Congenital Heart Disease (မွေးရာပါနှလုံးရောဂါ) ဖြစ်နိုင်ခြေကို ဘာတွေက မြင့်တက်စေသလဲ။
မွေးရာပါနှလုံးရောဂါ ဖြစ်ပွားနိုင်ချေကိုမြင့်စေသော အကြောင်းရင်းများစွာရှိပါသည်။ ဥပမာအားဖြင့်
- မိသားစုမှာ မွေးရာပါနှလုံးချို့ယွင်းမှု မျိုးရိုးရှိနေခြင်း
- ကလေးငယ်တွင် ဗီဇနဲ့ ခရိုမိုဇုမ်းများ ပြဿနာဖြစ်ခြင်း (ဥပမာ ဒေါင်းရောဂါ)
- ကိုယ်ဝန်ဆောင်နေစဉ် တချို့သော ဆေးများသောက်ခြင်းကလည်း ကလေးငယ်များ နှလုံးချို့ယွင်းမှုအန္တရာယ်ကို မြင့်သွားစေနိုင်ပါတယ်။
- ကိုယ်ဝန်ဆောင်စဉ် အရက်နဲ့ မူးယစ်ဆေးများ သုံးခြင်းကလည်း ကလေးနှလုံးချို့ယွင်းမှုကို ဖြစ်စေနိုင်ပါတယ်။
- ကိုယ်ဝန်နုစဉ်မှာ မိခင်က ဗိုင်းရပ်စ်ပိုး ကူးစက်ခံရမယ်ဆိုရင်လည်း နှလုံးချို့ယွင်းသောကလေး မွေးဖွားနိုင်ချေ မြင့်မားပါသည်။
- သွေးတွင်းသကြားဓာတ်များခြင်း (ဥပမာ ကိုယ်ဝန်ဆောင်ဆီးချို)သည်လည်း ကလေးဖွံ့ဖြိုးမှုကို ထိခိုက်စေပါတယ်။
Congenital Heart Disease (မွေးရာပါနှလုံးရောဂါ) ကို ဘယ်လိုအတည်ပြုပါသလဲ
တချို့ပြဿနာတွေက ကလေးမမွေးခင်တည်းက စစ်ဆေးသိရှိနိုင်ပေမယ့် တချို့တွေကတော့ မွေးကင်း ကလေးအရွယ် ဒါမှမဟုတ် အရွယ်ရောက်မှပဲ လက္ခဏာပြပြီး သိရတာမျိုး ရှိနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်စဉ်မှာ ဘယ်လောက်ပဲ စစ်စစ် မွေးရာပါနှလုံးရောဂါတွေ မသိလိုက်ဘဲ လွတ်သွားနိုင်တာမျိုး ရှိနိုင်တယ်ဆိုတာကို သိတ်ပြုပါ။
ကလေးမှာ ဖြစ်တဲ့ မွေးရာပါ နှလုံးရောဂါကို စစ်ဆေးတဲ့ နည်းတွေကတော့
- အက်ကိုးရိုက်ခြင်း
- Cardiac Catheterization – ဆရာဝန်မှ သေးငယ်ပြီး ကွေးဆန့်လွယ်သော ပိုက်ချောင်းသေးသေးလေးကို လက်မောင်း ဒါမှမဟုတ် ခြေထောက်သွေးကြောတွေကနေ ကလေးနှလုံးဆီရောက်အောင် ပို့ပြီး နှလုံးအတွင်းမှပုံရိပ်ကို စောင့်ကြည့်ခြင်း ဖြစ်ပါတယ်။
- ရင်ဘတ်ဓာတ်မှန်ရိုက်ခြင်း
- အီးစီဂျီဆွဲခြင်း
- သံလိုက်ဓာတ်မှန်ရိုက်ခြင်း
Congenital Heart Disease (မွေးရာပါနှလုံးရောဂါ) ကို ဘယ်လိုကုသပါသလဲ
မွေးရာပါနှလုံးရောဂါကုသခြင်းက ချို့ယွင်းမှုအမျိုးအစားနဲ့ ပြင်းထန်မှုအပေါ်မူတည်ပါတယ်။ တချို့ကလေးများက ရောဂါမပြင်းထန်တဲ့အတွက် အချိန်တန်လျှင် အလိုလိုပျောက်သွားနိုင်ပါတယ်။ သီးသန့်ကုစရာ မလိုပါ။
တခြားကလေးတွေမှာ ပြင်းထန်သောချို့ယွင်းမှုတွေ ပါလာတဲ့အတွက် ကြပ်မတ်ကုသမှုလိုအပ်ပါတယ်။ ဒီဖြစ်ရပ်တွေမှာ အောက်ပါတို့ဖြင့် ကုသနိုင်ပါတယ်။
- ဆေးဝါးများ – နှလုံးအလုပ် ကောင်းကောင်းလုပ်နိုင်ရန် အကူအညီပေးသော ဆေးအမျိုးမျိုး ရှိပါသည်။ တချို့ဆေးများသည် သွေးခဲများဖြစ်ပေါ်ခြင်းကို ကာကွယ်ပေးပြီး နှလုံးစည်းချက်မမှန်ခြင်းအား ထိန်းချုပ်ပေးနိုင်ပါတယ်။
- နှလုံးစက်ကိရိယာများထည့်ခြင်း – မွေးရာပါနှလုံးရောဂါ၏ နောက်ဆက်တွဲပြဿနာအချို့အား စက်ကိရိယာများ သုံးခြင်းဖြင့် ကာကွယ်နိုင်သည်။
(ဥပမာ Pacemaker များနဲ့ ထည့်သွင်းအသုံးပြုရသော Cardioverter defibrillators (ICDs) )
Pacemaker သည် မူမမှန်သည့် နှလုံးခုန်နှုန်းကို ထိန်းညှိပေးနိုင်ပြီး ICD သည် အသက်အန္တရာယ်ဖြစ်စေသည့် နှလုံးခုန်မူမမှန်ခြင်းအား ပြုပြင်ပေးနိုင်သည်။
- ပြွန်သွင်းကုသခြင်းများ – ပြွန်သွင်းသောနည်လမ်းသည် ရင်ဘတ်နှင့် နှလုံးကို ခွဲစိတ်စရာမလိုဘဲ တချို့သော နှလုံးချို့ယွင်းမှုများအား ပြုပြင်နိုင်သည်။ ဒီကုသမှုမှာ ခြေထောက်ရှိ သွေးပြန်ကြောကနေ ပြွန်ထည့်ပြီး နှလုံးဆီသို့ ရောက်စေကာ ပြုပြင်ပေးခြင်းဖြစ်ပါတယ်။ မှန်ကန်သည့်နေရာကို ပြွန်ရောက်ပြီဆိုရင် ဆရာဝန်သည် သေးငယ်သော ပစ္စည်းလေးများအား ပြွန်တစ်လျှောက်ထည့်ပြီး ချို့ယွင်းမှုများအား ပြုပြင်ပါလိမ့်မယ်။
- နှလုံးကို ခွဲစိတ်ခြင်း – နှလုံးပြွန်သွင်းပြုပြင်ခြင်းဖြင့် မလုံလောက်နိုင်သော နှလုံးချို့ယွင်းမှုရှိလျှင် ဒီလိုခွဲစိတ်ကုသရန် လိုအပ်ပါတယ်။ ခွဲစိတ်ဆရာဝန်သည် နှလုံးဖွင့်ခွဲစိတ်ခြင်းအား ပြုလုပ်ပြီး နှလုံးအပေါက်များပိတ်ခြင်း၊ နှလုံးအဆို့ရှင်များအား ပြင်ခြင်း သို့မဟုတ် သွေးကြောချဲ့ခြင်းများ ပြုလုပ်နိုင်ပါတယ်။
- နှလုံးအစားထိုးခြင်း – ရှားပါးသောဖြစ်ရပ်များတွင် မွေးရာပါနှလုံးချို့ယွင်းမှုသည် ပြုပြင်မရလောက်အောင် ရှုပ်ထွေးနေတတ်သောအခါ နှလုံးအစားထိုးကုသရန် လိုအပ်ပါတယ်။
မွေးရာပါ နှလုံးရောဂါ မဖြစ်အောင် ဘယ်လိုကာကွယ်မလဲ။
အောက်ပါ ဆောင်ရန် ရှောင်ရန်တွေကို လိုက်နာမယ်ဆိုရင် မွေးရာပါ နှလုံးရောဂါ ဖြစ်နိုင်ခြေကို လျှော့ချနိုင်ပါလိမ့်မယ်။ ၁၀၀ ရာခိုင်နှုန်း မဖြစ်အောင် ကာကွယ်နိုင်တဲ့ နည်းလမ်းရယ်လို့ မရှိသေးပါဘူး။
- ကိုယ်ဝန်ဆောင်ရန် အစီအစဉ်ရှိပါက ဆရာဝန်နဲ့ ကြိုတိုင်ပင်ပါ။ ဆောင်ရန် ရှောင်ရန်တွေကို ကြိုမေးပါ။
- မွေးရာပါနှလုံးရောဂါသည် မိသားစုရာဇဝင်ရှိပါက Genetic Screening လုပ်ရန် ဆရာဝန်နှင့် ဆွေးနွေးပါ။ တချို့ ဗီဇများသည် မျိုးရိုးလိုက်ပြီး ကလေးမှာ ပါလာတတ်ပါတယ်။
- ဆီးချိုရှိလျှင် ကိုယ်ဝန်မဆောင်ခင်ကတည်းက သွေးတွင်းသကြားဓာတ်ကို ပုံမှန်ဖြစ်အောင် ထိန်းပါ။
- လိုအပ်တဲ့ ကာကွယ်ဆေးတွေ စုံအောင် ထိုးထားပါ။ ကိုယ်ဝန်ဆောင်စဉ် နေမကောင်းဖြစ်နေတဲ့ သူနား မကပ်ပါနဲ့။
- ကိုယ်ဝန်ဆောင်စဉ် အရက်နဲ့ မူးယစ်ဆေးများသုံးခြင်းကို ရှောင်ပါ။ ဆေးလိပ်သောက်တာ၊ ဆေးလိပ်ငွေ့ရှူတာကိုလည်း ရှောင်ကြဉ်ပါ။
Takeaways
မွေးရာပါ နှလုံးရောဂါက ဘာကြောင့် ဖြစ်တာလဲဆိုတာ အတိအကျ မပြောနိုင်သေးပါဘူး။ ဒါကြောင့် ဖြစ်နိုင်ခြေရှိတဲ့ အချက်တွေကို ရှောင်ကြဉ်တာက စိတ်အချရဆုံးပါပဲ။ ကိုယ်ဝန်ယူမယ်ဆို ဆရာဝန်နဲ့ သေချာအပ်ပါ။ မတော်တဆ ကလေးမှာ ရောဂါပါလာခဲ့ရင်လည်း တတ်ကျွမ်း နားလည်သူနဲ့ ပြသဖို့ အကြံပြုလိုပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။