backup og meta

ကိုဗစ်အတွက် အိမ်သုံးဆေး နည်းများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 24/04/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုဗစ်အတွက် အိမ်သုံးဆေး နည်းများ

    ကိုဗစ်ဖြစ်တဲ့သူတိုင်းကတော့ ပြင်းထန်ကြတာ မဟုတ်ပါဘူး။ အများစုက သာမန်လက္ခဏာလောက်ပဲ ခံစားရပြီး နေပြန်ကောင်းသွားကြပါတယ်။ ဒီလို မပြင်းထန်တဲ့ အခြေအနေဆိုရင် အိမ်မှာပဲ ကိုယ့်ဟာကိုယ် ဆေးဝယ်သောက်ပြီး သက်သာအောင် နေလို့ ရပါတယ်။ ကိုဗစ်က ဗိုင်းရပ်စ်ဖြစ်တဲ့အတွက် ခုခံအားကို အားကိုးပြီး တိုက်ရမှာပါ။ ခုဆောင်းပါးမှာ ပြောပြမယ့် ဆေးတွေက ခံစားနေရတဲ့ လက္ခဏာ သက်သာအောင် သောက်ပေးနိုင်တဲ့ ဆေးတွေပဲ ဖြစ်ပါတယ်။ ဆေးဆိုင်မှာ ဆရာဝန်ညွှန်ကြားချက် မလိုဘဲ အလွယ်တကူ ဝယ်သောက်နိုင်တဲ့ အိမ်သုံးဆေး တွေပဲ ဖြစ်ပါတယ်။

    ကိုဗစ်လက္ခဏာများနဲ့ အိမ်သုံးဆေး နည်းများ

  • ဖျားရင်
  • ဖျားရင် ပါရာစီတမော သောက်ပေးနိုင်ပါတယ်။ အရွယ်ရောက်ပြီးသား သူဆိုရင် ပါရာစီတမော ၅၀၀ မီလီဂရမ် တစ်ကြိမ်မှာ ၁ပြား (သို့) ၂ပြား (သို့) ၆၅၀ မီလီဂရမ် ၁ပြား ကို တစ်ရက် ၄ကြိမ် သောက်နိုင်ပါတယ်။ တစ်ကြိမ်နဲ့ တစ်ကြိမ် အနည်းဆုံး ၄နာရီ ခြားသင့်ပါတယ်။

    ၁၈နှစ်အောက် ဒါမှမဟုတ် ကိုယ်အလေးချိန် ၅၀ ကီလိုဂရမ်  (ပေါင် ၁၁၀) အောက် ဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ သောက်ပါ။

    ကလေးတွေ ဆိုရင်တော့ ဆေးပြားထက် ဆေးရည်က ပိုအဆင်ပြေနိုင်ပါတယ်။ ပေါင်ချိန်/ အသက်အလိုက် တိုက်ရတာ ဖြစ်တဲ့အတွက် ဆေးဘူးက အညွှန်းကို အရင်ဖတ်ပြီးမှ တိုက်ပါ။

    ဆေးသောက်ပြီး ဆေးရှိန်ပြယ်တဲ့အခါ ပြန်ဖျားတတ်ပါတယ်။ ဆေးပတ်လည်အောင် တိုက်ပေးပါ။

    ဒါ့ပြင် ရေပတ်ဝတ်ကပ်ပေးပါ။ ရိုးရိုးရေ (ရေခဲရေ မဟုတ်)ကို အဝတ်စိုအောင် လုပ်၊ သေချာညှစ်ပြီး လည်ပင်း၊ ချိုင်းကြား၊ ပေါင်ခြံမှာ တင်ထားပေးပါ။ အဝတ်မစိုတော့ရင် လဲပေးပါ။ ရေချိုးလို့ရပါတယ်။ ရိုးရိုးရေ၊ ရေကျက်သီးနွေးနဲ့ ချိုးပေးပါ။ ခေါင်းလျှော်လို့လည်း ရပါတယ်။ ခပ်မြန်မြန်လျှော်ပြီး သေချာခြောက်အောင် သုတ်ပေးပါ။ နေမကောင်းတဲ့အချိန်မှာ တစ်ကိုယ်ရည် သန့်ရှင်းရေးကလည်း အရေးကြီးပါတယ်။

    ပါရာစီတမောကို ဖျားတာအပြင် ခေါင်းကိုက်တာ၊ ကိုယ်လက်ကိုက်တာတွေအတွက်လည်း သောက်လို့ရပါတယ်။ ဆေးပမာဏ အတူတူပဲ ဖြစ်ပါတယ်။

    • ချောင်းဆိုးရင်

    ချောင်းက ချွဲထတာနဲ့ ရိုးရိုးချောင်းခြောက်ရယ်ဆိုပြီး ရှိပါတယ်။

    ချွဲထွက်တာ ဒါမှမဟုတ် လည်ချောင်းမှာ တစ်ခုခုကပ်နေသလို ခံစားရတဲ့အခါ ချွဲပျော်ဆေးကို သောက်ရပါတယ်။ ဆေးအမျိုးမျိုး ရှိပါတယ်။ ဆေးဘူးမှာ Mucolytics, Expertorantစတဲ့ စာလုံးတွေကို ရှာပါ။ ချွဲပျော်ဆေးလို့ မေးဝယ်ပါ။ ချွဲက အရောင်ပါလာရင် ဆရာဝန်နဲ့ ပြပါ။

    ချောင်းခြောက်ဆိုရင်တော့ Dextromethophanစာပါတဲ့ ဆေးတွေ ဝယ်သောက်ပါ။ ဆေးဘူးမှာ dry coughဆိုတဲ့ စာသားကို ရှာပါ။ ချောင်းဆိုးပျောက်ဆေးလို့ မေးဝယ်ပါ။

    ဆေးတွေက အရည်၊ အခဲ မျိုးစုံလာပါတယ်။ ဆေးပမာဏကို သိဖို့ ဆေးအညွှန်းကို သေချာ ဖတ်ပါ။ အများစုကတော့ ၃ခါ (သို့) ၄ခါ သောက်ရလေ့ရှိပါတယ်။

    ဒီဆေး၂ခုက မှားလို့ မရပါဘူး။ ချွဲပျော်ဆေးက ချွဲတွေ ထွက်မှ သက်သာမှာမို့လို့ ဆေးသောက်ပြီးတဲ့အခါ ချောင်းနည်းနည်း ပိုဆိုးပါလိမ့်မယ်။ ဒါပေမယ့် သလိပ်တွေ ထွက်သွားတဲ့အတွက် နေရတာ ချောင်သွားပါတယ်။ ချောင်းဆိုးပျောက်ဆေးကတော့ ဦးနှောက်က ချောင်းဆိုးတဲ့ စင်တာကို ထိန်းလိုက်လို့ ချောင်းဆက်မဆိုးတော့ပါဘူး။

    ချွဲထနေတာကို ချောင်းဆိုးပျောက်ဆေး သောက်မိရင် ချွဲလည်း မထွက်၊ ချောင်းလည်း မဆိုးဘဲ အထဲမှာ အောင်းနေမှာပါ။ ချောင်းဆိုးတာကို ချွဲပျော်ဆေး သောက်မိရင်လည်း ချွဲမထွက်ဘဲ ချောင်းပဲ ပိုဆိုးလာမှာပါ။

    • နှာစေးရင်

    နှာစေးရင် သောက်လို့ရတာတွေက

    -Diphenhydramine ၂၅-၅၀ မီလီဂရမ် တစ်နေ့ ၃ကြိမ်မှ ၄ကြိမ် (၃ကြိမ်ဆို ၈နာရီခြား၊ ၄ကြိမ်ဆို ၆နာရီခြား သောက်ပေးပါ။) ဒီဆေးကို ဘာမီတွန်လို့ လူသိများပါတယ်။ အိပ်ငိုက်ပါတယ်။ တစ်ခုကောင်းတာက နှာ-လည်း စေးတယ်၊ ညဘက်လည်း အိပ်မပျော်ဘူးဆိုရင်တော့ သောက်သင့်ပါတယ်။ အိပ်ချိန်လေးနဲ့ ကပ်သောက်ပေးပါ။

    -Cetrizine ၁၀ မီလီဂရမ် တစ်နေ့ တစ်ကြိမ်ပါ။ သူကတော့ ဘာမီတွန်လောက် အိပ်မငိုက်ပါဘူး။ တချို့ကလည်း ငိုက်တယ်လို့ ပြောကြပါတယ်။

    -Loratadine ၁၀ မီလီဂရမ် တစ်နေ့ တစ်ကြိမ်ပါပဲ။

    ဒီဆေးတွေက အကုန်သောက်ရမှာ မဟုတ်ပါဘူး။ ဝယ်လို့ အဆင်ပြေတဲ့ တစ်မျိုးပဲ သောက်ရင် ရပါပြီ။

    နှာစေးတာမဟုတ်ဘဲ နှာပိတ်တာဆိုရင်တော့ Pseudoephedrine ၆၀ မီလီဂရမ်ကို တစ်နေ့ ၄ကြိမ်ထိ သောက်ပေးနိုင်ပါတယ်။

    ဒါ့ပြင် ရေနွေးငွေးရှူတာ၊ ရေနွေးဝတ်လေး နှာခေါင်းပေါ်တင်ပေးတာလည်း လုပ်လို့ရပါတယ်။

  • ဝမ်းလျှောရင်
  • ဝမ်းလျှောရင်တော့ ဝမ်းပိတ်ဆေး တန်းမသောက်ပါနဲ့ဦး။ ဓာတ်ဆားသာ နိုင်နိုင်သောက်ပေးပါ။ အောက်က ထွက်သမျှကို အပေါ်က ပြန်ဖြည့်ပေးဖို့ လိုပါတယ်။ ဆေးသောက်မယ်ဆို Probioticsတွေ သောက်ပေးနိုင်ပါတယ်။ ဒိန်ချဉ် စားပေးနိုင်ပါတယ်။

    • အန်ရင်

    Domperidone ၁၀ မီလီဂရမ် ၈နာရီခြား တစ်နေ့ ၃ကြိမ် သောက်ပေးပါ။ အစာမစားခင် ၁၅မိနစ်၊ နာရီဝက် ကြိုသောက်ပေးပါ။

    • လည်ချောင်းနာရင်

    လည်ချောင်းနာရင် ငုံဆေးပြားလေးတွေ ငုံပေးပါ။ ဆားရည်နဲ့ ပလုပ်ကျင်းပေးပါ။ အရည်များများ သောက်ပေးပါ။

    အိမ်သုံးဆေးများနဲ့ ပတ်သက်ပြီး အရေးကြီးတဲ့ အချက်များ

    • ဆေးတွေကို တံဆိပ်နာမည်နဲ့ ဝယ်တာထက် ပါဝင်ပစ္စည်းနဲ့ လိုက်ရှာတာက ပိုပြီး ဝယ်ရလွယ်စေပါတယ်။ ခုလိုကာလမှာ ဘရန်းအစွဲ သိပ်မထားပါနဲ့။
    • ဆေးတွေကို လူကြီးအတွက်ပဲ ရေးထားတာ ဖြစ်တဲ့အတွက် ကလေးအတွက်ဆို ဆရာဝန်နဲ့ တိုင်ပင်ပါ။ ဒါမှမဟုတ် ဆေးအညွှန်း သေချာ ဖတ်ပါ။
    • ဒီဆေးတွေက လက္ခဏာ သက်သာစေတဲ့ ဆေးတွေ ဖြစ်တဲ့အတွက် စွဲသောက်စရာ မလိုပါဘူး။ သက်သာလာရင် ရပ်လိုက်လို့ ရပါတယ်။
    • ဒါပေမယ့် ဆေးပတ်လည်အောင် သောက်ဖို့ လိုပါတယ်။ ပမာဏ၊ အကြိမ် ပြည့်အောင် သောက်ပါ။
    • မလိုအပ်ဘဲ ပိုးသတ်ဆေးတွေ၊ စတီးရွိုက်ဆေးတွေ ဝယ်မသောက်ပါနဲ့။ ဒါတွေက ခုပြောတဲ့ OTC အိမ်သုံးဆေးတွေနဲ့ မတူပါဘူး။ ဆရာဝန်ညွှန်မှ သောက်သင့်ပါတယ်။
    • လူနာအနေနဲ့ မိမိအခြေအနေကို ပုံမှန်စစ်ဆေးပါ။ လက္ခဏာတွေ မသက်သာရင် ဆရာဝန်နဲ့ပြပါ။ အသက်ကြီးတဲ့သူ၊ ရောဂါအခံရှိတဲ့သူဆိုရင်တော့ လက္ခဏာစပြတဲ့နေ့တည်းက ဆရာဝန်နဲ့ ပြထားဖို့ လိုပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 24/04/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement