backup og meta

စိတ်ဖိစီးမှုများတဲ့ Office life မှာ အဆင်ပြေပျော်ရွှင်နေအောင် ဘယ်လိုဖန်တီးယူကြမလဲ။


Aye Thi Mon မှ ရေးသားသည်။ · 08/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    စိတ်ဖိစီးမှုများတဲ့ Office life မှာ အဆင်ပြေပျော်ရွှင်နေအောင် ဘယ်လိုဖန်တီးယူကြမလဲ။

    သင့်ဘဝသက်တမ်းရဲ့ ဘယ်လောက်ကို အလုပ်ထဲမှာ နှစ်မြုပ်ထားလဲဆိုတာ တွေးဖူးပါသလား။

    အလုပ်ချိန်က မနက်၉နာရီကနေ ညနေ၅နာရီ အထိဆိုပါစို့။ တစ်နေ့ကို ၈နာရီ အလုပ်လုပ်ရပါတယ်။ ဒါဟာ တစ်နေ့တာရဲ့ ၃ပုံ ၁ပုံပါ။ ဒီအတိုင်းတွက်မယ်ဆိုရင် အသက် ၆၀ ရှိတဲ့လူတစ်ယောက်ရဲ့ နှစ်၂၀ အချိန်က လုပ်ငန်းခွင်ထဲမှာ ရှိနေတာပါ။

    တစ်နေ့မှာ ၈နာရီက အလုပ်လုပ်တယ်။ ၈နာရီအိပ်တယ်။ ကျန်တဲ့၈နာရီက ကိုယ်ရေးကိုယ်တာကိစ္စလေးတွေ လုပ်တယ်ပေါ့။ ခုခေတ်လိုမျိုးဆိုရင် ရုံးသွားလို့ ကားကြပ်ရင် ၁နာရီကျော်၊ ရုံးပြန်ကားကြပ်ရင် ၁နာရီကျော် ကုန်သွားပြီဖြစ်တဲ့အတွက် ကိုယ့်အတွက် ဘာမှမကျန်တော့ပါဘူး။ စျေးစကားနဲ့ပြောရင် အရှုံးပေါ်တော့မှာပါ။ ဒီကြားထဲမှာ အဆစ်ပါလာတာကတော့ လုပ်ငန်းခွင်စိတ်ဖိစီးမှုတွေ ပြဿနာနဲ့ အဆင်မပြေတာတွေပါ။

    အလုပ်လုပ်ရမယ်ဆိုတာမှန်ပေမယ့် အလုပ်လုပ်ဖို့ တစ်ခုတည်းအတွက်တော့ လူဖြစ်လာတာမဟုတ်ဘူးလေ။ ဒီခေတ်စကားနဲ့ဆိုရင် quality of life ရှိရမယ်။ Work-Life balance ရှိရမယ်ပေါ့။ ကိုယ့်အတွက်အချိန်တွေနဲ့ ကိုယ့်မိသားစုအတွက် အချိန်တွေပေးရမှာပေါ့။ စိတ်ဖိစီးမှုများတဲ့ office life မှာ အဆင်ပြေပျော်ရွှင်နေအောင် ဖန်တီးယူကြရမှာပေါ့။

    ကဲ စလိုက်ရအောင် . . .

    စောထရမယ်ဆိုလို့ စိတ်မညစ်သွားနဲ့နော်။ စောထခိုင်းတယ်ဆိုတာက အစောကြီးမဟုတ်ပါဘူး။ ထနေကျ အချိန်ထက် ၁ဝမိနစ်လောက်ဆိုရပါပြီ။ လုပ်ရမှာလည်း ခက်ခက်ခဲခဲ မဟုတ်ပါဘူး။

    အညောင်းပြေ အညာပြေ အကြောလျှော့ရုံလောက်ပါပဲ။ ချွေးလေးနည်းနည်းစို့ပြီး endorphin (စိတ်ဖိစီးမှုများကို သက်သာစေတဲ့ ဟော်မုန်း) လေးထွက်ရင် နေလို့ ထိုင်လို့ ကောင်းသွားပါပြီ။ နည်းနည်းလေး ချွေးထွက်သွားတာက တစ်နေကုန် စိတ်ကြည်လင်နေစေဖို့ အထောက်အကူဖြစ်ပါလိမ့်မယ်။

    မနက်မိုးလင်းလို့ ရုန်းကန်ရတဲ့ထဲမှာ မနက်စာကိစ္စလည်း ပါပါတယ်။ ရုံးချိန်မမီမှာရော ကားကြပ်မှာရောကို တွေးပြီး လွတ်သွားတဲ့ မနက်စာဆိုတာ မနည်းပါဘူး။ တကယ်တော့ မနက်စာက တစ်နေကုန်လှုပ်ရှားနေဖို့အတွက် လိုအပ်တဲ့ energyပါ။

    ရုံးနောက်ကျတတ်လို့ မနက်စာလွတ်ပေါင်းများပြီဆိုတဲ့ သူတွေအတွက် နည်းလမ်းလေးရှိပါတယ်။ ဒါကတော့ ဒီနေ့ညနေရုံးဆင်းကတည်းက မနက်ဖြန်အတွက် မနက်စာကို ကြိုဝယ်သွားပါ။ အထားခံတဲ့ဟာတစ်ခုခုပေါ့ (ဥပမာ ပေါင်မုန့်၊ ပဲနို့၊ သစ်သီး)။

    • ဘတ်စ်ကားစီးမယ်။ ဒါမှမဟုတ် ကားကို ရုံးနဲ့ ခပ်ဝေးဝေးမှာရပ်မယ်။

    ကားမောင်းရတာက စိတ်ရှုပ်ဖို့ကောင်းတယ်။ စည်းမရှိကမ်းမရှိလူတွေကိုတွေ့တဲ့အခါ စိတ်ဖိစီးမှုလည်းပိုများစေတယ်။ ဒီတော့ အကောင်းဆုံးက အများပြည်သူသုံးတဲ့ သယ်ယူပို့ဆောင်ရေးစနစ်တွေကိုအသုံးပြုတာက စိတ်ဖိစီးမှုကင်းဝေးတယ်။ ဘတ်စ်ကားစီးတာက လမ်းလျှောက်ဖြစ်ဖို့အတွက်လည်း အခွင့်အရေးပိုများတယ်မဟုတ်လား။

    ဒါမှမဟုတ် ကားပဲမောင်းမယ်ဆိုရင်လည်း ကားကို ရုံးနဲ့ ခပ်လှမ်းလှမ်းနေရာကျယ်ကျယ်မှာထိုးပြီး ရုံးကိုလမ်းလျှောက်တာက လေ့ကျင့်ခန်းလည်းလုပ်ပြီးဖြစ်သလို ကားပါကင်အတွက် စိတ်ညစ်စိတ်ရှုပ်စရာလည်းမလိုဘူး။ ရုံးကိုသွားရတဲ့သူတွေအတွက် အကောင်းဆုံးအကြံပေးချင်တာက စောစောရုံးသွားပြီး နောက်ကျမှပြန်တာမျိုးဆို ကားကြပ် လမ်းကြပ်တဲ့ဒုက္ခတွေ ကင်းဝေးနိုင်ပါလိမ့်မယ်။ ဒါဆို စိတ်ဖိစီးမှုတွေလည်း သက်သာတာပါ့။

    ခုလို ပိုးပေါင်းစုံနေတဲ့ ခေတ်ကြီးမှာ ရောဂါတော်တော်များများကို ကာကွယ်ဖို့ ရုံးရောက်တာနဲ့ လက်ဆေးတဲ့အကျင့်ကို လုပ်ထားပါ။

    ပြီးရင် ၁မိနစ်လောက် ဝင်လေထွက်လေကို မှတ်လိုက်ပါ။ ခုနောက်ပိုင်း အနောက်နိုင်ငံက ကုမ္ပဏီကြီးတွေက ရုံးက အလုပ်သမားတွေကို အလုပ်မစခင် တရားထိုင်ခိုင်းနေပါပြီ။ ဒါက စိတ်ဖိစီးမှုကို လျော့စေတဲ့အပြင် ဖန်တီးနိုင်စွမ်းကိုလည်း တိုးစေပါသတဲ့။

    • ရုံးမှာ လေ့ကျင့်ခန်းလုပ်ရအောင်။

    မိုးလင်းတည်းက ထိုင်လိုက်တာ ခုဆို နေ့လယ်တောင် ကျော်ပြီလေ။ ညောင်းရောပေါ့။ ကွန်ပျူတာ ကြည့်တဲ့သူဆို ပိုဆိုးပါတယ်။ မျက်လုံးလည်းညောင်း၊ ဇက်လည်းညောင်း၊ တစ်ကိုယ်လုံးညောင်းပဲ။ ဒါကြောင့် လေ့ကျင့်ခန်းလေးစလိုက်ရအောင်။

    ခုကြည့်နေတဲ့ websiteကနေ ခဏနားပြီး Youtubeကနေ office exerciseလို့ ရိုက်ထည့်ပြီး ရှာလိုက်ပါ။ အဲ့ထဲကမှ ကိုယ်ကြိုက်တာ တစ်ခုကို ၁ဝမိနစ်လောက် ရွေးလုပ်လိုက်ပါ။ တစ်ယောက်တည်းလုပ်ရမှာ ကြောင်တယ်ထင်ရင် ဘေးကတစ်ယောက်ကိုပါ အဖော်စပ်လိုက်ပေါ့။

    • မျက်လုံးကို ဂရုစိုက်နော်

    ကွန်ပျူတာကို ဆက်တိုက်မကြည့်ပါနဲ့။ မိနစ်၂ဝလောက်ကြည့်ပြီးတိုင်း အဝေးက စိမ်းစိမ်းစိုစိုတွေကို အကြည့်လွှဲပေးပါ။ မျက်လုံးလေ့ကျင့်ခန်းတွေလုပ်ပေးပါ။

    တစ်နေ့လုံးနေမှ ရေတစ်ခွက်တောင် မသောက်မိဘူးဆိုတာဖြစ်ဖူးလား။ အဲကွန်းခန်းထဲလုပ်တဲ့သူတွေက ချွေးသိပ်မထွက်လို့ ရေသောက်ဖို့ မေ့တတ်ကြပါတယ်။ ဒါကြောင့် သတိထားပြီး မကြာမကြာသောက်ပေးပါ။ ရှူးလည်း အောင့်မထားပါနဲ့။ ဆီးချုပ်ဝမ်းချုပ်ခံပြီး အလုပ်မလုပ်ပါနဲ့။ ရေသောက်လိုက် ရှူးပေါက်လိုက်ကလည်း အိမ်သာခဏခဏသွားရလို့ လေ့ကျင့်ခန်း လုပ်ပြီးသားလည်း ဖြစ်ပါတယ်။

    • ရုံးဆင်းရင် အလုပ်တွေထားခဲ့ပါ။

    အလုပ်တွေကို တတ်နိုင်ရင် အိမ်မယူသွားပါနဲ့။ ရုံးက စိတ်ညစ်စရာတွေကိုလည်း အိမ်ခေါ်မသွားပါနဲ့။ အိမ်မှာတော့ သက်တောင့်သက်သာအနားယူဖို့၊ ကိုယ်ရေးကိုယ်တာ ကိစ္စတွေလုပ်ဖို့၊ မိသားစုကို အချိန်ပေးဖို့ပဲ စဉ်းစားပါ။ အိမ်ရောက်ရင် အလုပ်ကအကြောင်းတွေကို မေ့ပြီး အိပ်ရေးဝဝအိပ်ပါ။အလုပ်မပြီးသေးရင် အိမ်ယူသွားမယ့်အစား နောက်ရက်မှာ စောစောလာပြီး လက်စသတ်ဖို့စဉ်းစားပါ။ အိမ်ပြန်ရင်း လမ်းမှာ နက်ဖြန်စားဖို့ ဝယ်သွားဦးနော်။

    ကဲ….. ကိုယ့်တစ်နေ့တာကို ပြန်ကြည့်ရအောင်။ မနက်ကလည်း လေ့ကျင့်ခန်း ၁ဝမိနစ်လောက် လုပ်တယ်။ မနက်စာရော နေ့လယ်စာရောစားတယ်။ လမ်းလည်းလျှောက်တယ်။ ရုံးမှာလည်း လေ့ကျင့်ခန်းလုပ်တယ်။ မျက်စိကို ဂရုစိုက်တယ်။ တရားတောင်ထိုင်လိုက်သေး။ တစ်နေ့လုံးစာဆို မိနစ်၂ဝလောက် လေ့ကျင့်ခန်း လုပ်ဖြစ်တယ်ဆိုတော့ ဒီနေ့ အလုပ်သွားရတာ တန်သွားပါပြီ။

    ဒီခေတ်က Work smart ပါ။ Work hard မဟုတ်ပါဘူး။ ဘယ်လောက်ပဲ အလုပ်တွေ လုပ်လုပ် Quality of life ကို အထိခိုက်ခံလို့မဖြစ်ပါဘူး။ ဒီလိုမျိုးသာ နေ့တိုင်းလေးလုပ်ရရင် Monday blues (တနင်္လာနေ့တိုင်း စိတ်ညစ်နေတာမျိုး) ဆိုတာလည်း ရှိတော့မှာ မဟုတ်ပါဘူး။ လေးလံထိုင်းမှိုင်းတဲ့ Sedentary lifestyle ဆိုတာလည်း တာ့တာပါပဲ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 08/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement