လူတော်တော်များများက တိတ်ဆိတ်တာကို မကြောက်ကြဘူးလို့ ယူဆကြပါတယ်။ တကယ်ကတော့ လူတိုင်း တိတ်ဆိတ်မှုကို မကြောက်တာ မဟုတ်ပါဘူး။ တိတ်ဆိတ်မှုက သူတို့အတွက် ချောက်ချားမှုဖြစ်စေတာကြောင့် ဆိတ်ငြိမ်မှုကို ကြောက်ရွံ့တဲ့သူတွေ ရှိပါတယ်။
ဒီလို တိတ်ဆိတ်မှုကို ကြောက်တာက စိတ်ကျန်းမာရေးပြဿနာတစ်ရပ်ပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ လောက်က ဒီစိတ်ကျန်းမာရေးပြဿနာကို ဘယ်သူတစ်ဦးတစ်ယောက်ကမှ အမည် မဖော်နိုင်ခဲ့ကြပါဘူး။ ဒီနေ့ခေတ်မှာတော့ တိတ်ဆိတ်မှုကို ကြောက်တဲ့ စိတ်ရောဂါကို Sedatephobic လို့ခေါ်ဆို သတ်မှတ်နိုင်ခဲ့ကြပါပြီ။
လူတွေက သူတို့ရဲ့နေ့စဉ်ဘဝတွေကို ကားသံ၊ လူသံ၊ ကျေးငှက်တွေ၊ တိရစ္ဆာန်တွေရဲ့အသံတွေ၊ စက်ကိရိယာတွေရဲ့ အသံတွေနဲ့ ကုန်ဆုံးမှန်း မသိ ကုန်ဆုံးနေကြပါတယ်။ ဒီနေ့ခေတ်မှာဆိုရင် တိတ်ဆိတ်မှုက အဆန်းတကြယ်လိုတောင် ဖြစ်လာကြပါတယ်။ ကားမောင်းရင်း၊ ကားစီးရင်း ရုံးတွေ အလုပ်ခွင်တွေကို သွားကြတဲ့အခါ ဖုန်းတွေနဲ့ သီချင်းနားထောင်တာ၊ ရေဒီယိုကလာတဲ့ သီချင်းတွေ အစီအစဉ်တွေကို နားထောင်ရင်း သွားကြသလို အလုပ်ခွင်ရောက်တဲ့အခါမှာလည်း လုပ်ငန်းခွင်က အသံအမျိုးမျိုးက နားမစိုက်ထောင်ဘဲတောင် နားထဲရောက်လာပါတယ်။
ညနေ အလုပ်ပြန်ချိန်မှာလည်း ဖုန်းနဲ့ သီချင်းနားထောင်ရင်း အိမ်ပြန်ရောက် အိမ်အလုပ်တွေ လုပ်ရင်း TV ဖွင့် နားထောင်နေတာမျိုးတွေကြောင့် လုံးဝ တိတ်ဆိတ်တဲ့ အခြေအနေဆိုတာ ခပ်ရှားရှားလို ဖြစ်လာပါတယ်။
ဒါကြောင့် ကိုယ်တိုင်က တိတ်ဆိတ်မှုကို ကြောက်တတ်တဲ့ စိတ်ရောဂါ ရှိလားဆိုတာကို သိရှိသူက ခပ်ရှားရှားပါ။ နေ့စဉ် ထိတွေ့နေကျ ကြားနေကျ အသံတွေ အားလုံးတိတ်ဆိတ်ပြီး နာရီပိုင်းလောက်နေကြည့်ချိန်မှာ စိတ်ထဲ ကြောက်သလိုလို ဖြစ်လာမယ်ဆိုရင်တော့ ဆိတ်ငြိမ်မှုကို ကြောက်ရွံ့ခြင်း (Sedatephobia) ကို ခံစားနေရတာပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။