backup og meta

ပုရိသတို့နှင့် လိင်စိတ်ပြီးမြောက်မှု အဟန့်အတားဖြစ်ခြင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 20/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ပုရိသတို့နှင့် လိင်စိတ်ပြီးမြောက်မှု အဟန့်အတားဖြစ်ခြင်း

    လိင်စိတ်ပြီးမြောက်မှု အဟန့်အတားဖြစ်ခြင်းဆိုတာ ဘာလဲ။

    လိင်ဆက်ဆံနေစဉ်နဲ့ လိင်စိတ်ပြီးမြောက်တဲ့အချိန်မှာ သုက်ထွက်ဖို့၊ လိင်စိတ်ဆန္ဒပြည့်ဝဖို့ အဟန့်အတားဖြစ်ခြင်းကို ဆိုလိုတာပါ။ လေ့လာချက်အရ အမျိုးသမီးတွေမှာ ပိုအတွေ့များပြီး အမျိုးသားအများစုမှာ လိင်စိတ်ပြီးမြောက်မှု အဟန့်အတားဖြစ်တဲ့ လက္ခဏာတွေကို တွေ့ရပါတယ်။ များသောအားဖြင့် ဒီလိုမျိုး လက္ခဏာတွေက ကျန်းမာရေးဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာမှာ တစ်ခုခု ချွတ်ယွင်းချက် ရှိနေတာကြောင့်ပါပဲ။ ဖွင့်ဟဝန်ခံရမှာ ရှက်ရွံ့တာကြောင့် အမျိုးသားတော်တော်များများက မြိုသိပ်ထားလိုက်တဲ့အခါ အလွယ်တကူ ပျောက်နိုင်တဲ့ ဝေဒနာက နှစ်ရှည်လများ စွဲသွားပြီး လိင်မှုဘဝနဲ့ ကျန်းမာရေးကို ပိုပြီး ထိခိုက်လာတော့တာပေါ့။

    လိင်စိတ်ပြီးမြောက်မှုကို ဟန့်တားနေတဲ့ အရာတွေက ဘာတွေလဲ။

    ၁။ ကျန်းမာရေးဆိုင်ရာ ပြဿနာတွေ – ဆီးချို၊ နှလုံးနဲ့ သွေးကြောဆိုင်ရာ ရောဂါတွေ၊ ဦးနှောက်နဲ့ အာရုံကြော ထိခိုက်မိတာ၊ ဟော်မုန်းမျှခြေ ကမောက်ကမ ဖြစ်တာ (အမျိုးသားတွေမှာ ကျားဟော်မုန်း Testosterone ထက် မဟော်မုန်း Estrogen တွေ များနေတာ) ၊ ကျောက်ကပ်၊ အသည်း ပျက်စီးနေတာ၊ အရက်၊ မူးယစ်ဆေး အလွန်အကျွံသုံးစွဲတာ၊ ပြင်းလွန်းတဲ့ ဆေးတွေ သောက်တာကြောင့် နောက်ဆက်တွဲ အာနိသင်ဆိုးကျိုးအနေနဲ့ ဖြစ်နိုင်ပါတယ်။

    ၂။ စိတ်ကျန်းမာရေး ပြဿနာ – လုပ်ငန်းခွင် စိတ်ဖိစီးမှု၊ စိုးရိမ်ပူပန်လွန်တာ၊ လိင်စွမ်းဆောင်ရည်အပေါ် ယုံကြည်မှုမရှိတာ၊ အချစ်ရေး၊ အိမ်ထောင်ရေးပြဿနာတွေ၊ စိတ်ကျရောဂါ၊ အပြစ်တင်စိတ်တွေနဲ့ အတိတ်မှာ ဖြစ်ဖူးတဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားခံရခြင်းတွေကြောင့်လည်း လိင်စိတ်ပြီးမြောက်မှုကို အဟန့်အတားဖြစ်စေပါတယ်။

    ဘယ်သူတွေမှာ အဖြစ်များလဲ။

    အသက် ၂၀ နောက်ပိုင်းကနေ လူကြီးပိုင်းအရွယ်ထိ အမျိုးသားတွေရော၊ အမျိုးသမီးတွေမှာပါ အဖြစ်များတဲ့ လိင်ပိုင်းဆိုင်ရာ ပြဿနာတွေပါပဲ။ လေ့လာချက်တွေအရ အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ဒီပြဿနာကို ပိုခံစားတတ်တယ်လို့ ဆိုထားပါတယ်။ ဒါပေမဲ့ အမျိုးသားတွေက တော်ရုံတန်ရုံ ဖွင့်ပြောလေ့မရှိတာကြောင့် အချိန်အကြာကြီး ဒီဝေဒနာကို ခံစားသွားရတာမျိုး ဖြစ်နိုင်ပါတယ်။

    အမျိုးသားတွေမှာ ဘယ်လိုပြဿနာတွေ အတွေ့များလဲ။

    အမျိုးသားတွေမှာ အဖြစ်များတဲ့ လက္ခဏာတွေကို ပြောပါဆိုရင်တော့ သုက်လွှတ်မူမမှန်တာ၊ လိင်တံ ကောင်းစွာ မထောင်မတ်နိုင်တာ၊ လိင်စိတ်ဆန္ဒလျော့နည်းလာတာတွေပဲ ဖြစ်ပါတယ်။

    ၁။ သုက်လွှတ်မူမမှန်ခြင်း

    • ထိုးသွင်းဆက်ဆံပြီးနောက် စောစီးစွာ သုက်လွှတ်ခြင်း (Premature Ejaculation)
    • သုက်လွှတ်ရန် အချိန်ကြာလွန်းခြင်း (Inhibited Ejaculation)
    • လိင်စိတ်ဆန္ဒပြီးမြောက်ချိန်မှာ သုက်ရည်က ဆီးလမ်းကြောင်းနဲ့ လိင်တံထိပ်ကနေ ထွက်မလာဘဲ ဆီးအိမ်ထဲကို ပြန်ဝင်သွားခြင်း၊ ပြောင်းပြန်သုက်လွှတ်ခြင်း (Retrograde Ejaculation) ဆိုပြီး ပုံမှန်မဟုတ်တဲ့ သုက်လွှတ်ခြင်းအခြေအနေကို ၃မျိုး ခွဲခြားနိုင်ပါတယ်။

    များသောအားဖြင့် လိင်မှုကိစ္စကို ရှက်ရွံ့ဖွယ်ရာ အပြစ်တစ်ခုလို မြင်တဲ့ မိသားစု၊ ဘာသာရေးအောက်မှာ ကြီးပြင်းလာသူတွေ၊ ကိုယ့်ချစ်သူအပေါ်မှာ ချစ်ခြင်းမေတ္တာ လျော့နည်းလာတာ၊ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာမှာ ပြင်းပြင်းထန်ထန် ထိခိုက်ခံခဲ့ရတာတွေကြောင့် ဖြစ်နိုင်ပါတယ်။ သုက်လွှတ်စောခြင်းကို ဖြစ်စေတဲ့ ပြဿနာကတော့ ကိုယ့်ရဲ့ လိင်စွမ်းဆောင်ရည်ပေါ်မှာ အရမ်းစိုးရိမ်ပူပန်လွန်တာ၊ ကြာဆေးတွေ အလွယ်တကူ သောက်တာ၊ ပြင်းလွန်းတဲ့ ဆေးတွေရဲ့ နောက်ဆက်တွဲအာနိသင်ကြောင့် ကျောရိုးမှာ ရှိတဲ့ အာရုံကြောတွေ ထိခိုက်မိပြီး သုက်လွှတ်မူမမှန်ခြင်း ဖြစ်နိုင်ပါတယ်။

    ဆီးချိုရောဂါ၊ အာရုံကြောရောဂါ ရှိသူတွေမှာ အဖြစ်များတာကတော့ သုက်ရည် ဆီးအိမ်အနောက်တွင်းသို့ ပြန်ဝင်သွားခြင်း ပါပဲ။ ဆီးအိမ်မှာ ရှိတဲ့ အာရုံကြောတွေဟာ ကောင်းစွာ အလုပ်မလုပ်နိုင်တာ၊ ပျက်စီးနေတာကြောင့် ပုံမှန် ဆီးလမ်းကြောင်းကနေ သုက်ရည်က မထွက်လာဘဲ အနောက်ကို ဆောင့်တက်သွားပြီး ဆီးအိမ်အတွင်း ပြန်ရောက်သွားတာပါ။ ဝမ်းဗိုက်ခွဲစိတ်မှု၊ ဆီးအိမ်၊ ဆီးကျိတ်ခွဲပြီးနောက်မှာလည်း ဒီပြဿနာကို တွေ့ရတတ်ပါတယ်။

    ၂။ လိင်တံကောင်းစွာ မထောင်မတ်နိုင်ခြင်း

    ထိုးသွင်းဆက်ဆံမှု ပြုဖို့အတွက် လိင်တံက ပြည့်ဝစွာ ထောင်မတ်နေဖို့လိုပါတယ်။ ဒီလိုမျိုး လိင်ဆက်ဆံတော့မယ်ဆိုတော့မှ ပျော့ပြီး ကျသွားတယ်ဆိုတာ လိင်တံသွေးကြောအတွင်း သွေးကောင်းစွာ မစီးဆင်းနိုင်လို့ပါ။ သွေးကြောတွေက ကျဉ်းလာတာ၊ အာရုံကြောရောဂါတွေ၊ စိတ်ဖိစီးမှု၊ စိတ်ကျရောဂါ၊ လိင်စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်စိတ်တွေ၊ လိင်တံကို ထိခိုက်မိတာ၊ အပြင်းဖျားတာ၊ ဆေးပြင်းသောက်တာကြောင့် ဒီလက္ခဏာကို တွေ့ရတတ်ပါတယ်။

    ၃။ လိင်စိတ်ဆန္ဒ လျော့နည်းလာခြင်း

    ပုံမှန်ကတော့ အသက်ကြီးလို့ လိင်စိတ်နည်းလာတာ ဖြစ်တတ်ပေမဲ့ အသက်ငယ်ငယ်လေးနဲ့ လိင်စိတ်နည်းလာတဲ့ အမျိုးသားတွေလည်း တဖြည်းဖြည်း များလာပါတယ်။ ကျန်းမာရေးအခြေအနေတွေ၊ စိတ်ဖိစီးမှု အစရှိတဲ့ ပြဿနာတွေအပြင် ကျားဟော်မုန်းတွေ နည်းလာတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။

    ဒီလက္ခဏာတွေကို ဘယ်လိုအဖြေရှာပြီး ကုသမလဲ။

    ရှက်နေရုံနဲ့ ပျောက်သွားမယ့် လက္ခဏာတွေ မဟုတ်လို့ ဒီလိုမျိုးအခြေအနေတွေ ကိုယ့်မှာ ရှိနေတယ်လို့ သံသယရှိရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံး ပြသတိုင်ပင်တာ အကောင်းဆုံးပါပဲ။ များသောအားဖြင့် ပြဿနာအရင်းခံဖြစ်တဲ့ ကျန်းမာရေးပြဿနာတွေ၊ စိတ်ရောဂါတွေကို ကုသဖြေရှင်းနိုင်ပြီဆိုရင် ဒီလက္ခဏာတွေက အနှေးနဲ့အမြန်ပျောက်သွားမှာပါ။

    ဒါကြောင့် ဆရာဝန်နဲ့ သေချာတိုင်ပင်ပါ။ ကိုယ့်ရဲ့ ကျန်းမာရေးနဲ့ စိတ်အခြေအနေကို စစ်ဆေးကြည့်ပါ။ ပြီးတော့မှ ကိုယ့်အတွက် အသင့်တော်ဆုံးဖြစ်မယ့် ကုထုံးနဲ့ စတင် ကုသမှုခံယူပါ။ ဟော်မုန်းအစားထိုး ကုထုံး၊ စိတ်ကုထုံး၊ ဆေးကုသမှု ခံယူခြင်း၊ စက်ပစ္စည်း အထောက်အကူ အစရှိသဖြင့် ကုသနိုင်တဲ့ နည်းလမ်းတွေ အများကြီးရှိတာကြောင့် သိပ်ပြီး စိတ်ပူဖို့ မလိုပါဘူး။

    Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 20/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement