backup og meta

Covid-19 ကာလမှာ ရေဓာတ်မခန်းခြောက်အောင် ဂရုစိုက်ကြမယ်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 15/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    Covid-19 ကာလမှာ ရေဓာတ်မခန်းခြောက်အောင် ဂရုစိုက်ကြမယ်

    ခုရက်ပိုင်း ရာသီဥတုက ပူလိုက်၊ အေးလိုက်ပဲနော်။ မိုးတွင်းထဲ ရောက်လို့ အပြင်မှာ မိုးရွာနေတဲ့ အချိန်ကလွဲရင် ကျန်တဲ့ အချိန်တွေက ပူနေမြဲပါပဲ။ ဒါကလည်း ကျွန်တော်တို့ မြန်မာလူမျိုးတွေအတွက်တော့ သိပ်ပြီး ထူးဆန်းမယ် မထင်ပါဘူး။ ဒီလိုမျိုး ရာသီဥတုပူပြီဆိုရင် လူတော်တော်များများ ခေါင်းမူးခေါင်းကိုက်တာ၊ မူးဝေပြီး အန်ချင်သလို၊ ခြေတွေလက်တွေ ညောင်းကိုက်ပြီး အလုပ်မလုပ်ချင်လောက်အောင် မောပန်းတာတွေ ဖြစ်တတ်ပါတယ်။ ဒီလိုလက္ခဏာတွေဟာ သင့်မှာ ရေဓာတ်ခန်းခြောက်နေပြီဆိုတာကို ပြနေတာပါပဲ။

    ဘာကြောင့် ရေဓာတ်ခန်းခြောက်မှု ဖြစ်ရတာလဲ။

    အိမ်မှာပဲနေနေ၊ အပြင်ပဲသွားသွား အပြင်က နေပူဒဏ်က ကိုယ်ခန္ဓာကို သက်ရောက်နေမှာပါ။ နေပူဒဏ်ကြောင့် အရေပြားကနေ ချွေးတွေ ထွက်လာပြီး ကိုယ်တွင်းက ရေဓာတ်ဆုံးရှုံးမှာပါ။ ဒါ့အပြင် ဒီလိုရာသီမျိုးမှာ မကြာခဏ ဖျားနာတတ်တော့ ကိုယ်ခန္ဓာက ရေဓာတ်တွေနည်းပြီး အားမရှိပျော့ခွေနေမှာပါ။ ကိုယ်က ရေသောက်လည်း နည်းတယ်၊ အာဟာရဖြစ်စေတဲ့ အစားအစာတွေ၊ ရေဓာတ်ကြွယ်ဝတဲ့ အသီးအနှံတွေကို မစားဘူး၊ အဲ့လို ဆုံးရှုံးသွားတဲ့ ရေဓာတ်ကို ကိုယ်က အစားထိုးပြန်မဖြည့်ဘူးဆိုရင်တော့ နောက်ဆက်တွဲ ရေဓာတ်ခန်းခြောက်မှု ပြဿနာတွေ ဖြစ်လာမှာပါ။

    ခုလို Covid-19 ကာလမှာ ဘာကြောင့် ရေဓာတ်ကို ပိုပြီး ဂရုစိုက်သင့်လဲ။

    လူတွေက ပုံမှန်လို အပြင်ထွက်သွားလာခြင်း မရှိဘဲ အိမ်မှာပဲ ထိုင်နေတာ၊ လှဲနေတာမျိုး၊ လေ့ကျင့်ခန်း လုပ်တာတွေလည်း မရှိတော့ ခန္ဓာကိုယ်က ရေဓာတ် ဆုံးရှုံးနေတဲ့တိုင်အောင် ကိုယ့်ကိုယ်ကိုယ် ရေသောက်ဖို့ သတိမရတတ်ပါဘူး။ အထူးသဖြင့် ချွေးမထွက်ဘူးဆိုရင်တောင် ခန္ဓာကိုယ်က ရေဓာတ် အမြဲ ဆုံးရှုံးနေနိုင်တယ်ဆိုတာ သတိထားပေးပါ။ ဒီလို Covid-19 ကာလမှာ ပိုပြီး ဂရုစိုက်ပါလို့ ပြောရခြင်း အကြောင်းရင်းက ရေဓာတ်ခန်းခြောက်တဲ့အခါ လည်ချောင်းက ခြောက်သွားတတ်ပါတယ်။

    လည်ချောင်း ခြောက်ပြီဆိုရင် ပြင်ပက ဝင်လာမယ့် ရောဂါပိုးတွေက လည်ချောင်းမှာ သွားပြီး ကပ်ငြိကာ ပွားလာနိုင်ပါတယ်။ နောက်ထပ် တစ်ချက်က ရေသောက်နည်းရင် ကိုယ်ခံအားပါ ကျသွားတဲ့ အချက်ပါ။ ခုလိုမျိုး ကိုယ့်ကိုယ်ကိုယ် ကျန်းမာအောင် အမြဲ ဂရုစိုက်နေသင့်တဲ့ အချိန်မှာ ကိုယ်ခံအားကျပြီဆိုရင်တော့ ပြင်ပက ဝင်လာမယ့် ရောဂါပိုးတွေကို ဘယ်လိုမှ တိုက်ထုတ်နိုင်တော့မှာ မဟုတ်ပါဘူးနော်။

    ရေဓာတ်ခန်းခြောက်ရင် ဘာတွေဖြစ်နိုင်လဲ။

    အရင်ဆုံး ရေဓာတ်ခန်းခြောက်နေပြီဆိုတဲ့ အကြောင်းကို အသိပေးဖို့အတွက် ခန္ဓာကိုယ်က လက္ခဏာအမျိုးမျိုး ပြပြီး လှုံ့ဆော်ပါတယ်။ ဒီလက္ခဏာတွေကတော့

