backup og meta

စိတ်ကျရောဂါတွေကို လေ့ကျင့်ခန်းနဲ့ တိုက်ထုတ်စို့

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 21/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    စိတ်ကျရောဂါတွေကို လေ့ကျင့်ခန်းနဲ့ တိုက်ထုတ်စို့

    ဒီဘက်ခေတ်မှာ လူကြီးတွေသာမက လူငယ်တွေမှာပါ စိတ်ကျရောဂါဝေဒနာတွေကို အလူးအလဲခံစားနေကြရတာ သတိထားမိမှာပါ။ ခေတ်ကာလပြောင်းလဲလာတာနဲ့အမျှ ပြောင်းလဲလာတဲ့ လူနေမှုပုံစံ၊ အရင်ကထက်ပိုပြီး ပွင့်လင်းလာတဲ့ လူ့ပတ်ဝန်းကျင်တွေ၊ ကြုံလာရတဲ့ အခက်အခဲ၊ အတားအဆီးတွေဟာ ဘယ်လောက်ပဲ ကြံ့ခိုင်နေတဲ့ စိတ်ပဲ ဖြစ်နေပါစေ အနည်းငယ်တော့ လှိုင်းဂယက်ရိုက်သွားစေနိုင်ပါတယ်။

    စိတ်ကျန်းမာရေးနဲ့ပတ်သက်လာရင် လူတွေက ပေါ့သေးသေး သဘောထားတတ်ကြပါတယ်။ အထူးသဖြင့် စိတ်ကျရောဂါခံစားနေရတဲ့သူတွေဆိုရင် ကူညီအားပေးနှစ်သိမ့်ရမယ့်အစား ပျော့ညံ့တယ်၊ စိတ်ခံစားတတ်လွယ်တယ်၊ အတွေးများတယ် အစရှိသဖြင့် နှိမ်ချဆက်ဆံနေတာလည်း ဒီလူ့ပတ်ဝန်းကျင်မှာ အများကြီးပါပဲ။

    တကယ်တော့ စိတ်ကျန်းမာရေးပြဿနာသည် စိတ်ပျော့ညံ့တဲ့သူတွေမှာမှ ဖြစ်တာမဟုတ်ပါဘူး။ မိသားစုပြဿနာတွေ၊ လူမှုရေး၊ စီးပွားရေးစတာတွေနဲ့ပတ်သက်ပြီး အတိုက်အခိုက်တွေကို နှစ်ပေါင်းများစွာ ခံစားလာရတာ၊ အတိတ် သို့မဟုတ် ကလေးဘဝက ကြုံလာရတဲ့ စိတ်ဒဏ်ရာတွေ၊ ဒီလိုအရာတွေက ရင်ထဲအမြစ်တွယ်နေပြီး တဖြည်းဖြည်းကြီးပြင်းလာလို့ လူကြီးအနေနဲ့ ဖြစ်လာတဲ့အခါ ဒီစိတ်ဝေဒနာတွေကို ဆထက်တိုးပြီး ခံစားတတ်ကြရပါတယ်။ အထူးသဖြင့် ဒီဘက်ခေတ်မှာဆိုရင် မီဒီယာတွေ၊ အင်တာနက်တွေ၊ နည်းပညာအသစ်အဆန်းတွေ တဖြည်းဖြည်းများလာတဲ့အတွက် လူတွေတစ်ဦးနဲ့တစ်ဦး မျက်နှာချင်းဆိုင်ပြီး စကားပြောဆို ရင်းနှီးမှုရယူတာထက် ဖုန်းထဲကနေပဲ အလွယ်တကူ စာရိုက်ပြောဆိုနေကြတော့ အရင်ကထက်ပိုပြီး အထီးကျန်ဆန်လာကြတော့တာပေါ့။

    အဲ့တော့ စိတ်ကျရောဂါဆိုတဲ့ ကြောက်စရာကောင်းတဲ့ အန္တရာယ်ဆိုးကြီး ကိုယ့်ဆီရောက်မလာအောင် ကြိုတင်ကာကွယ်ဖို့ ကိုယ့်ရဲ့ နေထိုင်မှုပုံစံကို အဓိကပြောင်းလဲဖို့ လိုပါတယ်။ နေထိုင်မှုပုံစံလို့ဆိုရာမှာ အစာအာဟာရကို သေချာဂရုစိုက်ပြီး စားသုံးဖို့၊ အိပ်ချိန်ကို တစ်နေ့ ၇နာရီအနည်းဆုံး ရှိစေဖို့၊ ကိုယ့်အတွက် မနက်ဖြန် ဘာလုပ်မလဲ၊ နောက်နှစ်မှာ ဘာတွေဖြစ်မြောက်အောင်လုပ်မလဲ အစရှိသဖြင့် အနာဂတ်အတွက် ပန်းတိုင်တွေ ရေးဆွဲချမှတ်ထားဖို့အပြင် လေ့ကျင့်ခန်းကို မှန်မှန်လုပ်ဖို့ဟာလည်း စိတ်ရောဂါတွေ ဝင်မလာအောင် ကာကွယ်ပေးဖို့နဲ့ စိတ်ပျိုကိုယ်နုအရွယ်တင်စေဖို့ ကူညီပေးနိုင်ပါတယ်။

    လေ့ကျင့်ခန်းဆိုတဲ့နေရာမှာ ဘာတွေလုပ်သင့်လဲ။

    ကိုယ်တတ်နိုင်သလောက် လေ့ကျင့်ခန်းတွေ လုပ်လို့ရပါတယ်။ ယောဂကျင့်တာ၊ အလေးမတာ၊ အိပ်ထမတင်လုပ်တာ၊ ထိုင်ထလုပ်တာကစလို့ လမ်းလျှောက်တာ၊ ပြေးတာ၊ ရေကူးတာ၊ စက်ဘီးစီးတာတွေအထိပါ အကုန်လုပ်လို့ရပါတယ်။ အဓိက လေ့ကျင့်ခန်းကို မှန်မှန်လုပ်ခြင်းဖြင့်

    • နှလုံးခုန်နှုန်းမြန်စေပြီး ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်ကို လျင်မြန်စွာ ပြောင်းလဲဖြစ်ပျက်စေတယ်။

    • လေ့ကျင့်ခန်းကို အာရုံစိုက်ပြီး လုပ်နေရတဲ့အခါ တခြားဘက်ကို သိပ်ပြီး အာရုံစိုက်တာ၊ အတွေးများတာတွေ မဖြစ်တော့ဘူး။

    • ဝတဲ့သူတွေဆိုရင် ကိုယ်အလေးချိန်ကျစေတယ်၊ ပိန်တဲ့သူတွေဆိုရင် ကိုယ်အလေးချိန်တက်စေတယ်။ ခန္ဓာကိုယ်အချိုးအစား ပြေပြစ်စေပြီး အရင်ကထက် ပိုကြည့်ကောင်းလာစေတယ်။

    • ရုပ်ရည်ကလည်း ကြည့်ကောင်းလာတယ်၊ ခန္ဓာကိုယ်ကလည်း ကောင်းတဲ့ပြောင်းလဲမှုတွေ အများကြီးဖြစ်လာတဲ့အခါ အရင်ကထက်ပိုပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရော၊ တန်ဖိုးထားတဲ့စိတ်တွေပါ တိုးလာနိုင်တယ်။

    • ကြိုးစားခြင်းကြောင့် ပြောင်းလဲလာတဲ့ရလဒ်ကို ကိုယ်တိုင်မြင်တွေ့လိုက်ရချိန်မှာ တခြားကိစ္စတွေနဲ့ပတ်သက်ပြီး ပိုပြီးမျှော်လင့်ချက်ထားလာနိုင်သလို ကြိုးုစားချင်စိတ်တွေ၊ အကောင်းမြင်စိတ်တွေလည်း ဝင်လာဖို့ ပိုလွယ်ပါတယ်။

    • Gym မှာ လေ့ကျင့်ခန်းလုပ်တဲ့သူတွေဆိုရင် နည်းပြဆရာတွေအပြင် တခြားကိုယ့်လိုပဲ ကျန်းမာဖို့၊ လှစေဖို့ ကြိုးစားနေတဲ့သူတွေကို အမြဲမြင်တွေ့ဆက်ဆံနေရတာကြောင့် အထီးကျန်တဲ့ စိတ်ခံစားချက်တွေ နည်းသွားမှာပါ။

    • စိတ်ကျရောဂါဖြစ်စေတဲ့ အဓိကအကြောင်းရင်းတွေထဲမှာ ညမအိပ်တဲ့သူတွေ၊ နောက်ကျမှ အိပ်တတ်တဲ့သူတွေလည်း ပါပါတယ်။ လေ့ကျင့်ခန်းပုံမှန်လုပ်တဲ့အခါ ခန္ဓာကိုယ်က တစ်နေကုန်လှုပ်ရှားရုန်းကန်ထားရတဲ့အတွက် ညဘက်တွေမှာ ကောင်းစွာ အိပ်ပျော်နိုင်စေတယ်။

    • အရင်ကထက်ပိုပြီး ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်တတ်လာတယ်။ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားတတ်လာတဲ့အခါ ကိုယ်မရှိရင် တခြားသူတွေ အေးချမ်းသွားမှာပါဆိုတဲ့ အတွေးတွေထက် ကိုယ်မရှိတော့တဲ့အခါ ကိုယ့်ကိုချစ်တဲ့သူတွေ ဘယ်လောက်တောင် ဝမ်းနည်းမိလိမ့်မလဲဆိုတဲ့ အတွေးပုံစံတွေကို ပြောင်းလဲသွားနိုင်ပါတယ်။

    • လေ့ကျင့်ခန်းကို နေ့စဉ်ပုံမှန်လုပ်တဲ့အခါ အင်ဒိုဖင်ဟော်မုန်း (endorphins) ၊ ဆီရိုတိုနင်ဟော်မုန်း (Serotonin) ၊ ဒိုပါမင်ဟော်မုန်း (Dopamine) တွေကို အများအပြားထုတ်လွှတ်ပေးပါတယ်။ ဒီဟော်မုန်းတွေဟာ လူတစ်ယောက်ရဲ့ စိတ်ကို အေးချမ်းစေပြီး ပျော်ရွှင်ပြီးမှုကိုဖြစ်စေတယ်၊ စိတ်ဖိစီးမှုကို ကျစေပြီး ခံစားနေရတဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ဝေဒနာတွေကို သက်သာစေနိုင်ပါတယ်။

    ဒါကြောင့် စိတ်နဲ့ ခန္ဓာအတွက် ကျန်းမာရေးအကျိုးကျေးဇူး အများကြီးရှိတဲ့ လေ့ကျင့်ခန်းလုပ်ဖို့ကို ဒီနေ့ကစလိုက်ကြရအောင်နော်။ ဘယ်ရောဂါမဆို မဖြစ်ခင် ကြိုတင်ကာကွယ်နိုင်ရင် အကောင်းဆုံးဖြစ်တာမို့ ကိုယ့်ကျန်းမာရေးအတွက် မပေါ့ဆဘဲ အသိကို သတိနဲ့ ဆင်ခြင်ပြီး ကိုယ့်ကိုယ်ကိုယ် သေချာဂရုစိုက်ဖို့ ထပ်ပြီး အကြံပေးလိုက်ချင်ပါတယ်။

    Hello ဆရာဝန်ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ နေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

    Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 21/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement