ကိုဗစ် ကာလမှာ လေ့ကျင့်ခန်းလုပ်ပေးသင့်တဲ့ အကြောင်းအရင်း

    ကိုဗစ် ကာလမှာ လေ့ကျင့်ခန်းလုပ်ပေးသင့်တဲ့ အကြောင်းအရင်း

    ကမ္ဘာ့ကပ်ရောဂါဖြစ်တဲ့ COVID_19 ဖြစ်ပွားနေချိန်မှာ အလုပ်တွေကို အိမ်ကနေလုပ်နေကြရသလို အပြင်မထွက်ဘဲ အိမ်ထဲမှာပဲ အချိန်အများစုကိုနေနေကြရပါတယ်။ ဒီလိုကာလမှာ ရောဂါဖြစ်ပွားမှုတွေတိုးလာတိုင်း ကြောက်စိတ်တွေ၊ ပူပန်စိတ်တွေတိုးလာသလို ငါ့မှာများ ကူးစက်ခံနေရပြီလားဆိုတဲ့ အတွေးတွေကလည်း နှိပ်စက်မှုကို ခံရနိုင်ပါတယ်။

    ဒီတော့ အခုလိုကာလမှာ ကိုယ်ရော စိတ်ပါ ကျန်းမာစေဖို့ လုပ်ဆောင်လို့ရတဲ့ အကောင်းဆုံးနည်းလမ်းတစ်ခုရှိနေပါတယ်။ ဒါကတော့ သင့်တင့်တဲ့ ကိုယ်လက်လေ့ကျင့်ခန်းလုပ်တာပါ။

    ကိုယ်လက်လေ့ကျင့်ခန်းက အိမ်မှာလုပ်လို့ရပါ့မလား…………..

    ကိုယ်လက်လေ့ကျင့်ခန်း လုပ်ဖို့ မဖြစ်မနေ Gym ကို သွားဖို့မလိုပါဘူး။ အိမ်မှာတင် ကိုယ်လက်လေ့ကျင့်ခန်းလုပ်လို့ရပါတယ်။ ကိရိယာတွေမှာ မရှိတာလေဆိုရင်တော့ ကိရိယာလွတ် လေ့ကျင့်ခန်းတွေ စလိုက်​ကြစို့လား။ လေ့ကျင့်ခန်းလုပ်ဖို့က အခင်းပြားတစ်ခုရှိရင်တောင် အဆင်ပြေပြေလုပ်လို့ရပါတယ်။

    အရင်ဆုံး အကြောလျှော့ပါ။ အ​ကြောလျှော့တာက လေ့ကျင့်ခန်းမလုပ်ခင် မဖြစ်မနေလုပ်သင့်ပါတယ်။ ဒါမှာ ကြွက်သားတွေ ထိခိုက်နာကျင်မှု နည်းမှာပါ။ ပြီးရင်တော့ ဒိုက်ထိုးတာ၊ Plank ထောက်တာ၊ မတ်တတ်အနေအထားနဲ့ နံရံမှာလက်ထောက်လို့ Push-up လုပ်တာ၊ ထိုင်ထလုပ်တာ၊ အိပ်ထမတင်လုပ်တာ၊ ခါးလှည့်တာ၊ ခြေထောက်လွှဲတာလိုမျိုး လေ့ကျင့်ခန်းတွေကို ကိရိယာတွေ မလိုဘဲလုပ်လို့ရပါတယ်။

    အလေးမချင်တယ် အလေးတုံးမရှိဘူးဆိုရင်လည်း ၁ လီတာရေသန့်ဗူးထဲကို ရေအပြည့်ဖြည့်လို့ မပေးလို့ရပါတယ်။ ခါးအဆီကျစေဖို့ အလေးတုံးလေးတွေ သုံးပြီးလေ့ကျင့်ခန်းလုပ်ချင်သူတွေလည်း အဆငပြေမှာပါ။

    တစ်ခုမှာချင်တာက လေ့ကျင့်ခန်းကို လုပ်နိုင်သလောက်ကနေ နည်းနည်းချင်းစပြီး တစ်နေ့ကို အနည်းဆုံး ၁၀ မိနစ်လောက် ပုံမှန်လေး လုပ်ပေးပါ။ စလုပ်လုပ်ချင်းရက်မှာ ကိုယ်လက်တွေ နာကျင်နိုင်ပါတယ်။ နောက်ရက်တွေကို ဆက်လုပ်သွားဖို့လိုပါမယ်။ ဒါမှ သင့်တင့်တဲ့ လှုပ်ရှားမှုနဲ့အတူ သွေးစီးဆင်းလည်ပတ်မှုကောင်းမွန်မှာပါ။

    ကိုယ်လက်လှုပ်ရှားမှုလုပ်တော့ ဘာတွေထူးပြီး ကောင်းသွားနိုင်မလဲ…………..

    ကိုယ်လက်လှုပ်ရှားမှုလုပ်ပေးတာက စိတ်ရောကိုယ်ပါ ကျန်းမာရွှင်လန်းစေဖို့ အကောင်းဆုံး အားဖြည့်ပေးနိုင်ပါတယ်။ ဒီလိုပြောရတာက

    • ကိုယ်လက်လေ့ကျင့်ခန်းလုပ်တဲ့အခါ ဦးနှောက်ကနေ serotonin နဲ့ endorphin တို့လိုမျိုး စိတ်ခံစားမှုကို ကောင်းစေတဲ့ ဟော်မုန်းတွေကို ထုတ်လွှတ်ပေးပါတယ်။
    • အိပ်ပျော်စေပြီး ခန္ဓာကိုယ်ကို အင်အားပြည့်စေပါတယ်။ ဒီအချက်က အခုလို အချိန်မှာ တကယ်လိုအပ်နေတဲ့ ကျန်းမာရေး အလေ့အထ တစ်ခုပါ။
    • လေ့ကျင့်ခန်းလုပ်တာက စိတ်ဖိစီးမှုတွေ၊ စိုးရိမ်ပူပန်မှုတွေကြောင့် ပခုံးနဲ့ ဇက်ကြောတွေ တောင့်တင်းနေတာကို ပြေလျော့စေနိုင်ပါတယ်။
    • စိတ်ထဲမှာ တစ်ခုခုကို အောင်အောင်မြင်မြင် လုပ်လိုက်နိုင်တယ်လို့ ခံစားရစေပါတယ်။
    • ပုံမှန် လေ့ကျင့်ခန်းလုပ်ခြင်းက အမျိုးအစား (၂) ဆီးချိုရောဂါ၊ နှလုံးရောဂါ နဲ့ လေဖြတ်တာလိုမျိုး နာတာရှည် ကျန်းမာရေးပြဿနာတွေ ခံစားရနိုင်ခြေကို လျှော့ချပေးပါတယ်။
    • သင့်တင့်တဲ့ ကိုယ်အလေးချိန်ကို ထိန်းညှိပေးနိုင်ပါတယ်။ အွန်လိုင်းမှာ ခေတ်စားနေသလို ကပ်ကြီး အပြီးမှာ ဝက်ကြီးမဖြစ်စေဖို့ဆိုရင် ပုံမှန်တော့ လေ့ကျင့်ခန်းလေး လုပ်သင့်ပါတယ်။
    • အခုလိုအခြေအနေမှာ မဖြစ်မနေလိုအပ်နေတဲ့ ကျန်းမာရေး လိုအပ်ချက် တစ်ခုဖြစ်တဲ့ ကိုယ်ခံအား ကောင်းမွန်စေဖို့လည်း အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။ ဒီလိုလုပ်ပေးတာကြောင့် ကိုယ်ခံအားကို မြှင့်တင်ပြီး ကိုဗစ်ကို ကာကွယ်ရာရောက်ပါတယ်။
    • မနက်ခင်းစောစောမှာ လေ့ကျင့်ခန်းလုပ်တာက အဆုတ်ထဲက ချွဲသလိပ်တွေကို ဖယ်ရှားပေးပြီး အသက်ရှူလမ်းကြောင်းကို ကျန်းမာစေဖို့ အကောင်းဆုံး အားဖြည့်ပေးနိုင်မှာပါ။

    လေ့ကျင့်ခန်းအပြင် ဂရုစိုက်ဖို့လိုမယ့် အချက်တွေက ဘာတွေများလဲ………..

    ကိုဗစ် ကာကွယ်ဖို့ဆိုရင် လေ့ကျင့်ခန်း ပုံမှန်လုပ်တာအပြင်

    ကျန်းမာရေးနဲ့ညီညွတ်အောင် စားသုံးမှု

    လေ့ကျင့်ခန်းလုပ်တာအပြင် ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသောက်မှုပုံစံကိုလည်း ထိန်းသိမ်းရပါမယ်။ ဒါမှာ ကောင်းမွန်ပြည့်စုံတဲ့ ကိုယ်ခံအားနဲ့ ကိုဗစ်ကို ကာကွယ်နိုင်မှာပါ။ နေ့စဉ် အာဟာရပြည့်ဝလုံလောက်အောင် စားသုံးပါ။

    ရေများများသောက်ပါ

    ရေဓာတ်က ခန္ဓာကိုယ် ကျန်းမာဖို့ အကောင်းဆုံး အားဖြည့်ပေးနိုင်ပါတယ်။ ဒါကြောင့် နေ့စဉ် အနည်းဆုံး ရေဖန်ခွက် ၈ ခွက်သောက်ပါ။

    လက်ဆေးပါ

    လက်ကို အပြင်ကပြန်လာတိုင်း၊ ညစ်ပေတဲ့အရာတွေကို ကိုယ်တွယ်ပြီးတိုင်း၊ အစားမစားခင်၊ အိမ်မွေးတိရစ္ဆာန်လေးတွေကို ကိုယ်တွယ်ထိတွေ့ပြီးတိုင်း လက်ဆေးပါ။

    တစ်ကိုယ်ရေသန့်ရှင်းရေး ဂရုစိုက်ပါ

    နေ့စဉ် ရေချိုးတာ၊ မျက်နှာသစ်၊ သွားတိုက်တာတွေကိုလည်း ပုံမှန်လုပ်ပေးပါ။ ဒါတွေက ကိုယ်ကျန်းမာဖို့ရော စိတ်ကြည်လင်စေဖို့ပါ အကောင်းဆုံး အားဖြည့်ပေးနိုင်ပါတယ်။

    အရက်နဲ့ဆေးလိပ်လျှော့ပါ

    ကိုယ်ခံအားကောင်းဖို့ လိုအပ်နေချိန်မှာ ကိုယ်ခံအားစနစ်ကို ထိခိုက်စေနိုင်တဲ့ အရက်နဲ့ ဆေးလိပ်ကို ဖြတ်ပါ။ မဖြတ်နိုင်ရင် လျှော့ပါ။

    မလိုအပ်ဘဲ အိမ်အပြင်မထွက်ပါနဲ့

    ကာကွယ်ဆေးရော ကုသဆေးပါ မရှိသေးတဲ့ ကိုဗစ်ရန်ကနေ ကင်းဝေးစေဖို့ဆိုရင် အကောင်းဆုံးသော ကာကွယ်နည်းက မလိုအပ်ဘဲ အိမ်ပြင်မထွက်တာ၊ လူစုလူဝေးတွေကို ရှောင်ကြဉ်တာပါ။ မဖြစ်မနေ အပြင်ထွက်တဲ့အခါ လူတစ်ဦးနဲ့ တစ်ဦး ၆ပေခွာနေပါ။

    အိပ်ရေး ဝဝအိပ်ပါ

    ညဘက်တွေကို ဖုန်းသုံးရင်း၊ ရုပ်ရှင်ကြည့်ရင်း၊ ဂိမ်းဆော့ရင်း အရမ်းနောက်ကျမှ အိပ်တာမျိုး မလုပ်ပါနဲ့။ ကိုယ်ခံအား ကောင်းဖို့ဆိုရင် အနည်းဆုံး တစ်ညတာကို အိပ်ချိန် ၆နာရီက နေ ၈ နာရီအတွင်းရှိဖို့လိုပါမယ်။

    ကိုဗစ်ကာလမှာ လေ့ကျင့်ခန်းလုပ်ရင်း စိတ်ရောကိုယ်ပါ ကျန်းမာအောင် စောင့်ရှောက်လိုက်ပါ………………

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 15/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement
    advertisement
    advertisement
    advertisement