backup og meta

ဖောလစ်အက်စစ် သည် ကိုယ်ဝန်ဆောင်စဉ် ဘာကြောင့် အရေးကြီးတာလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. K Zin Thwe မှ ရေးသားသည်။ · 14/02/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဖောလစ်အက်စစ် သည် ကိုယ်ဝန်ဆောင်စဉ် ဘာကြောင့် အရေးကြီးတာလဲ

    ဖောလစ်အက်စစ် သည် ကိုယ်ဝန်ဆောင်များအတွက် အရေးကြီးပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တွေကို ဖောလစ်အက်စစ် မဖြစ်မနေသောက်ဖို့ ညွှန်ကြားလေ့ရှိပါတယ်။ ဖောလစ်အက်စစ်က ကိုယ်ဝန်ဆောင်တွေအတွက် ဘာကြောင့် အရေးကြီးတာလဲဆိုတာကို လေ့လာကြည့်ရအောင်။

    ဖောလစ်အက်စစ်ဆိုတာ

    ဖောလစ်အက်စစ်ဆိုတာ ဗီတာမင် B9 အသွင်တစ်မျိုးပဲ ဖြစ်ပါတယ်။ သဘာဝအစားအစာတွေကနေ ရနိုင်သလို ဖြည့်စွက်အားဆေးတွေကနေလည်း ရနိုင်ပါတယ်။ ဖောလစ်အက်စစ်ကြွယ်ဝတဲ့ အစားအစာတွေကတော့

    • အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်များ (ပန်းဂေါ်ဖီစိမ်း၊ ဟင်းနုနွယ်ရွက်၊ ကညွတ်၊ မြင်းခွာရွက်)
    • အသီးအနှံများ (လိမ္မော်သီး၊ ငှက်ပျောသီး၊ စတော်ဘယ်ရီသီး)
    • ပဲမျိုးစုံ တို့ပဲဖြစ်ပါတယ်။

    အမျိုးသမီးတစ်ဦးက ကိုယ်ဝန်ဆောင်စဉ်မှာ တစ်နေ့ကို ဖောလစ်အက်စစ်ဓာတ် အနည်းဆုံး ၆၀၀ မိုက်ခရိုဂရမ် ရရှိအောင် စားသုံးပေးဖို့လိုအပ်ပါတယ်။ဒါပေမဲ့ အမျိုးသမီးတော်တော်များများဟာ အစားအသောက်တစ်ခုထဲကနေ အလုံအလောက်မရရှိကြပါဘူး။ ဒါကြောင့် အားဆေးတွေ ထပ်သောက်ရတာ ဖြစ်ပါတယ်။

    ဖောလစ်အက်စစ် သည် ကိုယ်ဝန်ဆောင်စဉ် ဘာကြောင့် အရေးကြီးတာလဲ

    ကိုယ်ဝန်ဆောင်မိခင်တွေက အောက်ပါအချက်ငါးချက်ကြောင့် ဖောလစ်အက်ဆစ်ကို နေ့စဉ်သောက်သုံးသင့်တာ ဖြစ်ပါတယ်။

    (၁) သန္ဓေသားလေးရဲ့ ဦးနှောက်နဲ့ အာရုံကြောမကြီး (Neural tube) ချို့ယွင်းမှုများကို ကာကွယ်ပေးခြင်း

    သန္ဓေသားလေးရဲ့ Neural tubeကနေ တဖြည်းဖြည်း ဦးနှောက်နဲ့ ကျောရိုးမတိုင်အဖြစ် ကြီးထွားလာမှာ ဖြစ်ပါတယ်။ ဒီလို ကနဦးအာရုံကြောစနစ်ဖွံ့ဖြိုးမှု ဖြစ်ပေါ်နေစဉ်မှာ ချို့ယွင်းချက်တွေမဖြစ်စေဖို့ ဖောလစ်အက်ဆစ်က ကာကွယ်ပေးပါတယ်။

    (၂) သွေးနီဥများ ထုတ်ပေးခြင်း

    ကိုယ်ဝန်ဆောင်ကာလမှာ သွေးအားနည်းရောဂါက အဖြစ်များတဲ့ ပြဿနာတစ်ခုဖြစ်ပါတယ်။ ဒါကို ကာကွယ်ဖို့အတွက် ဖောလစ်အက်ဆစ်ကို သောက်ပေးသင့်ပါတယ်။ ဘာကြောင့်လဲဆိုရင်တော့ ဖောလစ်အက်ဆစ်ဟာ သွေးနီဥတွေကို ထုတ်လုပ်စေဖို့ အားပေးတာကြောင့် ဖြစ်ပါတယ်။

    (၃) ရင်သွေးလေးကို မွေးရာပါ ချို့ယွင်းချက်များမဖြစ်အောင် ကာကွယ်ပေးခြင်း

    ဖောလစ်အက်စစ်က မွေးလာမယ့် ရင်သွေးလေးမှာ နှုတ်ခမ်းကွဲ အာခေါင်ကွဲဖြစ်ခြင်းကိုလည်း လျှော့ချပေးပါတယ်။ ဒါ့ပြင် လမစေ့ဘဲ မွေးခြင်း၊ ကိုယ်ဝန်ပျက်ကျခြင်း၊ ကလေးမထွားခြင်း၊ ပေါင်မပြည့်ဘဲ ကလေးမွေးခြင်းတို့ မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။

    (၄) မေမေ့ကို ဆိုးကျိုးများမဖြစ်အောင် ကာကွယ်ပေးခြင်း

    နေ့စဉ်လိုအပ်တဲ့ ဖောလစ်အက်ဆစ်ပမာဏကို ပုံမှန်သောက်သုံးပေးမယ်ဆိုရင်တော့ ကိုယ်ဝန်ဆိပ်တက်ခြင်း၊ နှလုံးရောဂါ၊ ကင်ဆာရောဂါနဲ့ အယ်ဇိုင်းမားရောဂါတို့ကိုလည်း အတိုင်းအတာတစ်ခုအထိ  ကာကွယ်ပေးနိုင်ပါတယ်။

    (၅) အခြား အကျိုးကျေးဇူးများ

    DNAများ ထုတ်လုပ်ခြင်း၊ ပြုပြင်ခြင်းနဲ့ ကောင်းစွာအလုပ်လုပ်နိုင်ဖို့လည်း ဖောလစ်အက်ဆစ်ကို လိုအပ်ပါတယ်။ အချင်းနဲ့ ကလေးရဲ့ ကြီးထွားမှုအတွက်လည်း အရေးကြီးတဲ့အခန်းဏ္ဍက ပါဝင်ဆောင်ရွက်ပေးပါတယ်။

    ကိုယ်ဝန်ဆောင်စဉ် ဖောလစ်အက်စစ် ဘယ်လောက် လိုအပ်သလဲ။

    ကျွမ်းကျင်သူများက ကလေးတွင် မွေးရာပါချို့ယွင်းမှု မဖြစ်စေရန် ကိုယ်ဝန်မဆောင်ခင် အနည်းဆုံးတစ်လ ကြိုပြီး ဖောလစ်အက်စစ်ကို တစ်နေ့ကို ၄၀၀ မိုက်ခရိုဂရမ် နေ့စဉ် သောက်ဖို့ အကြံပေးပါသည်။

    အချို့ကိစ္စများတွင် မမျှော်လင့်ဘဲ ကိုယ်ဝန်ရရှိသွားတာမျိုးလည်း ရှိနိုင်ပါသည်။ ဒါကြောင့် တခြားနိုင်ငံတွေမှာ ကျွမ်းကျင်သူအချို့က မျိုးပွားနိုင်တဲ့ အရွယ်ရောက်ပြီးသား အမျိုးသမီးအားလုံး ဖောလစ်အက်စစ်ကို နေ့စဉ် ၄၀၀ မိုက်ခရိုဂရမ် သောက်ဖို့  အကြံပြုကြပါတယ်။ ဒီလို မသောက်နိုင်ဘူးဆိုရင်တောင် အနည်းဆုံးတော့ ကိုယ်ဝန်ယူဖို့ ကြိုးစားနေတယ်။ တားဆေးလည်း ရပ်လိုက်ပြီဆိုရင် စသောက်သင့်ပါပြီ။

    အကြမ်းအားဖြင့်တော့ ဖောလစ်အက်စစ် လိုအပ်ချက်က

    • ကိုယ်ဝန်မဆောင်မီနဲ့ ပထမသုံးလမှာ ၄၀၀ မိုက်ခရိုဂရမ်
    • ၄လနောက်ပိုင်းကနေ ၉လအထိက ၆၀၀ မိုက်ခရိုဂရမ်
    • နို့တိုက်နေချိန်မှာ ၅၀၀ မိုက်ခရိုဂရမ်ပဲ ဖြစ်ပါတယ်။

    ဘယ်အချိန်မှာ ဖောလစ်အက်စစ်အပိုထပ်ဆောင်း လိုအပ်သလဲ။

  • အဝလွန်နေတဲ့ အမျိုးသမီးတွေ
  • အရင်ကလေးမှာ ဦးနှောက်နဲ့ ကျောရိုးအာရုံကြောမကြီး မွေးရာပါ ချို့ယွင်းချက်ပါထားတဲ့ ကိုယ်ဝန်ဆောင်တွေ
  • အတက်ကျဆေး သောက်နေရတဲ့ ကိုယ်ဝန်ဆောင်တွေ
  • အမြွာကိုယ်ဝန်ဆောင်တွေ
  • ဆီးချိုရောဂါရှိသူတွေ ပိုလိုနိုင်ပါတယ်။
  • ဥပမာ အရင်ကလေးမှာ ဦးနှောက်နဲ့ ကျောရိုးအာရုံကြောမကြီး မွေးရာပါ ချို့ယွင်းချက်ပါထားတဲ့ ကိုယ်ဝန်ဆောင်တွေဆိုရင် ၄၀၀၀ မိုက်ခရိုဂရမ်လိုနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်အပ်တဲ့အချိန်မှာ ဆရာဝန်ညွှန်ကြားတဲ့အတိုင်း ဖောလစ်အက်စစ်ကို တိုးသောက်သင့်ပါတယ်။

    ဖောလစ်အက်စစ်ကို ပိုသောက်မိရင် ဘာဖြစ်နိုင်သလဲ။

    ဆရာဝန်မညွှန်ဘဲ တစ်ရက်ကို ဖောလစ်အက်စစ် ၁၀၀၀ မိုက်ခရိုဂရမ်ထက် ပိုမသောက်သင့်ပါဘူး။ အထူးသဖြင့် သက်သတ်လွတ် စားတဲ့သူတွေအတွက် ပိုအရေးကြီးပါတယ်။ သက်သတ်လွတ်စားတဲ့သူတွေက ဗီတာမင် ဘီ12 ချို့တဲ့နိုင်ခြေ များပါတယ်။ ဖောလစ်အက်စစ်သောက်တာ များရင် B12 ချို့တဲ့မှုကို ရှာဖွေတွေ့ရှိဖို့ ခက်ခဲပါတယ်။

    အားဆေးသောက်ရုံနဲ့ လုံလောက်ပြီလား။

    အစားအစာကနေ ဖောလစ်အက်စစ် လုံလောက်အောင် မရခဲ့ရင် ကလေးမှာ မွေးရာပါချို့ယွင်းချက်ပါမှာစိုးတဲ့အတွက် အားဆေးသောက်ခိုင်းရတာ ဖြစ်ပါတယ်။ အားဆေးသောက်နေပေမယ့်လည်း တစ်ဖက်ကလည်း ဖောလစ်အက်စစ် ကြွယ်ဝတဲ့ အစားအစာတွေကို နေ့စဉ်ပါဝင်အောင် စားပေးဖို့ လိုအပ်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Dr. K Zin Thwe မှ ရေးသားသည်။ · 14/02/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement