အိမ်ထောင်စု တစ်စုမှာ ဘေဘီလေး ရောက်ရှိလာခြင်းက ပျော်စရာကောင်းတဲ့ ကိစ္စတစ်ရပ်ပါ။ ဘေဘီလေးဆိုတာ တစ်အိမ်လုံးရဲ့ ချစ်မဝတဲ့ သူတွေပါ။ ဒီလိုကာလမှာ ဘေဘီလေး တစ်ယောက် မွေးဖွားလာတဲ့အခါ အရင်ကထက် ပိုပြီး ဂရုစိုက်ဖို့ လိုပါမယ်။ အကြောင်းကတော့ ကိုဗစ်ဆိုတဲ့ ကပ်ရောဂါဆိုးကြီး ဖြစ်ပွားနေလို့ပါပဲ။ ဒီတော့ ဘေဘီလေး ရောက်ရှိလာတာကြောင့် ပျော်ရွင်နေရတဲ့ အပျော်လေးတွေ ပျောက်မသွားစေဖို့အတွက် မွေးကင်းစ ဘေဘီလေးကို ကိုဗစ်ကာလမှာ ဒီလို ကာကွယ်ပါ ။
ဘေဘီလေးက ကိုဗစ် ဖြစ်နိုင်လား………
ဘေဘီလေးတွေက လူကြီးတွေလို ရောဂါလက္ခဏာ မပြင်းထန်ပေမယ့် လုံးဝ မကူးစက်တာမျိုး မဟုတ်ပါဘူး။ ဘေဘီလေးတွေရဲ့ ကိုဗစ်ကူးစက်ခံရနိုင်ခြေက အယောက် ၁၀၀၀ မှာ ၂၅ ဦးလောက် ရှိပါတယ်။ ဘေဘီလေးတွေရဲ့ ကိုယ်ခံအားက ဖွံ့ဖြိုးဆဲ ဖြစ်တာကြောင့် လူကြီးတွေလို တုံ့ပြန်အား သိပ်မပြင်းထန်တာပါ။
မွေးကင်းစ ဘေဘီလေးကို ကိုဗစ်ကာလမှာ ဒီလို ကာကွယ်ပါ
ဘေဘီလေးကို ကိုဗစ်ရန်ကနေ ကင်းဝေးစေဖို့ ဖေဖေမေမေတို့အနေနဲ့ ဒီအချက်လေးတွေကို ဂရုစိုက်ဖို့ လိုပါမယ်။
ဘေဘီလေးကို မတ်ခ် မတပ်ပေးပါနဲ့
ဘေဘီလေးကို မတ်ခ် မတပ်ပေးပါနဲ့ဆိုလို့ နည်းနည်းများ ဆန်းသွားလား။ အသက် ၂ နှစ်အောက် ဘေဘီလေးတွေကို မတ်ခ် တပ်ပေးလို့ မရပါဘူး။ ဘေဘီလေးကို မတ်ခ် တပ်ထားပေးတာက လှုပ်ရင်းရှားရင်း ဘေဘီလေးကို နှာခေါင်း၊ ပါးစပ်စတာတွေကို ပိတ်ဆို့မှု ဖြစ်စေပြီး မွေးကင်းစ ကလေးငယ် ရုတ်တရက် သေဆုံးမှု (SIDS) ဖြစ်စေနိုင်တာကြောင့်ပါ။
ဒါကြောင့် ဘေဘီလေးကို မတ်ခ်မတပ်ပေးဘဲ ဘေဘီလေး အနားမှာ နေမယ့် သူတွေ မေမေဖေဖေ ဘွားဘွား၊ တီတီတို့က တပ်ထားတာ အကောင်းဆုံး နည်းလမ်းပါ။
ပိုးသတ်သန့်စင်ပါ
ဘေဘီလေးကို မချီခင်မှာ လက်တွေကို ရေနဲ့ ဆပ်ပြာသုံးပြီး သေချာလေး သန့်စင်ပေးပါ။ ဘေဘီလေးရဲ့ အသုံးအဆောင်တွေကိုလည်း သေချာလေး ပိုးသတ်ဖို့ မမေ့ပါနဲ့။ ဒါက ဘေဘီလေးကို ကိုဗစ်ရန်ကနေ အထိရောက်ဆုံး ကာကွယ်ရာ ရောက်ပါတယ်။
ဘေဘီလေးကို သူစိမ်းတွေနဲ့ ပေးမတွေ့ပါနဲ့
ဘေဘီလေး မွေးပြီဆိုတာကို ကြားရရင်ကို ဘေဘီလေးကို တွေ့ချင်တဲ့သူတွေကလည် အများကြီး နေမှာပါ။ အခုကာလက ကိုဗစ်တွေ ဖြစ်ပွားနေတာကြောင့် ဘေဘီလေးကို လာကြည့်သမျှ ဧည့်သည်နဲ့ ထိတွေ့ခွင့် မပေးပါနဲ့။
အိမ်ကို ဧည့်သည်တွေ များများလာလေလေ ကိုဗစ် ကူးစက်ခံရနိုင်ခြေ များလေလေပါ။ ဒါကြောင့် ဘေဘီလေးကို ဧည့်သည်တွေနဲ့ အများကြီး ပေးမတွေ့မိဖို့ သတိထားစေချင်ပါတယ်။
social distance မမေ့ပါနဲ့
ဘေဘီလေးကို ပုံမှန် ဆေးခန်းပြတာနဲ့ ကာကွယ်ဆေး ထိုးချိန်ကလွဲပြီး ကျန်တဲ့အချိန်တွေမှာ အပြင်ကို ခေါ်သွားတာမျိုး မလုပ်ပါနဲ့။ ဘေဘီလေးကို မဖြစ်မနေ အပြင် ခေါ်သွားဖို့ လိုမယ်ဆိုရင် လူထူထပ်တဲ့ နေရာတွေကို ရှောင်ဖို့ လိုပါမယ်။ ဘေဘီလေးကို သူစိမ်းတွေနဲ့ အနည်းဆုံး ၆ ပေ ခွာပြီး နေဖို့ လိုပါမယ်။
ဘေဘီလေးကို ပုံမှန် ကျန်းမာရေး စစ်ဆေးမှု လုပ်ပေးပါ
ဘေဘီလေးကို ပုံမှန် ကျန်းမာရေး စစ်ဆေးမှု လုပ်ဖို့က တော်တော်လေး အရေးကြီးပါတယ်။ ဒါကြောင့် ဘေဘီလေးကို ကိုဗစ်ကာလဆိုပေမယ့်လည်း ကျန်းမာရေး စစ်ဆေးမှုကို ပုံမှန် လုပ်ပေးဖို့ လိုပါမယ်။ ဆေးခန်းတွေ မဖွင့်ဘူးဆိုရင်လည်း အွန်လိုင်းကနေပဲဖြစ်ဖြစ် သေချာလေး ကျန်းမာရေး စောင့်ရှောက်မှု ခံယူပေးဖို့ လိုပါမယ်။
သတိထားဖို့ လိုမယ့် ဘေဘီလေးရဲ့ ကိုဗစ် လက္ခဏာများ
ဘေဘီလေးကို အခုလို လက္ခဏာလေးတွေ ခံစားရလားဆိုတာကို သေချာလေး စောင့်ကြည့်ဖို့ လိုပါမယ်။
- အဖျားက ၁၀၀.၄ ဒီဂရီ ဖာရင်ဟိုက်ထက် များနေလား
- နှာစေးလား
- ချောင်းဆိုးလား
- အော့အန်လား
- ဝမ်းပျက်လား
- အစားနည်းလား (နို့သိပ်မစို့တာမျိုး ရှိလား)
- အရမ်း ပင်ပန်းနေလား
- အသက်ရှူရခက်နေလား ဆိုတာကို အမြဲမပြတ် သေချာလေး စောင့်ကြည့်စေချင်ပါတယ်။
ကဲ …….. ဘေဘီလေးကို ကိုဗစ်ရန်ကနေ အကောင်းဆုံး ကာကွယ်ပေးလိုက်ရအောင်လား မေမေဖေဖေတို့ရေ……….
[embed-health-tool-bmi]