွင်းချက်လေးတွေ ပါလာပြီဆိုရင် ဘယ်မိဘမဆို တုန်လှုပ်သွား၊ဝမ်းနည်းသွားကြမှာ အမှန်ပါပဲ။ ဒီလောက် လူတွေအများကြီးထဲမှာ ငါ့ရင်သွေးကိုမှ ဒီလို လာဖြစ်ရလေခြင်းရယ်လို့ ယူကျုံးမရ၊ဝမ်းနည်းစိတ်ပျက် ဒေါသထွက်မိကြမှာပါ။ ဒါပေမယ့် ဒီလို ခံစားနေရုံနဲ့လည်း ပြဿနာက ပြေလည်သွားမှာ မဟုတ်တဲ့အတွက် လက်ရှိအနေအထားကို လက်ခံနိုင်ဖို့ ကြိုးစားရပါမယ်။ သင့်အိမ်ထောင်ဖက် သို့မဟုတ် မိသားစုဝင်တွေနဲ့ တိုင်ပင်ဆွေးနွေးပါ။ နှစ်သိမ့်မှု၊အကြံဉာဏ်စတာတွေကို ရယူပါ။ လိုအပ်လာရင် နားလည်တတ်ကျွမ်းတဲ့ ပညာရှင်တွေနဲ့ သွားရောက်ဆွေးနွေးပြီး အကြံဉာဏ်ရယူပါ။ ကိုယ်နဲ့ ဘဝတူ မိဘတွေနဲ့ တွေ့ဆုံပြီး စကားပြောပါ။ အကြံဉာဏ်ကောင်းတွေ ရယူပါ။ ကမ္ဘာပေါ်မှာ သင်နဲ့ သင့်ရင်သွေးလေးနှစ်ဦးပဲ ဒီလိုပြဿနာနဲ့ ရင်ဆိုင်ရတာ မဟုတ်ဘူးဆိုတာ သဘောပေါက်လာပါလိမ့်မယ်။

    ၂။ ရင်သွေးလေးဟာ ဘုရားကပေးတဲ့ ဆုလာဘ်ပါ

    ကလေးအတွက် စိတ်မကောင်းဝမ်းနည်းဖြစ်ရ၊သောကပွေရပေမယ့် ဒီရင်သွေးလေးဟာ သင့်အတွက် ဘုရားကပေးတဲ့ ဆုလာဘ်ပါ။ ရင်သွေးလေးကို ချစ်ပါ၊ယုယပါ။ တတ်နိုင်သမျှ အကောင်းဆုံး ပံ့ပိုးပေးပါ။(တခြားပုံမှန်ကလေးတွေလို မဟုတ်သည့်တိုင်) အရွယ်ရောက်လာတာနဲ့အမျှ တဖြည်းဖြည်း ဖွံ့ဖြိုးတိုးတက်ကြီးထွားလာတာကို ပီတိဖြစ်ပါ။ ဒီပီတိတွေ၊အပျော်တွေကို သင့်မိသားစုဝင်တွေ၊မိတ်ဆွေအပေါင်းအသင်းတွေနဲ့ အတူ မျှဝေပါ။

    ၃။ အကူအညီရယူပါ၊အချက်အလက်တွေကို စုဆောင်းလေ့လာပါ

    ဒီခေတ်မှာ သတင်းအရင်းအမြစ်တွေကို နေရာစုံက အလွယ်တကူ ရယူလာနိုင်ပါပြီ။ စာအုပ်စာပေနဲ့ အွန်လိုင်းမီဒီယာတွေကို အကျိုးရှိရှိ အသုံးချခြင်းအားဖြင့် သင့်ရင်သွေးအတွက် အကောင်းဆုံး လုပ်ဆောင်ပေးနိုင်မယ့် နည်းလမ်းတွေကို သိရှိလာမှာပဲ ဖြစ်ပါတယ်။ တတ်ကျွမ်းနားလည်သူတွေ၊ဆရာဝန်တွေနဲ့လည်း ဆွေးနွေးတိုင်ပင်ပြီး အထိရောက်ဆုံး အကြံဉာဏ်တွေကို ရယူပါ။ တကယ်လို့ ဆရာဝန်တဦးပြောတဲ့ နည်းလမ်း၊အကြံဉာဏ်တွေဟာ လုပ်ကြည့်လို့ အကျိုးမရှိဘူး၊အရာမထင်ဘူး ဒါမှမဟုတ် သေသေချာချာ မဖြေပေးဘူးလို့ ယူဆရင် နောက်ထပ်ဆရာဝန်တဦးနဲ့ တိုင်ပင်ဖို့ မတွန့်ဆုတ်ပါနဲ့။ မွေးရာပါ ချို့ယွင်းချက်ရှိနေတဲ့ ကလေးတွေကို ပြုစုပျိုးထောင်ခဲ့ရတဲ့ ဘဝတူမိဘတွေဆီကလည်း အကြံဉာဏ်၊အားပေးမှုတွေကို ရယူပါ။ ထူးခြားစွာ အကျိုးရှိပါလိမ့်မယ်။

    ၄။ အခြေအနေကို တစထက်တစ တိုးတက်လာအောင် ကြိုးစားပါ။

    သင့်ကလေးရဲ့ ပကတိအခြေအနေကို လက်ခံရမယ်ဆိုပေမယ့် သူလေးရဲ့ ဘဝသက်တမ်းတလျှောက်မှာ (တတ်နိုင်သမျှ)အကောင်းဆုံး ရှင်သန်နေထိုင်သွားနိုင်ဖို့ကိုလည်း သင့်အနေနဲ့ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးစားအားထုတ်ရပါမယ်။ အချို့သော မွေးရာပါချို့ယွင်းချက်တွေက ဘာမှပြုပြင်ပြောင်းလဲလို့ မရတော့ဘူးဆိုပေမယ့် အချို့သော ချို့ယွင်းချက်တွေကိုတော့ (လုံးဝပျောက်ကင်းသွားအောင် မဟုတ်ပေမယ့်) အတိုင်းအတာတခုထိ တိုးတက်လာအောင် လုပ်ဆောင်ပေးနိုင်တဲ့ အခြေအနေတွေ ရှိနေပါတယ်။ သင့်အနေနဲ့ အချိန်၊ငွေနဲ့ လူအား စတဲ့ ရင်းနှီးမှုတွေကိုတော့ ပြုလုပ်ပေးရမှာပေါ့။ ဆေးသိပ္ပံပညာဟာ အရှိန်အဟုန်နဲ့ ပြောင်းလဲတိုးတက်နေတာ ဖြစ်တဲ့အတွက် သင့်ကလေးအတွက် ကုသမှုနည်းလမ်းတခုမဟုတ်တခု ရှာဖွေတွေ့ရှိနိုင်မှာပါ။ အကယ်၍ အခြေအနေပေးရင် ပြည်ပထွက်ပြီး ကုသတာမျိုးကိုလည်း ပြုလုပ်နိုင်ပါတယ်။ အချို့သော မွေးရာပါ ချို့ယွင်းချက်တွေဟာ ငယ်ရွယ်စဉ်အချိန်မှာ အကောင်းဆုံး ကုသပေးနိုင်ရင် လူကောင်းပကတိနီးနီး ပြန်ကောင်းလာနိုင်တာမျိုးရှိတဲ့အတွက် အချိန်မဆိုင်းဘဲ ပြုလုပ်သင့်ပါတယ်။

    ခွဲစိတ်ကုသဖို့ လိုအပ်တဲ့ အခြေအနေမျိုးဆိုရင်လည်း နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်တွေနဲ့ တိုင်ပင်ပြီး ကောင်းကျိုးဆိုးပြစ်တွေကို သုံးသပ်ကာ အမြန်ဆုံး လုပ်ဆောင်သင့်ပါတယ်။

    Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 16/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement