backup og meta

ပျော်ရွှင်ချင်သူတိုင်း မွေးမြူသင့်တဲ့ အလေ့အထ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 19/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ပျော်ရွှင်ချင်သူတိုင်း မွေးမြူသင့်တဲ့ အလေ့အထ

    နေ့ရက်တိုင်းကို ပျော်ရွှင်စွာဖြတ်သန်းနိုင်မယ့် အခွင့်အရေးက ဘယ်သူအပေါ်မှာတာဝန်ရှိမယ်ထင်လဲ….. အဖြေကတော့ ရှင်းပါတယ်။ ကိုယ့်ပျော်ရွှင်မှုအတွက် ကိုယ်ကိုယ်တိုင်ပဲ တာဝန်ရှိတာပါ။ ဘယ်သူ့မှာမှ တာဝန်မရှိပါဘူး။ အခုဒီစာကို ဖတ်နေတဲ့ Hello ဆရာဝန် ပရိသတ်ကြီးရော နေ့ရက်တိုင်းမှာ ပျော်ရွှင်ချင်လား.. ဒါဆိုရင် ပျော်ရွှင်ချင်သူတိုင်း မွေးမြူသင့်တဲ့ ဒီအလေ့အထလေးတွေကို နေ့စဉ် အလေ့အထဖြစ်အောင် မွေးမြူလိုက်ပါ၊ လို့ပြောပါရစေ။

    ပျော်ရွှင်ချင်သူတိုင်း မွေးမြူသင့်တဲ့ အလေ့အထ

    ပျော်ရွှင်မှုကို အဓိပ္ပါယ်ဖွင့်ဆိုမှုက လူတစ်ယောက်နဲ့တစ်ယောက်မှာ မတူနိုင်ပါဘူး။ ဒါပေမယ့်အကောင်းဆုံးကတော့ ပျော်ရွှင်မှုက ကိုယ်တိုင်ရဲ့ လုပ်ဆောင်မှုမှာ မူတည်နေစေဖို့ပါ။ နေ့ရက်တိုင်းကို ပျော်ရွှင်ဖို့ အဆင်သင့်ဖြစ်ပြီဆိုရင်တော့ ဒီအချက်လေးတွေကို တူတူကြည့်လိုက်ရအောင်လား…..

    ပြုံးပါ

    ပျော်တဲ့အခါတိုင်းမှာ ပြုံးမိတယ်ဟုတ်။ တကယ်တော့ ပြုံးတာက စိတ်ကိုတင်ပျော်ရွှင်စေတာမဟုတ်ပါဘူး။ ပြုံးလိုက်တိုင်းမှာ ဦးနှောက်က ဒိုဗာမင်ဟော်မုန်းကို ထုတ်လွှတ်ပေးပြီး သင့်ကို ပိုစိတ်ပျော်ရွှင်စေမှာပါ။ ဒီလိုဆိုတာနဲ့ မပြုံးချင်ဘဲ ပြုံးပါလို့ မဆိုလိုပါဘူး။ တကယ်ကို ပြုံးချင်တဲ့ အခြေအနေမျိုးမှာ အားရပါးရပြုံးပါ။ ပြုံးတာက ကိုယ်တိုင်ကိုရော ပတ်ဝန်းကျင်ကသူတွေကိုပါ စိတ်ချမ်းသာစေနိုင်ပါတယ်။ မနက်ခင်းတိုင်း မှန်ကြည့်ပြီး ပြုံးရင်း ငါက ပြဿနာတိုင်းကို ဖြေရှင်းနိုင်တယ် လို့ပြောကြည့်ပါ။

    လေ့ကျင့်ခန်း လုပ်ပါ

    လေ့ကျင့်ခန်းလုပ်တာက ခန္ဓာကိုယ်ကိုတင် ကျန်းမာစေတာမဟုတ်ပါဘူး။ စိတ်ဖိစီးမှုကိုလည်း လျော့ကျစေနိုင်သလို စိတ်ပူပန်တာနဲ့ စိတ်ဓာတ်ကျတာတွေဖြစ်နိုင်ခြေကိုလည်း နည်းသွားစေနိုင်ပါတယ်။ စိတ်ပျော်ရွှင်စေပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလည်း တိုးစေနိုင်ပါတယ်။ လေ့ကျင့်ခန်းလုပ်တာက ပျော်ရွှင်ခြင်း ဟော်မုန်းတွေထွက်ရှိအောင်လှုံ့ဆော်ပေးနိုင်ပါတယ်။ ဒါကြောင့် နေ့တိုင်း လမ်းလျှောက်တာအကြောလျှော့တာယောဂလုပ်တာ၊ ထိုက်ချိကစားတာမျိုးလုပ်ပေးပါ။

    အိပ်ရေးဝဝ အိပ်ပါ

    အခုနာက်ပိုင်းတိုးတက်လာမှုတဲ့ လူနေမှုပုံစံကြောင့် အိပ်စက်ချိန်တွေကနည်းလာတယ်။ ဒီလိုအိပ်ရေးမဝမှုတွေကပဲ ကျန်းမာရေးရော စိတ်ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပါတယ်။ အိပ်ရေးဝမှုက ကျန်းမာရေးကိုကောင်းစေသလို ဦးနှောက်စွမ်းဆောင်ရည်ကိုကောင်းစေနိုင်ပါတယ်။ အရွယ်ရောက်ပြီးသူတစ်ယောက်အနေနဲ့ တစ်ညတာမှာ အိပ်ချိန် ၇ နာရီ ကနေ ၈ နာရီအထိ ရှိဖို့လိုပါမယ်။

    တကယ်လို့ နေ့ခင်းဘက်တွေမှာ ဘယ်လိုမှ မနေနိုင်အောင် အိပ်ချင်နေပြီ။ အလုပ်လုပ်ရင်း အိပ်ငိုက်လာပြီဆိုရင်တော့ အိပ်စက်ချိန် လုံလောက်မှုမရှိဖြစ်နေတာပါ။ ဒါဆိုရင်တော့ အိပ်ချိန်ကို သေချာလေးဂရုစိုက်ဖို့လိုပါပြီ။

    အစားအသောက် ဂရုစိုက်ပါ

    အစားအသောက်ရွေးချယ်မှုက ခန္ဓာကိုယ်ကျန်းမာရေးအတွက်တင်မဟုတ်ပါဘူး။ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအပေါ်မှာပါ သက်ရောက်နေပါတယ်။ ဒါကြောင့် နေစဉ်စားသုံးတဲ့ အစားအစာတွေထဲမှာ

    ကာဗိုဟိုက်ဒရိတ် – ကာဗိုဟိုက်ဒရိတ်က စိတ်ခံစားမှုကို ကောင်းစေတဲ့ serotonin ဟော်မုန်းကို ထွက်ရှိစေနိုင်ပါတယ်။ ဒါကြောင့် နေ့စဉ်စားသုံးတဲ့ အစားအစာတွေထဲမှာ ကာဗိုဟိုက်ဒရိတ်ပါဝင်အောင် စားသုံးပေးပါ။ ဟင်းသီးဟင်းရွက်တွေ၊ ပဲအမျိုးမျိုး နဲ့ ကောက်နှံတွေကို စားသုံးပေးပါ။

    ပရိုတင်း – အဆီမပါတဲ့ အသား၊ ကြက်သား၊ ပဲအမျိုးမျိုး နဲ့ နို့ထွက်ပစ္စည်း တွေက ပရိုတင်းကြွယ်ဝတဲ့ အစားအစာအရင်းအမြစ်တွေပါ။ ဒီအစားအစာတွေက ခန္ဓာကိုယ်မှာ အင်အားပြည့်စေသလို အာရုံစူးစိုက်မှုကိုလည်း ကောင်းစေနိုင်တဲ့ dopamine နဲ့ norepinephrine တို့ပါဝင်နေပါတယ်။

    ဆီကြော်တွေ၊ ပြုပြင်ထားတဲ့ အစားအစာတွေကတော့ စိတ်ခံစားမှုကို ထိခိုက်စေပြီး စိတ်ဓာတ်ကျစေနိုင်တာကြောင့် မစားသင့်ပါဘူး။

    ကျေးဇူးတင် တတ်ပါစေ

    ကျေးဇူးတင်တတ်တာက စိတ်ပျော်ရွှင်စေတဲ့ အလေ့အထတစ်ခုပါ။ ကျေးဇူးတင်တတ်တာက မျှော်လင့်ချက်တွေရှင်သန်စေပြီး စိတ်ပျော်ရွှင်စေနိုင်ပါတယ်။ ဒီလိုကျေးဇူးတင်တတ်မှုက လူချစ်လူခင်များစေနိုင်ပြီး စိတ်ပျော်ရွှင်မှုလည်းတိုးစေနိုင်ပါတယ်။ ဒါကြောင့် တစ်ယောက်ယောက်က ကိုယ့်ကို အကူအညီပေးတိုင်း ကျေးဇူးတင်စကားဆိုဖို့ မေမေ့ပါနဲ့။

    ကြင်နာပါ

    အခြားသူတွေကို ဂရုစိုက်ကြင်နာမှုပေးတဲ့သူတွေက အတ္တကြီးသူတွေထက် ပိုပျော်ရွှင်ရတတ်ကြပါတယ်။ အခြားသူတွေကို ဂရုစိုက်ပေးလိုက်တဲ့အခါ စိတ်ကျေနပ်မှု ရရှိနိုင်ပါတယ်။ အခြားသူတွေကို ပျော်ရွှင်အောင်လုပ်ပေးတာကလည်း ကိုယ့်ကိုယ်ကိုယ် ပျော်ရွှင်အောင်လုပ်ရာရောက်ပါတယ်။

    အသက် ပြင်းပြင်းရှူပါ

    အရမ်းကို စိတ်ဖိစီးမှုများလာတဲ့အခါ ပျော်ရွှင်မှု မပျောက်ဆုံးသွားစေဖို့အတွက် မျက်စိကိုမှိတ်လိုက်ပြီး ပျော်ရွှင်စရာကောင်းတဲ့ အ​ခြေအနေကို စိတ်ကူးကြည့်လိုက်ပါ။ ပြီးရင် နှာခေါင်းကနေတဆင့် အသက်ကိုဖြည်းဖြည်းမှန်မှန် ရှူသွင်းရှူထုတ်လုပ်ပါ။ စိတ်ငြိမ်သွားတဲ့အထိ လုပ်ပေးပါ။

    ကဲ…. မနက်ခင်းတိုင်းမှာ အကောင်းဆုံးနိုးထလို့ တစ်နေ့တာကို ပျော်ရွှင်စွာနဲ့ ဖြတ်သန်းလိုက်တော့နော်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 19/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement