backup og meta

နာတာရှည် ခြေထောက်သွေးပြန်ကြောအားနည်းရောဂါ ဆိုတာဘာလဲ။


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 20/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နာတာရှည် ခြေထောက်သွေးပြန်ကြောအားနည်းရောဂါ ဆိုတာဘာလဲ။

    နာတာရှည်ခြေထောက်သွေးပြန်ကြောအားနည်းရောဂါ က ခြေထောက်မှာပဲ အဖြစ်များတဲ့ အတွက် ခြေထောက်က သွေးပြန်ကြောေလးတွေအကြောင်း အရင်ပြောပြချင်ပါတယ်။ ခြေထောက်မှာရှိတဲ့ သွေးပြန်ကြောတွေက နှလုံးဆီကို သွေးတွေပြန်ပို့တဲ့ တာဝန်ကိုလုပ်ဆောင်ရပါတယ်။ သူတို့မှာ နှလုံးဆီကိုပဲ မူတည်တဲ့ တစ်ဖက်ပွင့်အဆို့ရှင်တွေပါပြီး သွေးတွေ ခြေထောက်ထဲကို ပြန်စီးဝင်ခြင်းကို တားဆီးပေးပါတယ်။ ဒါကြောင့် ခြေသလုံးကို ကိုယ်ခန္ဓါရဲ့ ဒုတိယ နှလုံးလို့လည်းခေါ်ကြပါတယ်။

    နာတာရှည် ခြေထောက်သွေးပြန်ကြောအားနည်းရောဂါ ဆိုတာဘာလဲ။

    နာတာရှည ခြေထောက်သွေးပြန်ကြောအားနည်းရောဂါ ဆိုတာ ခြေထောက်မှာရှိတဲ့ သွေးပြန်ကြောတွေ ပုံမှန်မဟုတ်တော့ဘဲ ရောဂါ ဖြစ်နေတာကို ခေါ်တာပါ။ နာတာရှည ခြေထောက်သွေးပြန်ကြောအားနည်းရောဂါ ထဲမှာဆို

    • သွေးတွေကို နှလုံးဆီပို့ဖို့ ညှစ်လိုက်တဲ့ အခါတိုင်း သွေးပြန်ကြောထဲက အဆို့ရှင်တွေ မလုံတာကြောင့် ခြေထောက်မှာ သွေးတွေပြန်အိုင်လာတဲ့ အတွက် ခြေထောက်တွေ ဖောလာတာ၊ ( Venous insufficiency)
    • သွေးပြန်ကြောရောင်တာကြောင့် ခြေထောက်တွေနာတာ၊ ( Phlebitis)
    • သွေးကြောတွေထုံးနေတာတာ၊( Varicose veins)
    • ပင့်ကူမျှင်လိုမျိုးသွေးကြောတွေ ဖြာထွက်နေတာ (spider veins)
    • ခြေထောက်မှာ အနာတွေဖြစ်လာတာ၊ ခြေထောက်အရေပြား အရောင်ပြောင်းတာ တွေပါပါတယ်။

    နာတာရှည် ခြေထောက်သွေးပြန်ကြောအားနည်းရောဂါက ဘယ်သူတွေမှာပိုဖြစ်တတ်လဲ။

    • အသက် ၅၀ ကျော်တဲ့ လူကြီးတွေ
    • အဝလွန်တဲ့ သူတွေ
    • အထိုင်များပြီး ကိုယ်လက်လှုပ်ရှားမှု မရှိတဲ့သူတွေ
    • တာရှည်စွာ မတ်တတ်ရပ်ပြီးအလုပ်လုပ်ရသူတွေ
    • သွေးပြန်ကြောရောဂါမျိုးရိုးရှိတဲ့ သူတွေ
    • ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ နဲ့
    • ဆေးလိပ်သောက်တဲ့ သူတွေ မှာ နာတာရှည်သွေးပြန်ကြောရောဂါ ပိုဖြစ်တတ်ပါတယ်။

    နာတာရှည် ခြေထောက်သွေးပြန်ကြောအားနည်းရောဂါ ရဲ့ လက္ခဏာတွေက ဘာတွေလဲ။

    နာတာရှည် ခြေထောက်သွေးပြန်ကြောအားနည်းရောဂါ က ခြေထောက်မှာပဲ ဖြစ်တာများပါတယ်။ ဒါကြောင့် သူ့ရဲ့ လက္ခဏာ အများစုကို ခြေထောက်မှာပဲ တွေ့ရတာပါ။

    • ခြေထောက်အောက်ပိုင်းနဲ့ ခြေကျင်းဝတ်မှာဖောရောင်လာတာ၊
    • ခြေထောက်တွေ မသယ်ချင်အောင် လေးလာတာ၊
    • ခြေထောက်နာတာ၊ ယားတာ
    • ခြေထောက်သွေးကြောတွေထုံးနေတာ(အရေပြားပေါ်မှာ သွေးကြောကြီးတွေ ဖောင်းပြီး တွန့်လိမ်နေတဲ့ပုံစံမျိုးနဲ့ မြင်ရပါတယ်။)
    • ခြေထောက် နားက အရေပြားတွေအရောင်ပြောင်းလာတာ ( သားရေလိုမျိုး ပြောင်ချောချာကြီးဖြစ်နေတတ်ပါတယ်)
    • ခြေထောက်မှာ အနာတွေဖြစ်တာ တွေက ခြေထောက်သွေးပြန်ကြောအားနည်းရောဂါ ရဲ့ လက္ခဏာတွေပါ။

    နာတာရှည် ခြေထောက်သွေးပြန်ကြောအားနည်းရောဂါ ရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေက ဘာတွေလဲ။

    • အပေါ်မှာ ဖော်ပြခဲ့တဲ့ လက္ခဏာတွေဖြစ်နေတာတောင် ပေါ့ပေါ့ဆဆနေပြီး မကုဘဲထားမယ်ဆိုရင် ခြေထောက်မှာရှိတဲ့ သွေးကြောမျှင်လေးတွေ ဖောင်းလာပြီး ပေါက်သွားနိုင်ပါတယ်။ ပေါက်သွားတဲ့ သွေးကြောမျှင်တွေကြောင့် ခြေထောက်အရေပြားဆီကို သွေးတွေ လုံလုံလောက်လောက် မပို့နိုင်တော့လို့ ခြေထောက်အောက်ပိုင်းနဲ့ ခြေကျင်းဝတ် တစ်ဝိုက်မှာ အနာတွေဖြစ်လာနိုင်ပါတယ်။
    • အောက်ဆီဂျင်ကောင်းကောင်းမရတော့လို့ အနာကျက်တာနှေးသွားပြီး ပိုးတွေလည်း ဝင်နိုင်ပါတယ်။
    • အဆို့ရှင်တွေ မလုံတော့ ညှစ်လိုက်တိုင်း ခြေထောက်ထဲမှာ သွေးတွေ ပြန်ပြန်အိုင်နေတတ်လို့ သွေးပြန်ကြော အတွင်းထဲမှာ သွေးခဲတာတွေဖြစ်နိုင်ပါတယ်။ (Deep vein Thrombosis)
    • Deep vein Thrombosis ကြောင့်ဖြစ်လာတဲ့ သွေးခဲတွေက သွေးပြန်ကြောကို ပိတ်တတ်လို့ ခြေထောက်ဆီကို သွေးကောင်းကောင်း မရောက်နိုင်တော့ဘဲ ခြေထောက်ပုပ်သွားပြီး ဖြတ်လိုက်ရတဲ့ အဆင့်ရောက်သွားနိုင်ပါတယ်။
    • ပုပ်သွားတဲ့ ခြေထောက်ကို မဖြတ်ဘဲ ပေါ့ပေါ့ဆဆ ဆက်ထားမယ်ဆို ပိုးတွေဝင်ပြီး တစ်ကိုယ်လုံး သွေးဆိပ်သင့်ကာ အသက်ဆုံးရှုံးတဲ့ အထိဖြစ်နိုင်ပါတယ်။

    နာတာရှည် ခြေထောက်သွေးပြန်ကြောအားနည်းရောဂါ ကို ဘယ်လိုသိနိုင်လဲ။

    • ဖော်ပြခဲ့တဲ့ ခြေထောက်သွေးပြန်ကြောအားနည်းရောဂါ ရဲ့ လက္ခဏာတွေ ရှိနေမယ်။
    • duplexultrasound (သို့မဟုတ်) vascular ultrasound ကနေ သွေးကြောတွေကို ပုံရိပ်ဖော်ကြည့်ပြီး သွေးပြန်ကြောတွေပိတ်နေလား။ ဘယ်နေရာမှာ ဖြစ်နေလဲဆိုတာ စစ်ဆေးမယ်။
    • သွေးပြန်ကြောထဲဆေးထိုးပြီးသွေးကြော ကိုပုံဖော်နိုင်တယ်။ (Venogram)
    • ရင်ဘတ်ဓါတ်မှန်တွေ ရိုက်ကြည့်ပြီး ခြေထောက်ဖောနေတာ နှလုံးကြောင့်လား၊
    • ဆီးစစ်ပြီးတော့ ကျောက်ကပ်ေကြာင့် ခြေထောက်ဖောတာလားဆိုတာကို စစ်ဆေးကြည့်ပြီး ခြေထောက်သွေးပြန်ကြောအားနည်းရောဂါ နဲ့ ခွဲခြားနိုင်တယ်။

    နာတာရှည် ခြေထောက်သွေးပြန်ကြောအားနည်းရောဂါ အတွက် ကုသမှုက ဘာတွေလဲ။

    ဆေးပညာပိုင်းဆိုင်ရာ ကုသမှု မလုပ်ခင် လူနာတွေ ဘက်ကပြောင်းလဲရမှာကတော့

    • အထိုင်များတဲ့သူတွေဆို ကိုယ်လက်လှုပ်ရှားမှုတွေလုပ်ပေးသင့်ပါတယ်။
    • ဆေးလိပ်သောက်တဲ့ သူဆိုလည်း ဆေးလိပ်ဖြတ်သင့်ပါတယ်။
    • အကြာကြီး ထိုင်ပြီး ကားစီးရမယ့်လေယာဉ်စီးရမယ့် ခရီးတွေဆိုရှောင်သင့်ပါတယ်။

    ဆေးကုသမှုကတော့ ခြေထောက်ဖောတာကို သက်သာစေဖို့ အတွက်နဲ့ ခြေထောက် အနာဖြစ်တာကို ကာကွယ်ဖို့ အဓိက ရည်ရွယ်ပါတယ်။ ခြေထောက်အနာတွေဖြစ်မယ်၊ ပိုးဝင်နေမယ်ဆိုရင်တော့ ပိုးသတ်ဖို့ ပဋိဇီဝဆေးတွေသောက်နိုင်ပါတယ်။ သောက်ဆေးအပြင် ဖြစ်နေတဲ့ ရောဂါ အဆင့်ပေါ်မူတည်ပြီး အခြားခွဲစိတ်မှုတွေလည်း လုပ်နိုင်ပါသေးတယ်။ ဆရာဝန်က လိုအပ်သလို စီစဉ်ညွှန်ကြားပါလိမ့်မယ်။

    ဒါတွေကတော့ နာတာရှည် ခြေထောက်သွေးပြန်ကြောအားနည်းရောဂါ အကြောင်းပဲဖြစ်ပါတယ်။ နာတာရှည် ခြေထောက်သွေးပြန်ကြောအားနည်းရောဂါ ဟာ ရောဂါသေးသေးလေးပဲဆိုပြီး မကုသဘဲထားလို့ အခန့်မသင့်ရင်အသက်သေဆုံးနိုင်တဲ့ အထိဖြစ်နိုင်လို့ ခြေထောက်တွေနာနေပြီ၊ သွေးကြောဖောင်းတာကိုလည်း တွေ့နေပြီဆိုရင် မပေါ့ဆဘဲ ပိုဆိုးမသွားခင် အမြန်ဆုံး ကုသမှု ခံယူသင့်တဲ့ ရောဂါ တစ်ခုပါ။

    Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 20/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement