backup og meta

အသက်ရှူလမ်းကြောင်း ကို ရောဂါပိုးဒဏ်ကနေ ကာကွယ်ကြမယ်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 13/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အသက်ရှူလမ်းကြောင်း ကို ရောဂါပိုးဒဏ်ကနေ ကာကွယ်ကြမယ်။

    အသက်ရှူလမ်းကြောင်း ဆိုတာ ခန္ဓာကိုယ်ရဲ့ ရှေ့တန်းခံတပ်ပါပဲ။ အသက်ရှင်ဖို့ လိုအပ်တဲ့ အောက်ဆီဂျင်ကို ရှူသွင်းရင်း နောက်မှာ မလိုလားအပ်တဲ့ အမှုန်တွေ၊ ဖုန်တွေ၊ ရောဂါပိုးတွေပါ ပါလာတတ်ပါတယ်။ ဒါတွေကို အသက်ရှူလမ်းကြောင်းက ရှင်းထုတ်ပေးရတာပါ။

    အသက်ရှူလမ်းကြောင်းလို့ ပြောရင် တော်တော်များများက အဆုတ်ကိုပဲ ပြေးမြင်ကြပါတယ်။ တကယ်တော့ အသက်ရှူလမ်းကြောင်းက နှာခေါင်းကစလို့ ဟိုးအဆုတ်လေအိတ်ငယ်လေးတွေအထိ ပါပါတယ်။ အဲ့ဒီနေရာအထိ ရောဂါပိုး မဝင်ဖို့ဆိုရင် အသက်ရှူလမ်းကြောင်း အစတည်းက သေချာဂရုစိုက်ရမှာပါ။ ခုချိန်မှာ COVID-19ကလည်း ရှိနေတော့ ပိုလို့တောင် ဂရုစိုက်ရပါဦးမယ်။ သူက အသက်ရှူလမ်းကြောင်းကနေ အဓိက ဝင်တာဆိုတော့လေ။ ဒါကြောင့် အသက်ရှူလမ်းကြောင်း ကျန်းမာနေဖို့၊ ရောဂါပိုးဒဏ်ကနေ ကာကွယ်နိုင်ဖို့ ဘာတွေလုပ်ရမလဲဆိုတာ ပြောပြပေးပါမယ်။

    (၁) လက်ဆေးပါ။

    လက်မှာ ဖုန်တွေ၊ ရောဂါပိုးတွေ အများကြီး ရှိပါတယ်။ လက်ကို ရေနဲ့ ဆပ်ပြာသုံးပြီး သေချာဆေးမယ်၊ MEN (mouth, eyes, nose) ကို လက်နဲ့ မထိဘူးဆိုရင် ရောဂါပိုးတွေ အသက်ရှူလမ်းကြောင်းထဲ ဝင်လာတာကို လျှော့ချပေးနိုင်ပါတယ်။

    (၂) ခံတွင်းနဲ့ အသက်ရှူလမ်းကြောင်း သန့်ရှင်းနေပါစေ။

    ဆိုလိုတာက ဒီလိုနေရာက ရောဂါပိုးတွေနဲ့ နေ့တိုင်းထိတွေ့နေရတာမို့လို့ တစ်ခုခု နေလို့မကောင်းတာနဲ့ အမြန်ကုသဖို့ လိုပါတယ်။ ရောဂါပိုးကို ထားဦး။ ဟိုတလောက လေထုညစ်ညမ်းမှုလေး နည်းနည်းတက်လာလိုက်တာ တော်တော်များများ လည်ပင်းနာတာတွေ၊ နှာစေးတာတွေ ဖြစ်လာကြတယ် မဟုတ်လား။ ဒီလိုသာ ခဏခဏ ထိခိုက်နေရင် ခုခံအားက ရောဂါပိုးတွေ တကယ်ဝင်လာတဲ့အခါ ခံနိုင်ရည်မရှိပဲ ဖြစ်နေပါလိမ့်မယ်။ ဒါကြောင့် ခံတွင်းနဲ့ အသက်ရှူလမ်းကြောင်းကို သန့်ရှင်းရေး လုပ်ဖို့ လိုတာပေါ့။

    တစ်ခုခု ဓာတ်မတည့်လို့ ဖြစ်ဖြစ်၊ ပူလိုက်အေးလိုက်ဖြစ်လို့ နှာရည်ယို နှာပိတ်ဖြစ်နေရင် ခုချိန် အိမ်မှာ အလွယ်လုပ်နိုင်တာက ဆားရည်လေးနဲ့ နှာခေါင်းကို ကျင်းပေးတာပါပဲ။  နောက်တစ်ခုက အာသီးရောင်တာပါ။ နွေရာသီမှာ ပူပြီး ခြောက်သွေ့တဲ့ လေကို ရှူမိလို့ပဲ ဖြစ်ဖြစ်၊ ဖုန်တွေ ရှူမိလို့ပဲ ဖြစ်ဖြစ် အာသီးတွေရောင်ပြီး လည်ပင်းတွေ နာလာတတ်ပါတယ်။ ဒီအခါမှာ ဆားရည်လေးနဲ့ အာလုပ်ကျင်းတာက ပိုးသေပြီး လည်ချောင်းနာတာကို မြန်မြန် သက်သာစေမှာပါ။

    သိပ်မကြာခင်မှာ မိုးတွင်းရောက်လာတော့မှာပါ။ ဒီလိုရာသီဥတု အကူးအပြောင်းမှာ တုပ်ကွေးဖြစ်ပြီး နှာစေးချောင်းဆိုးတာ၊ လည်ပင်းတွေယားပြီး ချောင်းဆိုးတာတွေ ဖြစ်တတ်ပါတယ်။ နှာစေးတာ၊ လည်ပင်းနာတာ၊ အာသီးရောင်တာတွေက မြန်မြန်သက်သာအောင် လုပ်ရမှာပါ။ ဒါမှ သူတို့ရဲ့ ခုခံအားလုပ်ငန်းကို မြန်မြန်ပြန်လုပ်နိုင်ပြီး အဆုတ်ထဲထိ ရောဂါပိုးတွေ ဝင်မလာအောင် ကာကွယ်နိုင်မှာပါ။

    (၃) နှာခေါင်းစည်း တပ်ပါ။ 

    အထူးသဖြင့် ဒီကာလမှာ အပြင်ကို မထွက်မဖြစ် ထွက်ရတော့မယ်ဆိုရင် လူတွေနဲ့ ခပ်ခွာခွာနေပါ။ နှာခေါင်းစည်း တပ်ပါ။ ဘာမှ မရှိရင် အနည်းဆုံး အဝတ်နှာခေါင်းစည်းလောက်တော့ တပ်ပါ။ သူများဆီက နှာချေ ချောင်းဆိုးလို့ ထွက်လာတဲ့ ထွက်လာတဲ့ အမှုန်အမွှားတွေကနေ အတန်အသင့်တော့ ကာကွယ်ပေးပါလိမ့်မယ်။

    (၄) ဆေးလိပ်မသောက်ပါနဲ့။

    ဒီကာလမှာ ဆေးလိပ်မသောက်ပါနဲ့။ သောက်တဲ့သူတွေကလည်း တတ်နိုင်ရင် ဆေးလိပ် ဖြတ်လိုက်ပါ။ ဆေးလိပ်မှာပါတဲ့ ဓာတ်ပစ္စည်းတွေက အဆုတ်ကို ပျက်စီးစေပြီး ရောဂါပိုးတွေ ဝင်ရလွယ်စေပါတယ်။

    (၅) လေ့ကျင့်ခန်း လုပ်ပါ။

    လေ့ကျင့်ခန်း လုပ်တဲ့အခါ အသက်ဝဝရှူရတဲ့အတွက် လေတွေက အဆုတ်ရဲ့ လေအိတ်ငယ်တွေအထိ ရောက်သွားပါတယ်။ အားနဲ့ ရှူသွင်း ရှူထုတ် လုပ်နေတာ ဖြစ်တဲ့အတွက် အသက်ရှူလမ်းကြောင်းတစ်လျှောက်က ရောဂါပိုးတွေ အပြင်ကို ရောက်သွားပါတယ်။ နောက်ပြီး ခုခံအားကိုလည်း တက်စေပါတယ်။

    (၆) ကိုယ်ခံအား ကောင်းအောင် နေပါ။

    ကိုယ်ခံအားကောင်းအောင် နေတာက ရောဂါတွေကို တိုက်ထုတ်ဖို့ အသင့်ပြင်ထားသလိုပါပဲ။ ဒါကြောင့် ဒီကာလမှာ ရောဂါပိုးတွေကို ကာကွယ်နိုင်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်တဲ့ အစားအသောက်တွေကို စားပြီး ကိုယ်ခံအားကို မြှင့်တင်ထားရပါမယ်။

    ဒီလိုသာ ပြင်ဆင်ထားမယ်ဆိုရင်  အသက်ရှူလမ်းကြောင်းကနေ ဝင်လာမယ့် ရောဂါပိုးတွေကို အတန်အသင့် ကာကွယ်ထားပြီးသား ဖြစ်သွားမှာပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 13/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement