ပြောင်းဖူးပြုတ်ပူပူနွေးနွေးကို ဆီလေးဆမ်း၊ ဆားလေးထည့်လို့ နယ်စားရင်တော်တော်လေးအရသာရှိတယ်နော်။ စီးတဲ့ပြောင်းဖူးလေးတွေဆိုရင် ဝါးလိုက်တိုင်းကို အရသာရှိနေတာပါ။နေ့ခင်းနေ့လယ် အပျင်းပြေစားစား၊ တီဗွီကြည့်ရင်းပဲစားစား စားကောင်းတဲ့အရာပေါ့။ ဒီတစ်ခေါက်တော့ စားကောင်းတဲ့ပြောင်းဖူးလေးတွေထဲကမှ အရောင်အသွေး ဆန်းဆန်းပြားပြားနဲ့ စားလို့လည်းကောင်းတဲ့ ခရမ်းရောင်ပြောင်းဖူးလေးအကြောင်းပြောပြပေးချင်ပါတယ်နော်။
ခရမ်းရောင်ပြောင်း
ပြောင်းဖူးလို့ပြောလိုက်ရင် အရင်ဆုံးပြေးမြင်မှာက အဝါရောင်ရှိတဲ့ သကြားပြောင်းပါ။နောက်ထပ်တွေးမိနိုင်တာက အဖြူရောင်လေးတွေရှိနေတဲ့ ခပ်စီးစီး ပလို့ပြောင်းပေါ့။ပြောင်းဖူးလေးတွေထဲမှာ အနီရောင်၊ အဝါရောင်၊အဖြူရောင် နဲ့ ခရမ်းရောင်ဆိုပြီး အရောင်အသွေးတွေကစုံနေအောင်ရှိပါတယ်။ ဒီထဲမှာမှဆေးဖက်လည်းဝင် စားလို့လည်းကောင်း အာဟာရလည်းပြည့်စေတဲ့ ခရမ်းရောင်ပြောင်းဖူးလေးက ဆီးချို၊သွေးတိုး၊ အဝလွန်တာတွေကို သက်သာစေနိုင်သလိုသွေးတွင်းကိုလက်စထရောကိုလည်း ကျစေနိုင်ပါတယ်။ အမျှင်ဓါတ်၊ ဗီတာမင်တွေ နဲ့ သတ္တုဓါတ်တွေလည်းပြည့်ဝစွာပါဝင်နေတယ်ဆိုတော့ စားသင့်တယ်ဆိုတာထွေထွေထူးထူးပြောနေစရာမလိုအောင်ပါနော်။ ခရမ်းရောင်ကလည်း ဓါတ်တိုးဆန့်ကျင်ပစ္စည်းတစ်ခုဖြစ်တာကြောင့် ကျန်းမာရေးကို အထောက်အကူဖြစ်စေမှာက မလွဲပါပဲ။
ခရမ်းရောင်ပြောင်းရဲ့ဆေးဖက်ဝင်ပုံက
အမျှင်ဓါတ်ကြွယ်ဝတဲ့ အစားအစာတစ်မျိုးပေါ့။ အစာခြေစနစ်ကို ကျန်းမာစေနိုင်ပြီး ဝမ်းချုပ်တာကို ကာကွယ်ပေးပါတယ်။ ဝမ်းမှန်ချင်သူတွေ စားပေးလို့ရပါတယ်။
သွေးတွင်းကိုလက်စထရောကို ကျဆင်းစေနိုင်ပါတယ်
အမျှင်ဓါတ်ကြွယ်ဝစွာပါဝင်နေတဲ့ ခရမ်းရောင်ပြောင်းဖူးလေးက အစာခြေစနစ်ကိုတင်ကျန်းမာစေတာမဟုတ်ဘဲသွေးတွင်းကိုလက်စထရောကို ကျစေနိုင်ပါတယ်။
ကင်ဆာဖြစ်နိုင်ခြေနည်းစေတယ်
ခရမ်းရောင်ပြောင်းဖူးမှာပါတဲ့anthocyanins ဆိုတဲ့ဒြပ်ပေါင်းက ကင်ဆာဆဲလ်တွေကို တိုက်ဖျက်ပေးနိုင်ပါတယ်။ အခြားသောခရမ်းရောင်ရှိတဲ့ အသီးအနှံတွေဖြစ်ကြတဲ့ ဘယ်ရီသီးတွေ၊ စပျစ်သီးတွေ၊ ခရမ်းရောင်မုန်လာဥနီတို့မှာပါတဲ့ဒြပ်ပေါင်းတွေထက် ကင်ဆာဆဲလ်ကို ထိထိရောက်ရောက်တိုက်ဖျက်ပေးနိုင်ပါတယ်။
အဝမလွန်အောင်ကာကွယ်ပေးနိုင်တယ်
အဝမလွန်အောင်ကာကွယ်ချင်တယ်ဆိုရင်တော့ ခရမ်းရောင်ပြောင်းဖူးကို စားပေးလို့ရပါတယ်နော်။ အဝလွန်နေသူတွေနဲ့ ကိုယ်အလေးချိန်ချချင်သူတွေအတွက်လည်း အထူးသင့်တော်တဲ့ စားစရာတစ်ခုပါ။ အခြားအရောင်ပြောင်းဖူးတွေက ဝစေနိုင်ပေမယ့် ခရမ်းရောင်ပြောင်းဖူးကတော့ မဝစေနိုင်ပါဘူး။
နာကျင်ရောင်ရမ်းမှုတွေကို သက်သာစေနိုင်တယ်
ခန္ဓါကိုယ်မှာဖြစ်ပေါ်တဲ့ နာကျင်ရောင်ရမ်းမှုတွေကို သက်သာစေဖို့လည်း ခရမ်းရောင်ပြောင်းဖူးကို စားသုံးပေးလို့ရပါတယ်။ ခရမ်းရောင်ပြောင်းဖူးက ခန္ဓါကိုယ်မှာ နာကျင်ရောင်ရမ်းမှုကိုဖြစ်စေတဲ့cytokines ပမာဏကိုလျှော့ချပေးပါတယ်။
နှလုံးကျန်းမာစေနိုင်တယ်
ဓါတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝတဲ့ ခရမ်းရောင်ပြောင်းဖူးကသွေးတွင်းကအဆီပိုတွေကို ထိထိရောက်ရောက်ဖယ်ရှားပေးတာကြောင့် နှလုံးကျန်းမာစေနိုင်ပါတယ်။ ရုတ်တရက်နှလုံးရပ်တာမျိုးမဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။
သွေးလည်ပတ်မှုကောင်းစေနိုင်တယ်
ခန္ဓါကိုယ်ကျန်းမာစေဖို့အတွက်ကသွေးလည်ပတ်မှုကောင်းဖို့လိုပါမယ်။သွေးလည်ပတ်မှုကောင်းမှ ရှင်သန်ရေးအတွက် အရေးပါတဲ့ နှလုံးလည်း ကျန်းမာစေမှာပါ။ ခရမ်းရောင်ပြောင်းဖူးမှာပါတဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေက ခန္ဓါကိုယ်အနှံ့မှာရှိတဲ့သွေးကြောလေးတွေကိုကအစကျန်းမာစေနိုင်တာကြောင့်သွေးစီးဆင်းမှုကောင်းစေနိုင်ပြီးသွေးခဲတာမျိုး၊သွေးကြောထဲမှာ ပုံမှန်မဟုတ်တဲ့သွေးခဲပိတ်ဆို့မှုတွေမဖြစ်အောင်ကာကွယ်ပေးပါတယ်။
ဆီးချိြုဖစ်နိုင်ခြေကို နည်းစေတယ်
ဆီးချိုမဖြစ်အောင် ကာကွယ်ပေးနိုင်သလို ဆီးချိုရှိသူတွေမှာလည်းသွေးချိုထိန်းညှိပေးနိုင်စွမ်းရှိပါတယ်။ ခရမ်းရောင်ပြောင်းဖူးက အင်ဆူလင်ထွက်ရှိမှုကောင်းအောင် လှုံ့ဆော်ပေးပြီးသွေးတွင်းသကြားဓါတ်ကိုထိန်းညှိပေးပါတယ်။
ကျောက်ကပ်ကျန်းမာစေနိုင်တယ်
ခရမ်းရောင်ပြောင်းက ဓါတ်တိုးဆန့်ကျင် အာနိသင်တွေကြွယ်ဝတာကြောင့်ကျောက်ကပ်တွင်းကသွေးကြောတွေကို ကျန်းမာစေနိုင်ပါတယ်။ကျောက်ကပ်က သူ့ရဲ့လုပ်ငန်းဆောင်တာတွေကို အကောင်းဆုံးလုပ်ဆောင်နိုင်အောင် လှုံ့ဆော်ပေးပြီးကျောက်ကပ်ကို ကျန်းမာနေအောင်စောင့်ရှောက်ပေးပါတယ်။
မျက်လုံးကျန်းမာစေနိုင်တယ်
ခရမ်းရောင်ပြောင်းဖူးမှာပါတဲ့ lutein နဲ့ zeaxathinin တို့က မျက်လုံးကို ကျန်းမာစေနိုင်ပြီး အတွင်းတိမ်ဖြစ်တာ၊ရေတြိမ်ဖစ်တာနဲ့ အမြင်အာရုံပြဿနာတွေ မဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။ မျက်လုံးကို အဓိကအသုံးပြုနေရသူတွေအနေနဲ့ ခရမ်းရောင်ပြောင်းဖူးကို မျက်လုံးကျန်းမာစေတဲ့ ဓါတ်စာအနေနဲ့ စားသုံးပေးလို့ရပါတယ်။
မျက်လုံးကနေစလို့ ခန္ဓါကိုယ်တစ်ခုလုံးကျန်းမာစေဖို့ အတွက် အထောက်အကူပြုပေးနေတဲ့ ခရမ်းရောင်ပြောင်းဖူးလေးကိုဆေးဖြစ်ဝါးဖြစ်လောက်တော့ စားသုံးကြည့်ဖို့ တိုက်တွန်းပါရစေနော်။
Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။