backup og meta

ချွေးထွက်လွန်းတဲ့ အမျိုးသားတွေအတွက် ဆောင်ရန်၊ ရှောင်ရန်များ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 27/07/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ချွေးထွက်လွန်းတဲ့ အမျိုးသားတွေအတွက် ဆောင်ရန်၊ ရှောင်ရန်များ

    ချွေးထွက် တယ်ဆိုတာ များသောအားဖြင့်တော့ ကျန်းမာတဲ့ လူတစ်ယောက်မှာ တွေ့ရတတ်တဲ့ လက္ခဏာတစ်ခုပါ။ ပြောရမယ်ဆိုရင် ကျွန်တော်တို့ ခန္ဓာကိုယ်က ကျန်းမာပြီး ပုံမှန် အလုပ်လုပ်နေတယ်ဆိုတာကို ချွေးထွက်ခြင်းကနေ သိနိုင်ပါတယ်။

    လိုတာထက် ပိုများနေရင်တော့ ကျန်းမာရေးပြဿနာတစ်ခုခု ရှိတာ ဒါမှမဟုတ် ကိုယ်သောက်နေတဲ့ ဆေးရဲ့ ဘေးထွက်ဆိုးကျိုးလည်း ဖြစ်နိုင်ပါတယ်။ ပုံမှန် ချွေးထွက်သန်တဲ့သူတွေအတွက် စိုးရိမ်စရာ မရှိပေမယ့် နေ့စဉ်ရက်ဆက် ဆိုသလို အကြောင်းရင်းမရှိဘဲ ချွေးအလွန်အကျွံ ထွက်လာတာမျိုးကိုတော့ ဆရာဝန်နဲ့ တစ်ချက်ပြကြည့်စေချင်ပါတယ်။

    များသောအားဖြင့် ယောက်ျားလေးတွေနဲ့ မိန်းကလေးတွေကို ယှဉ်လိုက်ရင် ယောက်ျားလေးတွေက ပိုပြီး ချွေးထွက်သန်ပါတယ်။ ဘာကြောင့်လဲဆိုတော့ နေပူမရှောင်ဘဲ အပြင်ထွက်တာ၊ ခွန်အားစိုက်ထုတ်ပြီး ပင်ပင်ပန်းပန်း အလုပ်လုပ်ရတာ၊ အမြဲတမ်း လှုပ်ရှားသွားလာနေရတာ၊ လေ့ကျင့်ခန်း၊ အားကစားလုပ်တာအပြင် ယောက်ျားလေးတွေရဲ့ ခန္ဓာကိုယ်တွင်း ကယ်လိုရီ လောင်ကျွမ်းနှုန်းက မိန်းကလေးတွေထက် ပိုများတဲ့အတွက် ချွေးပိုထွက်ပါတယ်။

    ချွေးနံ့ပြင်းရခြင်းကတော့ အရေပြားပေါ်က ကျယ်လာတဲ့ ချွေးပေါက်တွေထဲ ဘက်တီးရီးယားပိုးတွေ ခိုအောင်းဝင်နေလို့ပါပဲ။

    ချွေးထွက် များခြင်းက ကျန်းမာရေးအရ ပြဿနာ ကြီးကြီးမားမား မရှိပေမယ့် အမျိုးသားတစ်ယောက်ရဲ့ မိမိကိုယ်ကိုယ် ယုံကြည်မှုကို ထိခိုက်စေနိုင်သလို ကိုယ့်ဘေးပတ်ဝန်းကျင်မှာ ရှိနေတဲ့သူတွေကိုလည်း  စိတ်အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။ ဒီအတွက် ချွေးထွက်လွန်းတဲ့ အမျိုးသားတွေအတွက် ဆောင်ရန်၊ ရှောင်ရန်များ ကို ပြောပြပေးချင်ပါတယ်။

    ချွေးထွက်လွန်းတဲ့ အမျိုးသားတွေအတွက် ဆောင်ရန်၊ ရှောင်ရန်များ

    ချွေးထွက်လွန်းတဲ့ အမျိုးသားတွေအတွက် ဆောင်ရန်၊ ရှောင်ရန်များ ကတော့

    ၁။ အိမ်မှာ နေတဲ့အခါ

    ကိုယ်က သူများထက် ချွေးပိုထွက်တဲ့အတွက် တစ်နေ့ကို ရေ ၂ကြိမ်လောက်တော့ ချိုးပေးဖို့ လိုပါမယ်။ မနက်ခင်း အိပ်ရာထ တစ်ကြိမ်၊ ညနေခင်း တစ်ကြိမ်ပေါ့။

    ရေချိုးပြီးသွားရင်လည်း ချိုင်းကို ရေခြောက်အောင် သုတ်ပြီး တီရှပ်ပွပွ၊ သို့မဟုတ် စွပ်ကျယ်လက်ပြတ်၊ ဘောင်းဘီပွပွ အတို၊ ပုဆိုးကို ရွေးချယ် ဝတ်ဆင်ပေးပါ။ အတွင်းခံ မဝတ်ပါနဲ့။

    တတ်နိုင်ရင် အဲကွန်းခန်းထဲမှာ နေပေးပါ။ အဲ့လိုမဟုတ်ဘဲ ပန်ကာဖွင့်ထားတဲ့ နားမှာ ထိုင်ပေးတာမျိုး၊ ချိုင်းက ချွေးထွက်လာပြီဆိုတာနဲ့ တစ်သျှူးနဲ့ သုတ်ပြီး ယပ်ခတ်ပေးတာမျိုး လုပ်သင့်ပါတယ်။ ချိုင်းလိမ်းတောင့်ဘူး Roll-on ကိုလည်း လိမ်းပေးနိုင်ပါတယ်။

    ၂။ အပြင်သွားတဲ့အခါ

    အလုပ်ကိစ္စ မဟုတ်ဘဲ အပြင် သွားတဲ့အခါမျိုးမှာ ပွပွယောင်းယောင်း တီရှပ်မျိုး၊ ဒူးဖုံး ဘောင်းဘီတွေ ဝတ်လို့ ရပါတယ်။ အကျီကို ၂ထပ်၊ ၃ထပ် ခံဝတ်တာမျိုးတော့ မလုပ်ပါနဲ့၊ အထဲမှာ စွပ်ကျယ် ခံဝတ်လို့တော့ အဆင်ပြေပါတယ်။

    အတွင်းခံကို အရမ်းမကျပ်၊ မချောင်တာမျိုး ဝတ်ပေးပါ။ ဦးထုပ် မဆောင်းပါနဲ့။ ထီးဆောင်းပေးပါ။

    ချိုင်းကို Roll-on လိမ်းပေးတာ သို့မဟုတ် ကလေးပေါင်ဒါ ရိုက်တာမျိုး လုပ်လို့ ရပါတယ်။ နေအရမ်းပူတဲ့ အချိန်ဖြစ်တဲ့ မနက် ၁၀ နာရီကနေ နေ့လည် ၃နာရီကြား အချိန်တွေ အပြင်ထွက်တာမျိုးကို တတ်နိုင်သလောက် ရှောင်ပါ။ အဝတ်အစားကို အနက်ရောင် ဒါမှမဟုတ် ရဲရဲတောက်နေတဲ့ အရောင်တွေ မရွေးပါနဲ့။

    ၃။ ရုံးမှာ ချွေးထွက်တဲ့အခါ

    ရုံးတက်နေရတာ ဖြစ်တဲ့အတွက် ကျန်တဲ့ အချိန်တွေမှာလို ကိုယ်ဝတ်ချင်တာမျိုး ဝတ်လို့တော့ မရဘူးပေါ့။ ရုံးမှာ ယူနီဖောင်းရှိရင် အဲ့ဒီ ယူနီဖောင်းကိုပဲ ဝတ်ပါ။ အထဲမှာ ချွေးစုပ်နိုင်မယ့် ချည်သားစွပ်ကျယ် တစ်ထပ် ခံဝတ်ပါ။

    အကယ်လို့ ယူနီဖောင်းနဲ့ မဟုတ်ဘဲ အဝတ်အစား အရောင်နဲ့ သတ်မှတ်ထားတာဆိုရင်တော့ ဒီသတ်မှတ်ထားတဲ့ အရောင်ထဲက ချည်သားအဝတ်တွေကို ရွေးဝတ်ပါ။

    ရုံးမသွားခင် ရေချိုးပါ၊ ပြီးရင် Roll-on လိမ်းပါ၊ အဝတ်အစားကို ရေမွှေးစွတ်ပါ။ တတ်နိုင်ရင်တော့ ရုံးကို Roll-on ယူသွားပြီး ချွေးအရမ်း ထွက်လာတယ်။ အနံ့လည်း နံလာတယ်လို့ ကိုယ့်ကိုယ်ကိုယ် သံသယရှိတယ်ဆိုရင် အိမ်သာထဲ ခဏဝင်ပြီး ချိုင်းကို တစ်သျှူးနဲ့ သုတ်တာ၊ Roll-on လိမ်းတာမျိုး လုပ်ပေးလို့ ရပါတယ်။

    ၄။ လေ့ကျင့်ခန်း၊ အားကစား လုပ်တဲ့အခါ

    ချွေးထွက် သန်တဲ့သူတွေအတွက် ဒီအချိန်က အဆိုးရွားဆုံးပါပဲ။ ကိုယ်ခန္ဓာမှာ ရှိတဲ့ ကြွက်သားတွေကို အပြင်းအထန် လှုပ်ရှားရတာ ဖြစ်တဲ့အတွက် ပုံမှန်အချိန်ထက်ကို ချွေးပိုထွက်ပါတယ်။

    အဲ့ဒါကြောင့် ချည်သားတီရှပ်မျိုး၊ ချွေးစုပ်တဲ့ အားကစားအင်္ကျီမျိုး ရွေးဝတ်ပါ။ အားကစား ဘောင်းဘီ အတိုကိုပဲ ဝတ်ဆင်ပါ။

    Roll-on စွတ်ပါ။ ဘော်ဒီစပရေး ဒါမှမဟုတ် ရေမွှေးကို သေချာ ဖျန်းသွားပါ။ ကိုယ် လုပ်စရာ ရှိတာ ပြီးသွားတာနဲ့ အဝတ်အစား၊ ဖိနပ်၊ ခြေအိတ် အကုန်ချွတ်ပြီး ရေအမြန်ချိုးပါ။ ခြောက်အောင် သုတ်ပြီးရင် သန့်ရှင်းတဲ့ ချည်သားအဝတ်တွေ ဝတ်ပြီး အိမ်ပြန်ပါ။

    ၅။ အသုံးအဆောင် ပစ္စည်း ရွေးချယ်တဲ့အခါ

    အဝတ်အစားအတွက် ချည်သားကိုပဲ ရွေးပါ။ Linen, Polyester အသားမျိုးတွေ၊ ပိုးသားတွေကို ရှောင်ပါ။ ဘောင်းဘီကို ဂျင်းဘောင်းဘီတွေ လျှော့ဝတ်ပါ။ အရမ်းကျပ်တဲ့ ဘောင်းဘီတွေ၊ အတွင်းခံတွေကို ရှောင်ပါ။ အရောင် အရင့်တွေအစား အဖြူ၊ အဝါဖျော့၊ အစိမ်းဖျော့၊ မိုးပြာရောင် အစရှိတဲ့ အရောင်ဖျော့ဖျော့တွေပဲ အဓိက ဝတ်ပေးပါ။

    ဖိနပ်ကို အနည်းဆုံး ၃ရံလောက် ထားထားပြီး တစ်နေ့ တစ်ရံဆီ လဲဝတ်ပါ။ အိမ်ပြန်ရောက်ပြီး ဘယ်မှ မသွားတော့ဘူးဆိုရင် ဖိနပ်ကို သေချာချွတ်ပြီး နောက်တစ်နေ့ မနက်မှာ နေလှန်းထားပါ။

    ခြေအိတ်တွေဟာ အနံ့အရမ်း ပြင်းနိုင်တဲ့အတွက် ကိုယ့်အိမ်မဟုတ်တဲ့ အပြင်မှာ၊ ရုံးမှာဆိုရင် ခြေအိတ်ကို မချွတ်ထားပါနဲ့။ အိမ်ပြန်ရောက်တာနဲ့ ခြေအိတ်ကို အမြန်ချွတ်ပြီး ခြေထောက် ရေဆေးပါ။ ရှူးဖိနပ်မဟုတ်ဘဲ ထိပ်ပွင့်ဖိနပ်၊ ခြေညှပ်ဖိနပ်တွေကတော့ အသင့်တော်ဆုံးပါပဲ။

    အပြင် မသွားခင် ချိုင်းကို Roll-on အမြဲ စွတ်ပါ။ အကျီရဲ့ ကော်လံစ၊ လက်၊ ကျောတွေမှာ ရေမွှေး တစ်ချက်စီလောက် ဖျန်းထားပါ။ ဘော်ဒီ စပရေးပါ ဝယ်သုံးရင်တော့ ပိုကောင်းပါတယ်။ ဦးထုပ်မဆောင်းပါနဲ့။

    ထီးဆောင်းဖို့ မပျင်းပါနဲ့။ မနက် ၁၀ နာရီကနေ နေ့လည် ၃နာရီကြား အချိန်တွေကို အပြင်သိပ်မထွက်ပါနဲ့။ နေရိပ်တဲ့နေရာကနေ သွားပေးပါ။

    ဒီနည်းလမ်းတွေနဲ့လည်း မသက်သာဘူး။ ချွေးထွက်များတုန်းပဲ ဆိုရင်တော့ ဆရာဝန်နဲ့ ပြဖို့ အကြံပြုချင်ပါတယ်။

    Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 27/07/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement