backup og meta

အိပ်စက်မှုပုံစံနဲ့ ကျန်းမာရေး


Aye Thi Mon မှ ရေးသားသည်။ · 04/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အိပ်စက်မှုပုံစံနဲ့ ကျန်းမာရေး

    လူတိုင်းမှာ သူတို့နှစ်သက်တဲ့ အိပ်စက်မှုပုံစံတွေရှိကြပါတယ်။ ကိုယ်အိပ်နေကျအိပ်စက်မှုပုံစံမဟုတ်ရင် အိပ်မပျော်တဲ့သူတွေတောင်ရှိတတ်ကြပါသေးတယ်။ တစ်နေ့တာလုံးပင်ပန်းလာသမျှကိုပြေလျော့စေဖို့ အိပ်စက်တဲ့အခါပြည့်ပြည့်ဝဝလေးဖြစ်ဖို့က မဖြစ်မနေလိုအပ်ပါတယ်။ အိပ်ရာကနိုးလာတော့ ခြေလက်တွေနာနေတယ်၊ တစ်ကိုယ်လုံးတောင့်တင်းနေတာပဲ၊ ဇက်ကြောကြီးကတင်းနေတယ်လို့ ကြုံဖူးမှာပေါ့။ ဒါက အိပ်စက်မှုပုံစံကြောင့်ဖြစ်ရတာပါ။

    အိပ်စက်မှုပုံစံကလည်း ကျန်းမာရေးအပေါ်သက်ရောက်မှုလေးတွေရှိနေပါတယ်နော်။ ဒီတစ်ခေါက်တော့ အိပ်စက်မှုပုံစံက ကျန်းမာရေးအပေါ်ဘယ်လိုများသက်ရောက်နေသလဲဆိုတာကိုပြောပြပေးမယ်နော်။ တစ်နေ့တာလုံးမှာ အကောင်းဆုံးစွမ်းဆောင်ရည်တွေကို ရရှိစေဖို့အတွက် တစ်ညတာမှာ အိပ်စက်ချိန် ၇ နာရီ ကနေ ၈ နာရီရှိဖို့လိုပါမယ်နော်။ ဒီလိုအပ်စက်တဲ့အချိန်မှာလည်း အိပ်စက်မှုပုံစံမှန်မှန်လေးအိပ်စက်ပါမှ ခန္ဓာကိုယ်ကပြန်အားပြည့်လာမှာပါ။ အိပ်စက်မှုပုံစံမမှန်တဲ့အခါကျောနဲ့လည်ပင်းကနာကျင်တာ၊ ဗိုက်ထဲက မအီမသာဖြစ်တာ နဲ့ အရွယ်မတိုင်ခင် မျက်နှာမှာအရေးအကြောင်းပေါ်တာမျိုးတွေဖြစ်နိုင်ပါတယ်။

    အိပ်စက်မှုပုံစံ ကကျန်းမာရေးအပေါ် ဘယ်လိုသက်ရောက်နေတာလဲ

    ပက်လက်အိပ်စက်မှုပုံစံ

    • သင်ဟာ ပက်လက်အိပ်တယ်၊ လက်နှစ်ဘက်ကိုဘေးတစ်ဖက်စီမှာ ဆန့်ဆန့်လေးထားပြီး အိပ်တတ်တာဆိုရင်တော့ကောင်းမွန်တဲ့ အိပ်စက်မှုပုံစံလို့ဆိုရပါမယ်။ ဒီအိပ်စက်မှုပုံစံကကျောရိုးနဲ့လည်ပင်းအရိုးတွေကို ကျန်းမာစေနိုင်ပါတယ်။
    • အခြားသူတွေထက်တော့ ပိုဟောက်နိုင်ပါတယ်နော်။

    Starfish အိပ်စက်မှုပုံစံ

  • ဒီအိပ်စက်မှုပုံစံကတော့ ပက်လက်အနေအထားအိပ်တာဆိုပေမယ့် လက်နှစ်ဖက်ကို အပေါ်မြှောက်ထားတတ်ပါတယ်။ မျက်နှာပေါ်မှာ အရေးအကြောင်းတွေမဖြစ်အောင်ကာကွယ်ပေးနိုင်သလို အရေပြားတွေထိခိုက်တာမျိုးမဖြစ်အောင်ကာကွယ်နိုင်ပါတယ်။
  • လက်တွေကိုအပေါ်မြှောက်ထားတဲ့အတွက် ပခုံးကိုဝန်ပိစေနိုင်တာကြောင့် ပခုံးကြောတွေနာကျင်တောင့်တင်းတာမျိုးဖြစ်နိုင်ပါတယ်။ အိပ်နေစဉ်ဟောက်တာနဲ့ စားချဉ့်ရည်ပြန်ဆန်တက်တာမျိုးခံစားရနိုင်ပါတယ်။
  • မှောက်လျက် အိပ်စက်မှုပုံစံ

    • မှောက်လျက်အနေအထား အိပ်စက်မှုက အစာကြေစေဖို့ အထောက်အပံ့ဖြစ်စေနိုင်ပါတယ်။ ဗိုက်ချပ်စေနိုင်ပါတယ်။ အိပ်နေစဉ်ဟောက်တာမျိုးမဖြစ်နိုင်ပါဘူး။ မျက်နှာပြည့်စေနိုင်ပါတယ်။
    • အသက်ရှုကြပ်နိုင်ပါတယ်။ ကျောရိုးကို ကွေးထားသလိုဖြစ်နိုင်တာကြောင့် ခါးနာတာ၊နောက်ကျောအောင့်တာမျိုးဖြစ်နိုင်ပါတယ်။ အခန့်မသင့်ရင် ဇက်ကြောနာနိုင်ပါတယ်။

    သန္ဓေသားပုံစံအိပ်စက်မှုပုံစံ

  • ကွေးကွေးလေးအိပ်တဲ့ပုံစံပေါ့။ ဒူးခေါင်းကို ရင်ဘတ်နားထိကွေးထားပြီး တံတောင်ဆစ်ကိုပါ ကွေးတဲ့ပုံစံနဲ့အိပ်စက်တာပါ။ အိပ်စက်ရတာတော်တော်လေးသက်တောင့်သက်သာရှိစေတဲ့ အိပ်စက်မှုပုံစံပေါ့။ အိပ်နေစဉ်မှာဟောက်တာမျိုး မဖြစ်နိုင်သလို ကိုယ်ဝန်ဆောင်ချိန်မှာ စိတ်အချရဆုံးသော အိပ်စက်မှုပုံစံလို့ပြောလို့ရပါတယ်။
  • ဇက်ကြောနဲ့ ခါးကြောတွေ တောင့်တင်းစေနိုင်ပါတယ်။ အသက်ရှုရတာ နည်းနည်းအခက်တွေ့စေနိုင်တယ်။ မျက်နှာမှာ အရေးအကြောင်းတွေဖြစ်စေနိုင်တယ်။
  • ဘယ်ဘက်စောင်းအိပ်စက်မှုပုံစံ

    ခန္ဓာကိုယ်ကို ဘယ်ဘက်ကိုစောင်းအိပ်တယ်၊ လက်နှစ်ဘက်ကို ခန္ဓာကိုယ်နဲ့ ကပ်လျက်အနေအထားနဲ့ ဆန့်ထားပြီး အိပ်စက်မှုပုံစံပါ။ကျောရိုးကိုအကောင်းဆုံး အထောက်အပံ့ပေးနိုင်တဲ့ အိပ်စက်မှုပုံစံပေါ့။ ဇက်ကြော၊ခါးနဲ့ နောက်ကျောနာတာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ အိပ်နေစဉ်အသက်ရှုရပ်တာမျိုး မဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။ စားချဉ့်ရည်ပြန်ဆန်တက်တာမျိုး မဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။

    အသားအရေကို အိုမင်းရင့်ရော်စေနိုင်ပါတယ်။ ရင်သားတွေကိုလျော့ရဲစေနိုင်တယ်။

    ဘယ်ဘက်စောင်းပြီး လက်တွေကိုဆန့်ထုတ်အိပ်စက်မှုပုံစံ

    • ခန္ဓာကိုယ်ကို ဘယ်ဘက်ကိုစောင်းအိပ်တယ်၊ လက်နှစ်ဘက်ကို ခန္ဓာကိုယ်ရဲ့ အရှေ့ဘက်ကို ဆန့်ထားပြီးအိပ်စက်တဲ့ အိပ်စက်မှုပုံစံပါ။ ကျောရိုးကိုအကောင်းဆုံး အထောက်အပံ့ပေးနိုင်တဲ့ အိပ်စက်မှုပုံစံပေါ့။ ဇက်ကြော၊ ခါးနဲ့ နောက်ကျောနာတာတွေ မဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။ အိပ်နေစဉ် အသက်ရှုရပ်တာမျိုးမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ စားချဉ့်ရည်ပြန်ဆန်တက်တာမျိုးမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။
    • ကိုယ်ဝန်ဆောင်တွေအနေနဲ့ကတော့ ဘယ်ဘက်စောင်းအိပ်တာက သန္ဓေသားဆီသွေးစီးဆင်းရောက်ရှိမှုကောင်းမွန်စေပါတယ်။
    • လက်မောင်းနဲ့ ပခုံးတွေက အာရုံကြောတွေဆီ သွေးစီးဆင်းရောက်ရှိမှုကို အဟန့်အတားဖြစ်စေနိုင်တာကြောင့် လက်မောင်းနဲ့ ပခုံးတောင့်တာမျိုးတော့ ခံစားရနိုင်ပါတယ်။

    ညာဘက်စောင်းအိပ်စက်မှုပုံစံ

    • ညာဘက်စောင်းအိပ်တာက ကျောရိုးကို ဆန့်ဆန့်လေးဖြစ်နေစေပြီး ဇက်ကြော၊ ခါးနဲ့ နောက်ကျောနာတာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ အိပ်နေစဉ် အသက်ရှုရပ်တာမျိုး မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
    • ဒီအိပ်စက်မှုပုံစံက ရင်ပူတာကိုပိုဆိုးစေနိုင်သလို အသည်းအဆုတ်နဲ့ အစာအိမ်တို့လိုမျိုး ကိုယ်တွင်းအင်္ဂါတွေကိုဝန်ပိစေနိုင်ပါတယ်။

    ကဲ စာဖတ်ပရိသတ်ကြီးကရော ဘယ်လိုအိပ်စက်မှုပုံစံကိုပိုင်ဆိုင်ထားသူလဲ……..

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 04/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement