backup og meta

နာတာရှည်ခြေထောက်သွေးပြန်ကြောရောဂါကို ဖြစ်စေနိုင်တဲ့ မြန်မာနိုင်ငံမှာ အတွေ့အများဆုံး အကြောင်းအရင်း ၈ ချက်။ ။

နာတာရှည်ခြေထောက်သွေးပြန်ကြော ရောဂါကဘာလဲဆိုတာ အရင်မပြောခင် ကိုယ်ခန္ဓာသွေးကြောစနစ်ရဲ့ အဖွဲ့ဝင်တွေနဲ့ အရင်မိတ်ဆက်ပေးချင်ပါတယ်။ သွေးကြောစနစ်မှာ သွေးလွှတ်ကြော ( arteries) ၊သွေးပြန်ကြော ( veins)၊ နဲ့ ပြန်ရည်ကြော ( lymphatic) ဆိုပြီး အဖွဲ့ဝင် ၃ ယောက်ရှိပါတယ်။ အဲ့ဒီတော့ သူတို့အထဲကမှ နာတာရှည်ခြေထောက်သွေးပြန်ကြောရောဂါရဲ့ ပင်မဇာတ်လိုက်ဖြစ်တဲ့ သွေးပြန်ကြော အကြောင်းကိုပြောပြချင်ပါတယ်။ သွေးပြန်ကြောရဲ့ တာဝန်ကတော့ တစ်ကိုယ်လုံးကသွေးတွေကို နှလုံးဆီပြန်သယ်လာရတာဖြစ်ပါတယ်။ သွေးပြန်ကြောရဲ့ အဓိက ပင်မစခန်းချတဲ့ နေရာကတော့ ခြေထောက်မှာလို့ ပြောရပါလိမ့်မယ်။ ခြေထောက်မှာရှိတဲ့သွေးပြန်ကြောတွေက ကမ ္ဘာမြေကြီးရဲ့ ဆွဲအားနဲ့ ဆန့်ကျင်ပြီး နှလုံးဆီ သွေးတွေကို ပြန်ပို့ပေးနေရတာပါ။ သူ့မှာပါတဲ့ တစ်ဖက်ပွင့် အဆို့ရှင်လေးတွေက နှလုံးဆီကိုပဲသွေးတွေစီးစေပြီးတော့ ခြေထောက်ထဲသွေးတွေပြန်စီးဝင်တာကို တားဆီးပေးပါတယ်။ နာတာရှည်ခြေထောက်သွေးပြန်ကြောရောဂါဆိုတာ veins လို့ခေါ်တဲ့ သွေးပြန်ကြောတွေ ပုံမှန် မဟုတ်တော့လို့ ဖြစ်ရတာပါ။

နာတာရှည်ခြေထောက်သွေးပြန်ကြောရောဂါထဲမှာ ဘာတွေပါလဲ။

  • သွေးတွေကို နှလုံးဆီပို့ဖို့ ညှစ်လိုက်တဲ့ အခါတိုင်း သွေးပြန်ကြောတွေမှာပါတဲ့ အဆို့ရှင်တွေ မလုံတော့တာကြောင့် ခြေထောက်မှာ သွေးတွေပြန်အိုင်လာတဲ့ အတွက် ခြေထောက်တွေ ဖောလာတာ၊ ( Venous insufficiency)
  • သွေးပြန်ကြောရောင်တာကြောင့် ခြေထောက်တွေနာတာ၊ ( Phlebitis)
  • သွေးကြောတွေထုံးနေတာ၊( Varicose veins)
  • ပင့်ကူမျှင်လိုမျိုးသွေးကြောတွေ ဖြာထွက်နေတာ (spider veins)
  • ခြေထောက်မှာ အနာတွေဖြစ်လာတာ၊ ခြေထောက်အရေပြား အရောင်ပြောင်းတာ
  • ခြေထောက် မသယ်ချင်အောင် လေးနေတာ တွေပါပါတယ်။

နာတာရှည်ခြေထောက်သွေးပြန်ကြော ရောဂါကို ဖြစ်စေတဲ့အကြောင်းများ။ ။

နာတာရှည်ခြေထောက်သွေးပြန်ကြော ရောဂါဆိုတာ ကမ ္ဘာမှာသာမက မြန်မာနိုင်ငံမှာပါ အဖြစ်များတဲ့ ရောဂါတစ်ခုပါ။ တခြား နာမည်ကြီး ဆီးချို သွေးတိုး၊ ကင်ဆာတွေ ရှိနေတော့ သူ့ကိုသတိမထားမိကြလို့ မသိကြတာပါ။ သိပ်မသိကြတော့ နာတာရှည်ခြေထောက်သွေးပြန်ကြောရောဂါဖြစ်စေနိုင်တဲ့ အရာတွေကို ဂရုမမူမိဘဲ လုပ်နေမိတတ်ကြပါတယ်။ ပြီးတော့နာတာရှည်ခြေထောက်သွေးပြန်ကြောရောဂါဆိုတာ မဖြစ်ခင်တည်းက ကြိုတင်ကာကွယ်လို့ရတဲ့ ရောဂါတစ်ခုပါ။ နာတာရှည်ခြေထောက်သွေးပြန်ကြော ရောဂါကို အများဆုံးဖြစ်စေနိုင်တဲ့ အရာတွေကို ကြိုရှောင်လိုက်ရင် ရောဂါကို လည်း ကာကွယ်ပြီးသားဖြစ်တာပေါ့။ ဒါကြောင့် ဘယ်အရာတွေက သူ့ကို အများဆုံးဖြစ်စေလဲဆိုတာ ဆက်ကြည့်ရအောင်။ ။

၁။ အထိုင်များတာနဲ့ တစ်ချိန်လုံးမတ်တတ်ရပ်နေရတာကလည်း နာတာရှည်ခြေထောက်သွေးပြန်ကြောရောဂါကိုထိပ်ဆုံးက ဖြစ်စေတဲ့အရာတစ်ခုပါ။

အထိုင်များပြီး လှုပ်ရှားမှု မရှိတော့ သွေးလှည့်ပတ်မှုမကောင်းတော့ဘဲ နှလုံးဆီကို ပြန်စီးနေတဲ့လမ်းကြောင်း နှေးသွားပြီးသွေးတွေ ခြေထောက်မှာပြန်အိုင်နေတတ်ပါတယ်။ ဒီလိုအထိုင်များပြီး ခြေထောက်ဖောင်းလာတာကို ခြေထောက် သွေးကျတယ်လို့ ခေါ်ကြပါတယ်။ ဒီလိုဖြစ်လာပြီဆို သွေးပြန်ကြောတွေထဲမှာ ဖိအားတွေတက်လာပြီး ကြာလာရင် အဆို့ရှင်လေးတွေအားနည်းလာပါတော့တယ်။ အထိုင်များတာတင် မကပါဘူး၊ မတ်တတ်ရပ်ေနတာ ၂ နာရီထက်ကျော်သွားရင်လည်း ကမ ္ဘာမြေကြီးရဲ့ ဆွဲအားကို ဆန့်ကျင်ပြီးတော့ နှလုံးဆီကို သွေးပြန်ပို့ဖို့ သွေးပြန်ကြောတွေ ပိုအလုပ်လုပ်ရတဲ့ အတွက် သွေးပြန်ကြောတွေ အားနည်းပြီး ရောဂါတွေစဖြစ်လာပါတော့တယ်။ အထိုင်များတဲ့ ခုခေတ်လူနေမှုစနစ်ကိုက ရောဂါ ဖြစ်စေဖို့ အတွက်လမ်းစဖော်ပေးနေတာမို့ တစ်နေ့တာ အချိန်ဇယားထဲမှာ ကိုယ်လက်လှုပ်ရှားမှုလုပ်ဖို့ အတွက် သပ်သပ်အချိန်တစ်ခုဖယ်ထားသင့်တယ်နော်။

၂။ ဆေးလိပ်ေကြာင့် သွေးပြန်ကြောတွေ ထိခိုက်နိုင်ပါတယ်။

ဆေးလိပ်မှာပါတဲ့ နီကိုတင်းနဲ့ ဓါတုပစ္စည်းတွေက သွေးကြောနံရံကို ကျဉ်းစေလို့ သွေးစီးဆင်းတာကို အနှောင့်အယှက်ဖြစ်စေပါတယ်။ ဒါ့အပြင် နီကိုတင်းက သွေးတွေကိုလည်းခဲစေတာကြောင့် သွေးပြန်ကြောတွေ ပိတ်ပြီး ခြေထောက်ပုတ်ကာ ဖြတ်ပစ်လိုက်ရတဲ့ အကြောင်းတွေ ကြားဖူးမှာပါ။ ဒါကြောင့် ဆေးလိပ်သောက်တာဟာနာတာရှည်ခြေထောက်သွေးပြန်ကြောရောဂါကို ဖြစ်စေတဲ့ အကြောင်းတွေထဲက ထိပ်ဆုံးမှာပါဝင်နေတာ မဆန်းပါဘူး။ ရောဂါမဖြစ်အောင် ကြိုတင်ကာကွယ်ချင်ရင်တော့ ဆေးလိပ်ကိုဖြတ်လိုက်တာကသာ အကောင်းဆုံးပါ။

၃။ ကိုယ်ဝန်ကြောင့်လည်းနာတာရှည်ခြေထောက်သွေးပြန်ကြောရောဂါေတွဖြစ်နိုင်ပါတယ်။

ကိုယ်ဝန်ဆောင်တာကလည်းနာတာရှည်ခြေထောက်သွေးပြန်ကြောရောဂါကို ဖြစ်စေတဲ့ အကြောင်းတွေထဲ တစ်ခုပါပဲ။ ကိုယ်ဝန်သည်တွေမှာ နာတာရှည်ခြေထောက်သွေးပြန်ကြောရောဂါက အကြောင်းအရင်း ၂ ချက်ကြောင့်ဖြစ်ရတာပါ။

  • ကိုယ်ဝန်သက်ရင့်တော့ ကြီးလာတဲ့ သားအိမ်က inferior vena cava နဲ့ iliac vein လို့ခေါ်တဲ့ သွေးပြန်ကြောတွေကို သွားဖိလို့ ခြေထောက်မှာရှိတဲ့ သွေးပြန်ကြောဖိအားတွေတက်လာပါတယ်။
  • ကိုယ်ဝန်ရှိတဲ့ အချိန်မှာ ထွက်တဲ့ ဟော်မုန်းတစ်မျိုးက သွေးပြန်ကြောတွေကို ကျယ်စေတဲ့အာနိသင်ရှိပါတယ်။ သွေးပြန်ကြောက ကျယ်လာတာကြောင့် အထဲမှာရှိတဲ့ အဆို့ရှင်တွေလည်းမလုံတော့ဘဲ နှလုံးဆီ သွေးတစ်ခါပို့တိုင်း ခြေထောက်ထဲ သွေးပြန်ပြန်စီးနေတတ်ပါတယ်။ ဒါတွေက ကိုယ်ဝန်သည်တွေ ခြေထောက်ဖောရောင်နေရတဲ့ အကြောင်းရင်းဖြစ်ပါတယ်။ ကိုယ်ဝန်ကြောင့် နာတာရှည်ခြေထောက်သွေးပြန်ကြောရောဂါ ပိုဆိုးမလာစေချင်ရင်တော့ ကိုယ်လက်လှုပ်ရှားမှုတွေလုပ်ပေးရပါမယ်။ လမ်းများများ လျှောက်ပေးတာက ကိုယ်ဝန်သည်တွေ အတွက် အသင့်တော်ဆုံး လေ့ကျင့်ခန်းတစ်ခုပါ။

၄။ အဝလွန်တာကလည်း နာတာရှည်ခြေထောက်သွေးပြန်ကြော ရောဂါကို ဖြစ်စေတဲ့ အကြောင်းတွေထဲက တစ်ခုပါ။

အဝလွန်တဲ့လူတွေမှာ ခြေထောက်သွေးကြောတွေ ဖောင်းနေတာ၊ ထုံးနေတာ၊ သွေးကြောပြတ်သလို အရာတွေပေါ်နေတာမျိုး မြင်ဖူးကြမှာပါ။ ဒီလိုဖြစ်ရတာကတော့ ဝရင် ခြေသလုံးမှာစုလာတဲ့ အဆီတွေက သွေးပြန်ကြောကို ဖိမိသလိုဖြစ်လို့ သွေးကြောအတွင်း ဖိအားကိုတက်စေပါတယ်။ အဲ့ဒီ အခါမှာတော့ သွေးပြန်ကြောတွေ ဖောင်းလာ၊ ထုံးလာပြီးတော့ ခြေထောက်တွေ လေးလာ၊ နာလာပါတော့တယ်။ ဒါကြောင့် မဖြစ်ခင်တည်းက ကြိုတင်ကာကွယ်ရအောင် အစားအသောက်တွေ ဆင်ခြင်ပြီး ကိုယ်အလေးချိန်ကို ထိန်းသင့်ပါတယ်။ ဝနေတဲ့သူတွေလည်း လေ့ကျင့်ခန်းလုပ်ပြီး ကိုယ်အလေးချိန်ေလျှာ့ချဖို့ မပျင်းပါနဲ့။

၅။ မျိုးရိုးထဲမှာ နာတာရှည်ခြေထောက်သွေးပြန်ကြောရောဂါ ရှိဖူးရင် သင့်မှာလည်း ဖြစ်နိုင်ပါတယ်။

နာတာရှည်ခြေထောက်သွေးပြန်ကြောရောဂါဆိုတာ မျိုးရိုးလိုက်တဲ့ ရောဂါတစ်ခုပါ။ ဒါကြောင့် အမျိုးတွေထဲမှာနာတာရှည်ခြေထောက်သွေးပြန်ကြောရောဂါဖြစ်ဖူးတဲ့ သူရှိရင် သင့်အနေနဲ့ ကြိုတင်ကာကွယ်သင့်ပါတယ်။ အထိုင်မများဘဲ လေ့ကျင့်ခန်းလုပ်ပြီး ကိုယ်အလေးချိန်ထိန်းထားပါ။၊ ဆေးလိပ်သောက်ရင်လည်း ဆေးလိပ်ကို ဖြတ်လိုက်ပါ။

၆။ အရင်တုန်းက သင့်မှာ သွေးကြောထုံးတဲ့ ရောဂါဖြစ်ဖူးရင်နာတာရှည်ခြေထောက်သွေးပြန်ကြောရောဂါရှိနိုင်ပါတယ်။

ခြေထောက်မှာ သွေးကြောထုံးတယ်ဆိုတာ သင့်ပတ်ဝန်းကျင်မှာ ရှိတဲ့ လူတစ်ယောက်မဟုတ် တစ်ယောက်ဆီမှာ မြင်တွေ့နေကြဖြစ်တဲ့ အရာတစ်ခုပါ။ သွေးကြောထုံးတွေကနာတာရှည်ခြေထောက်သွေးပြန်ကြောရောဂါရဲ့ အစလို့တောင်ပြောလို့ရပါတယ်။ သွေးကြောထုံးတွေကြောင့် သွေးပြန်ကြောထဲရှိတဲ့ အဆို့ရှင်တွေ မလုံတော့ဘဲ ခြေထောက်မှာသွေးတွေပြန်ပြန်အိုင်နေတတ်လို့ ခြေထောက်ဖောပြီး နာလာတာဖြစ်ပါတယ်။ ဒါကြောင့် သင့်မှာ သွေးကြောထုံးနေပြီဆိုတာနဲ့ ဆေးကုသမှုသေချာ ခံယူသင့်ပါတယ်။

၇။ ကင်ဆာေကြာင့်လည်းနာတာရှည်ခြေထောက်သွေးပြန်ကြောရောဂါကို ဖြစ်စေနိုင်ပါတယ်။

ကင်ဆာ တင်မဟုတ် ကင်ဆာကိုကုဖို့ သွင်းတဲ့ ဆေးတွေကလည်းနာတာရှည်ခြေထောက်သွေးပြန်ကြောရောဂါကိုဖြစ်စေနိုင်ပါတယ်။ ကင်ဆာကြောင့် အများဆုံးဖြစ်တာက Deep Vein Thrombosis (DVT) လို့ခေါ်တဲ့ သွေးပြန်ကြောတွင်းသွေးခဲတာဖြစ်ပါတယ်။ Deep Vein Thrombosis (DVT ) ကလည်း သွေးပြန်ကြောရောဂါ တစ်ခုပါ။ ကင်ဆာထဲမှာဆို ရင်သားကင်ဆာ၊ အူမကြီးကင်ဆာနဲ့ အဆုတ်ကင်ဆာတို့က နာတာရှည်ခြေထောက်သွေးပြန်ကြောရောဂါကို ပိုဖြစ်စေနိုင်ပါတယ်။

၈။ ထိခိုက်ဒဏ်ရာတစ်ခုခုကြောင့် လည်းနာတာရှည်ခြေထောက်သွေးပြန်ကြော ရောဂါတွေဖြစ်နိုင်ပါတယ်။

ချော်လဲတာပဲဖြစ်ဖြစ်၊ ယာဉ်တိုက်တာပဲဖြစ်ဖြစ် ခြေထောက်မှာ ဒဏ်ရာရသွားပြီဆိုရင် အပြင်မှာတင် ဒဏ်ရာရတာမဟုတ်ပါဘူး၊ အတွင်းသွေးကြောလေးတွေလည်း ထိခိုက်ပြီး ရောင်သွားနိုင်ပါတယ်။ ဒါ့အပြင် ဒဏ်ရာရရင် သွေးတိတ်အောင် ထွက်လာတဲ့ တချို့သွေးခဲတွေက သွေးပြန်ကြောအပေါ်ကိုဖိလို့ သွေးကောင်းကောင်း မစီးနိုင်တော့တဲ့အပြင် သွေးပြန်ကြောလည်း ရောင်လာနိုင်ပါတယ်။ ဒါကြောင့် ဒဏ်ရာရသွားရင်လည်း အိပ်ရာပေါ်မှာပဲ လှဲမနေဘဲ လမ်းလျှောက်နိုင်ရင် လျှောက်ပေးပါ။ မလျှောက်နိုင်ရင်လည်း ခြေထောက်ကို အားသိပ်မသုံးဘဲ လှုပ်လှုပ်ပေးသင့်ပါတယ်။ ဒါမှ သွေးစီးဆင်းမှုကို ကောင်းစေမှာပါ။

ခုပြောပြခဲ့တာတွေကတော့နာတာရှည်ခြေထောက်သွေးပြန်ကြောရောဂါကို အများဆုံးဖြစ်စေနိုင်တဲ့အကြောင်းတွေပဲဖြစ်ပါတယ်။ နာတာရှည်ခြေထောက် သွေးပြန်ကြောရောဂါကို ပေ့ါဆပြီး မကုဘဲထားမယ်ဆိုရင် ခြေထောက်ဖြတ်ပစ်ရတာတွေနဲ့ ၊အနာတွေကနေ ပိုးတွေဝင်ပြီး သွေးဆိပ်သင့်ကာ အသက်ဆုံးရှုံးတဲ့ အထိဖြစ်နိုင်ပါတယ်။ ဒါကြောင့် အပေါ်မှာ ပြောပြခဲ့တဲ့နာတာရှည်ခြေထောက်သွေးပြန်ကြောရောဂါဖြစ်စေနိုင်တဲ့အချက်တစ်ချက်ချက်နဲ့ ကိုက်ညီနေပြီ၊ နာတာရှည်ခြေထောက်သွေးပြန်ကြောရောဂါလည်းဖြစ်နေပြီဆို ဆရာဝန်နဲ့ သေချာကုသဖို့ အရေးကြီးပါတယ်။ နာတာရှည်ခြေထောက်သွေးပြန်ကြောရောဂါဆိုတာ မြန်မြန်သိ မြန်မြန်ကု မြန်မြန်ပျောက်တဲ့ ရောဂါတစ်ခုဖြစ်တာမို့ ကိုယ့်မှာ ရောဂါရှိတယ်ဆိုတာ သေချာတာနဲ့ ချက်ချင်းကုသမှုခံယူနိုင်ရင် အကောင်းဆုံးပါပဲ ။

Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

[embed-health-tool-heart-rate]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Venous Insufficiencyhttps://www.healthline.com/health/venous-insufficiency Accessed Date 4.10.2018

When Hurting Your Leg Can Lead to Blood Clotshttps://www.webmd.com/dvt/blood-clots-minor-leg-injury#2 Accessed Date 4.10.2018

How Prolonged Sitting and Standing Can Lead to Leg and Vein Problemshttps://www.miamiveincenter.com/prolonged-sitting-standing-leg-vein-problems/ Accessed Date 4.10.2018

Chronic venous disease during pregnancyhttps://www.phlebolymphology.org/chronic-venous-disease-during-pregnancy/Accessed Date 4.10.2018

CANCER AND HOW IT IMPACTS VEIN DISEASEhttp://www.stjohnsvein.com/cancer-impacts-vein-disease/Accessed Date 4.10.2018

Obesity and lower limb venous disease – The epidemic of phlebesity.https://www.ncbi.nlm.nih.gov/pubmed/27178403Accessed Date 4.10.2018

ယခုပုံစံ

21/09/2022

Dr. Htet Htet Zaw Win မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

သွေးပြန်ကြောထုံးခြင်းအကြောင်းသိကောင်းစရာ အပိုင်း ၁

Deep Vein Thrombosis (သွေးပြန်ကြော သွေးခဲပိတ်ခြင်း)


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 21/09/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement