ကမ္ဘာ့ကပ်ရောဂါအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) က ထုတ်ပြန်ကြေညာထားတဲ့ COVID_19 ဖြစ်ပွားနေချိန်မှာ သာမန်လူတွေတောင် စိုးရိမ်နေတယ်ဆိုရင် ဘေဘီလေးကို လွယ်ထားရတဲ့ မေမေတွဆို ပိုကြောက်နေနိုင်ပါတယ်။ ကြောက်ရွံ့မှုနဲ့အတူ မေးချင်နေမယ့် မေးခွန်းတွေလည်း ရှိနေလောက်ပါတယ်။ ဒီမေးခွန်းတေါထဲကမှ မေမေတွေ သိချင်နေလောက်မယ့် မေးခွန်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
ကိုယ်ဝန်ဆောင်မေမေတွေ မေးချင်နေလောက်မယ့် မေးခွန်းများ
ကိုယ်ဝန်ဆောင်နေချိန်က မေမေရော ဘေဘီလေးအတွက်ပါ အရေးကြီးပါတယ်။ ဒီအရေးအကြီးဆုံးအချိန်မှာ COVID_19 ကို ကြောက်ရွံ့နေတဲ့ မေမေတို့အနေနဲ့ စိုးရိမ်နေတာတွေက ဖြစ်နိုင်ခြေရှိလားဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။
ကိုယ်ဝန်ဆောင်မေမေတွေက အခြားသူတွေထက် COVID_19 ကူးစက်ခံရနိုင်ခြေ ပိုများနေသလား………..
ဒီကိစ္စကို အတိအကျ အဖြေထုတ်နိုင်ဖို့ သုတေသနေတွေလုပ်ဆောင်နေပါတယ်။ COVID_19 ကလူတိုင်းကို ကူးစက်နိုင်သလို ကိုယ်ဝန်ဆောင် မေမေတို့ကိုလည်း ကူးစက်နိုင်ပါတယ်။ အခုထိတော့ COVID_19 က ကိုယ်ဝန်ဆောင်မေမေတွေမှာ အခြားသူထက် ကူးစက်နိုင်ခြေ ပိုများသလားဆိုတာကတော့ အတိအကျပြောနိုင်ဖို့ခက်ပါမယ်။
ကိုယ်ဝန်ဆောင်ချိန်မှာ မေမေတွေက ပုံမှန်ထက် ကိုယ်ခံအား ပိုနည်းနေတတ်တာကတော့ အမှန်ပါ။ ဒါကြောင့် အကောင်းဆုံးကတော့ ကာကွယ်ဖို့ပါ။
ကိုယ်ဝန်ဆောင်မေမေအနေနဲ့ COVID-19 ကူးစက်မှုကနေ ကာကွယ်နိုင်သလား……..
ကိုယ်ဝန်ဆောင်မေမေတွေအနေနဲ့လည်း အခြားသူတွေနည်းတူ ဒီရောဂါဆိုးကြီး အန္တရာယ်ကနေ ကာကွယ်နိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်မေမေတို့အနေနဲ့ COVID_19 အန္တရာယ်ကနေ ကာကွယ်ဖို့ဆိုရင်
- မကြာခဏ လက်ကို ဆပ်ပြာနဲ့ရေသုံးပြီး ဆေးကြောသန့်စင်ပါ။ ရေမလွယ်ဘူးဆိုရင် အယ်လ်ကိုဟော ၆၀ ရာခိုင်နှုန်းပါတဲ့ ရေမလိုလက်သန့်ဆေးရည်အသုံးပြုပြီး ဆေးကြောသန့်စင်ပါ။
- လူထူထပ်တဲ့နေရာတွ၊ လူစုလူဝေးနေရာတွေကို မသွားပါနဲ့။
- မျက်လုံး၊ နှာခေါင်း နဲ့ ပါးစပ်တို့ကို လက်နဲ့မထိပါနဲ့
- ချောင်းဆိုး၊ နှာချေတဲ့အခါ ပါးစပ်နဲ့နှာခေါင်းကို တစ်သျှူးနဲ့ အုပ်ပါ။ ပြီးတာနဲ့ တစ်သျှူးကို အမှိုက်ပုံးထဲ သေချာစွာစွန့်ပစ်ပါ။
- တကယ်လို့ အဖျားရှိမယ်၊ ချောင်းဆိုးမယ်၊ အသက်ရှူရခက်ခဲမယ်ဆိုရင် ချက်ချင်း ကုသမှုခံယူပါ။
ကိုယ်ဝန်ဆောင်မေမေအနေနဲ့ COVID_19 ကို စစ်ဆေးမှုလုပ်သင့်လား………
ဒါကတော့ ကိုယ်ဘယ်မှာနေထိုင်သလဲဆိုတဲ့ အပေါ်မူတည်ပါတယ်။ ရောဂါကူးစက်ခံထားရသူနဲ့ ထိတွေ့မိတာ၊ ရောဂါကူးစက်ဖြစ်ပွားနေတဲ့ ဒေသမှာ နေထိုင်တာမျိုးဆိုရင်တော့ စစ်ဆေးသင့်ပါတယ်။
ဒီလိုမှမဟုတ်ဘဲ ရောဂါလက္ခဏာတွေ ရှိနေမယ်ဆိုရင်လည်း စစ်ဆေးသင့်ပါတယ်။ ပုံမှန်အတိုင်းကတော့ စစ်ဆေးဖို့ မလိုပါဘူး။
COVID-19 က မိခင်ကနေ ကလေးဆီကို ကူးစက်နိုင်လား……………..
COVID-19 ကမိခင်ကနေ ကလေးဆီကို ကူးစက်နိုင်သလားဆိုတာကို အခုထိ တိတိကျကျ မသိရသေးပါဘူး။ ဒီလိုကူးစက်မှု့ ကိုယ်ဝန်လွယ်ထားရချိန်မှာလား ၊ မွေးဖွားစဉ်မှာလားဆိုတာကိုလည်း တိတိကျကျ မသိရသေးပါဘူး။ ဒီဗိုင်းရပ်စ်ကို အခုချိန်ထိ ရေမြွှာရည်နဲ့ မိခင်နို့ထဲမှာ ရှင်သန်နိုင်တယ်၊လို့ မတွေ့ရသေးပါဘူး။
မိခင်က COVID_19 ကူးစက်ခံထားရရင် ခွဲမွေးဖို့လိုမလား………….
မလိုပါဘူး။ WHO က ခွဲမွေးတယ်ဆိုတာက မွေးဖွားဖို့ ခက်ခဲတဲ့ အခြေအနေမျိုးမှာမှ လိုအပ်မှာပါ။ မိခင်က ရောဂါပိုး ကူးစက်ခံထားရတယ်ဆိုရင်တောင် ရိုးရိုးမွေးဖွားနိုင်မယ်ဆိုရင် မွေးဖွားလို့ရပါတယ်။ လိုအပ်မယ်ဆိုရင် ဆရာဝန်က ခွဲမွေးဖို့ ညွှန်ကြားပါလိမ့်မယ်။
မိခင်က COVID_19 ကူးစက်ခံထားရရင် ကလေးကို နို့တိုက်လို့ရပါ့မလား………
ရပါတယ်။ မိခင်က COVID_19 ကူးစက်ခံထားရပေမယ့် ဆန္ဒရှိရင် ကလေးကို နို့တိုက်လို့ရပါတယ်။ ဒါပေမယ့်
- နို့ချိုတိုက်ကျွေးနေတဲ့အခါ နှာခေါင်းစည်း တပ်ဆင်ရပါမယ်
- ကလေးကို မချီခင် လက်ကို သေချာစင်ကြယ်စွာ ဆေးကြောရပါမယ်
- မကြာခဏဆိုသလို ကိုင်တွယ်ထိတွေ့တဲ့အရာတိုင်းကို ပိုးသတ် သန့်စင်ရပါမယ်။
မိခင်က COVID_19 ကူးစက်ခံထားရရင် ကလေးကို ချီလို့ရပါ့မလား………..
ရပါတယ်။ ဒါပေမယ့် ကလေးကို ရောဂါပိုး မကူးစက်စေဖို့အတွက်ဆိုရင် မေမေအနေနဲ့
- နို့ချိုတိုက်ကျွေးနေတဲ့အခါ နှာခေါင်းစည်းတပ်ဆင်ရပါမယ်
- ကလေးကို မချီခင် လက်ကို သေချာစင်ကြယ်စွာ ဆေးကြောရပါမယ်
- မကြာခဏဆိုသလို ကိုင်တွယ်ထိတွေ့တဲ့အရာတိုင်းကို ပိုးသတ် သန့်စင်ရပါမယ်
- နှာချေ၊ချောင်းဆိုးတဲ့အခါ ပါးစပ်နဲ့နှာခေါင်းကို တစ်သျှူးစနဲ့သေချာ အုပ်ပြီး၊ တစ်သျှူးစကို အမှိုက်ပုံးထဲ စွန့်ပစ်ပါ။ လက်ကို သေချာ စင်ကြယ်စွာ ဆေးကြောပါ။
Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
[covid_19]
[embed-health-tool-bmi]