    • ရေဆာတာ

    • ပါးစပ်ထဲမှာ ခြောက်ပြီး စေးကပ်ကပ်ဖြစ်နေတာ

    ဆီးသွားနည်းတာ

    • ဆီးအရောင်က ဝါကျင့်ကျင့်အရောင် ဖြစ်နေပြီး အနံ့ပြင်းနေမယ်

    • အသားက မွဲခြောက်ခြောက်ဖြစ်လာတာ

    • ကိုယ်လက်တွေ ကိုက်ခဲတာ

    • ခေါင်းက မူးဝေနေတာ

    နှလုံးခုန်နှုန်း မြန်လာတာ

    • အသက်ရှူသံ ပြင်းလာတာ

    • မျက်တွင်းကျတာ

    • အမြဲတမ်း လူကအိပ်ချင်နေသလို ဖြစ်နေမယ်

    • အားမရှိ ပျော့ခွေနေတာ

    • စိတ်ရှုပ်ထွေးပြီး အာရုံစူးစိုက်လို့ မရတာ

    • နေရထိုင်ရ ခက်တာတွေ ဖြစ်လာပြီဆိုရင်တော့ ကိုယ်တွင်းမှာ ရေဓာတ်တော်တော်လေး နည်းနေပြီဆိုတာ သိနိုင်ပါပြီ။

    ရေဓာတ်ခန်းခြောက်တာသည် အချိန်ကြာလာတာနဲ့အမျှ ပိုပြီးပြင်းထန်လာမယ်။ သူ့ရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေအနေနဲ့ အရေပြားနေလောင်တာ၊ အပူကြောင့် ကြွက်တက်တာ၊ ဦးနှောက်ရောင်ရမ်းတာ၊ ရုတ်တရက် တက်သွားတာ၊ သွေးပေါင်တအားတက်တာ သို့မဟုတ် အရမ်းကျသွားတာ၊ ကျောက်ကပ်ပျက်စီးတာ၊ ကိုမာ (Coma) ဝင်တာအပြင် သေဆုံးနိုင်သည်အထိ ပြင်းထန်လာတတ်ပါတယ်။

    ဘယ်လိုလူတွေမှာ အများဆုံး ဖြစ်နိုင်လဲ။

    အသက်အရွယ်မရွေး ရေဓာတ်ခန်းခြောက်မှု ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် ငယ်လွန်းတဲ့ ကလေးတွေ၊ အသက်ကြီးပိုင်း လူကြီးမိဘ၊ ဘိုးဘိုးဘွားဘွားတွေ၊ လေ့ကျင့်ခန်းအပြင်းအထန် လုပ်သူတွေ၊ ဖျားနေတဲ့သူတွေနဲ့ အလုပ်အရမ်းများပြီး ရေသောက်ဖို့ကို မေ့နေတတ်တဲ့သူတွေမှာ အဖြစ်များပါတယ်။

    ရေဓာတ်ခန်းခြောက်မှု မဖြစ်စေဖို့ ဘယ်လိုကာကွယ်မလဲ။

    ၁။ ရေကို တစ်နေ့ ၃လီတာထက် မနည်းသောက်ပေးပါ။

    ၂။ မနက်အိပ်ရာနိုးတိုင်း ရေတစ်ခွက် အပြည့်သောက်ပါ။

    ၃။ ရေအေးအေးလေးနဲ့ ရေချိုးပေးပါ။

    ၄။ အရည်ရွှမ်းပြီး အာဟာရဖြစ်စေတဲ့ အသီးအနှံ၊ ဟင်းသီးဟင်းရွက်တွေကို ပိုစားပေးပါ။

    ၅။ ကဖင်းဓာတ်ပါတဲ့ ဖျော်ရည်တွေအစား သဘာဝသစ်သီးကို ကြိတ်ပြီး သောက်တာ ပိုကောင်းပါတယ်။

    ၆။ အရက်သောက်ခြင်းဟာ ခန္ဓာကိုယ်တွင်း ရေဓာတ်ကို ဆုံးရှုံးစေလို့ တတ်နိုင်သလောက် လျှော့သောက်ပါ။

    ၇။ မနက် ၁၀နာရီမှ နေ့လည် ၂နာရီကြားအချိန်တွေဟာ အပူဆုံးအချိန်ဖြစ်တဲ့အတွက် အဲ့ဒီအချိန်တွေမှာ အားကစားလုပ်တာတွေကို ရှောင်ကြဉ်သင့်ပါတယ်။

    ၈။ ချွေးထွက်လေ ခန္ဓာကိုယ်က ရေဓာတ်နည်းလေ ဖြစ်တဲ့အတွက် အပြင်သွားတိုင်း ထီး၊ နေကာမျက်မှန်၊ ဦးထုပ် မဖြစ်မနေ ဆောင်းသွားပါ။

    ကဲ ဒါဆိုရင် ရေဘူးလေး တစ်ဘူးကို ကိုယ့်အနားမှာ အမြဲဆောင်ထားပြီး နာရီဝက်ခြား တစ်ခါလောက် ထုတ်သောက်ပေးခြင်းဖြင့် ရေဓာတ်ခန်းခြောက်ခြင်း မဖြစ်အောင် သေချာဂရုစိုက်ပေးပါနော်။ ကိုယ်တိုင်က ကျန်းမာမှ ကိုယ့်ရဲ့ မိသားစုကို သေချာပြုစုနိုင်မှာပေါ့။

    Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

    Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    [covid_19]

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 15/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement