backup og meta

ကလေးတွေမှာ ဖြစ်တဲ့ Cyanosis ( ပြာနှမ်းခြင်း ) အကြောင်း သိကောင်းစရာများ ။ ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 11/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးတွေမှာ ဖြစ်တဲ့ Cyanosis ( ပြာနှမ်းခြင်း ) အကြောင်း သိကောင်းစရာများ ။ ။

    ကလေးငယ်ငယ် မွေးကင်းစလေးရဲ့ အသားအရေတွေဆိုတာ နီတာရဲလေးဖြစ်ပြီး ပန်းရောင်လေးသန်းနေရမှာပါ။ ဒါပေမယ့် အဲလို ပန်းရောင်သန်းတဲ့ အသားအရေမျိုးမဟုတ်ဘဲ ပြာနေပြီဆိုရင်တော့ သတိထားရတော့မှာပါ။ ဒီလို ကလေးတွေမှာ အသားအရောင်ပဲဖြစ်ဖြစ် နှုတ်ခမ်းပဲဖြစ်ဖြစ် ပြာနေတာကို ဆေးပညာအရ Cyanosis လို့ခေါ်ကြပါတယ်။

    Cyanosis ဆိုတာဘာလဲ ။ ။

    Cyanosis ဆိုတာ သွေးတွင်းထဲ အောက်ဆီဂျင်ဓါတ်တွေ အလုံအလောက်မရှိတာကြောင့် ကိုယ်ခန္ဓါတစ်နေရာရာမှာ အောက်ဆီဂျင်နည်းရာကနေ ပြာလာတာဖြစ်ပါတယ်။ သိသာတဲ့နေရာတွေကတော့ အရေပြား၊ နှုတ်ခမ်း၊ လက်သည်းနဲ့ နားရွက်တို့ပဲ ဖြစ်ပါတယ်။

    သွေးတွေက အောက်ဆီဂျင်ကို ဘယ်လိုသယ်ကြတာလဲ ။ ။

    သွေးဆဲလ် တွေထဲမှာမှ သွေးနီဥ တွေဟာ အောက်ဆီဂျင်တွေကို သယ်ပေးတဲ့တာဝန်ကို လုပ်ဆောင်ရတာပါ ။ သွေးနီဥထဲပါတဲ့ haemoglobin ဟာ အောက်ဆီဂျင်ကို အဓိကသယ်ပေးတဲ့ အရာပါ။ ဒီလိုနဲ့ သွေးအားနည်းတဲ့အခါ ( ဒါမှမဟုတ် )သွေးနီဥဆဲလ်တွေမှာ ပြဿနာတစ်ခုခုတက်တဲ့အခါမှာ အောက်ဆီဂျင်တွေ ကောင်းကောင်းမသယ်နိုင်တော့လို့ ပြာနှမ်းလာရတာဖြစ်ပါတယ်။ အခြား ကလေးအသားအရေကို ပြာစေတတ်တဲ့ အရာတွေကတော့ မွေးရာပါနှလုံးရောဂါ၊ ပန်းနာရင်ကြပ်ရောဂါတို့ပဲဖြစ်ပါတယ်။

    Cyanosis နှစ်မျိုးရှိပါတယ် ။ ။

    Acrocyanosisကိုယ်ခန္ဓါ အလယ်ပိုင်းမဟုတ်တဲ့ လက်ဖဝါး၊ ခြေဖဝါးနဲ့ ခြေသည်းလက်သည်းတို့မှာ ပြာနှမ်းတာကို ပြောတာပါ။ ကလေးလေးတွေ မှာပုံမှန်တွေ့ရတတ်ပါတယ်။ အများအားဖြင့် ရာသီဥတုအေးတဲ့အခါ ၊ ရေအေးအေးထဲ အကြာကြီးကူးတဲ့အခါမျိုးတွေမှာပေါ့။ ဒါပေမယ့် နွေးနွေးထွေးထွေးနေလိုက်တဲ့အခါကျရင် ပြန်ပြီး သွေးရောင်လေးပြန်သန်းလာတတ်တာမျိုးပါ။

    Central cyanosis – ကိုယ်ခန္ဓါရဲ့ အလယ်ပိုင်းဖြစ်တဲ့ နှုတ်ခမ်း၊ ခေါင်းနဲ့ ငယ်ထိပ်တို့မှာ ဖြစ်တတ်တဲ့ ပြာနှမ်းခြင်းမျိုးပါ။ မွေးကင်းစကလေးတွေမှာ ဒီ ၃ နေရာ ပြာနှမ်းတာမျိုး ဖြစ်ခဲ့ရင် ပုံမှန် လုံးဝမဟုတ်ပါဘူး။ သွေးတွင်း အောက်ဆီဂျင်နည်းတာ၊ နှလုံးရောဂါ၊ အဆုတ်ရောဂါ နဲ့ သွေးရောဂါ အမျိုးမျိုးတို့ကြောင့် ဖြစ်ရတာပါ။

    ကလေးတွေမှာ ပြာနှမ်းခြင်း ဖြစ်ရတာ ဒါတွေကြောင့် ဖြစ်နိုင်ပါတယ် ။ ။

    ကလေးတွေ မှာ ပြာနှမ်းခြင်းကို ဖြစ်စေတဲ့အဓိက အကြောင်းအရင်းက အဆုတ်ကြောင့်ဖြစ်ရတာပါ။ မွေးရာပါနှလုံးရောဂါကြောင့်လည်း ပြာနှမ်းခြင်းဖြစ်တတ်ပါတယ်။ ။

  • အောက်ဆီဂျင်တွေ အစား အဆုတ်ထဲ ဝင်လာတဲ့အရာတွေက ကာဘွန်ဒိုင်အောက်ဆိုဒ်တွေဖြစ်နေခဲ့မယ်။ ( မီးလောင်တဲ့နေရာမှာ ပိတ်မိနေတာမျိုး၊ carbon monoxide အဆိပ်သင့်တာမျိုး)
  • ပြင်ပက ပစ္စည်းတစ်ခုခု ေလပြွန်ထဲဝင်သွားပြီး လေပြွန်ပိတ်သွားလို့ အောက်ဆီဂျင်ရှူလို့မရတော့တာမျိုး။
  • ပန်းနာရင်ကြပ်တို့လို၊ အဆုတ်ပိုးဝင်ပြီး အဆုတ်ရောင်တာ ။ လေပြွန်ရောင်တာ တွေ
  • မွေးရာပါ နှလုံးရောဂါ ကြောင့် အောက်ဆီဂျင်များတဲ့သွေးတွေကို နှလုံးကကိုယ်ခန္ဓါ အနှံ့ရောက်အောင် ညှစ်မပေးနိုင်တာ
  • သွေးဆဲလ်ရောဂါတွေကြောင့် အောက်ဆီဂျင်သယ်ယူတဲ့ အပိုင်းမှာ ပြဿနာရှိတာတွေကြောင့်လည်း ပြာနှမ်းခြင်းတွေ ဖြစ်တတ်ပါတယ်။
  • ကိုယ့်ကလေး အဲလို ပြာနှမ်းနေပြီဆို ဘယ်လို ပြုစုရမလဲ ။ ။

    ကလေးတစ်ယောက် ပြာနှမ်းနေပြီဆို အကောင်းဆုံးက အရေးပေါ်ဆေးခန်းဆီ သွားပြတာပါပဲ။ ပြာနှမ်းစေတဲ့အကြောင်းအရင်းတွေ အများကြီးရှိတာကြောင့် ဘယ်အချက်တွေကြောင့် ပြာနှမ်းခြင်းဖြစ်ရတာလဲဆိုတာကို သေချာသိမှ ဖြစ်နေတဲ့ပြာနှမ်းခြင်းကို အမြစ်ပြတ်အောင် သေချာ ကုသနိုင်မှာဖြစ်ပါတယ်။ ။

    Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 11/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement