backup og meta

ဆေးလိပ်သောက်တတ်ပါသလား။ ဆေးလိပ်ကြောင့်ဖြစ်တဲ့ ခံတွင်းနံ့ဆိုးမဖြစ်အောင် ဒီလိုလုပ်ပါ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 06/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆေးလိပ်သောက်တတ်ပါသလား။ ဆေးလိပ်ကြောင့်ဖြစ်တဲ့ ခံတွင်းနံ့ဆိုးမဖြစ်အောင် ဒီလိုလုပ်ပါ

    တကယ်လို့ ကိုယ်က ဆေးလိပ်သောက်တတ်သူတစ်ယောက်ဆိုပါစို့။ ခံတွင်းကနေ ရနံ့ဆိုးတွေ ထွက်ဖို့ လုံးဝ သေချာနေပါပြီ။ ခံတွင်းနံ့ဆိုးတာဟာ ဖြစ်နေကြပြဿနာတစ်မျိုးဖြစ်ပေမယ့် နည်းနည်းတော့ စိတ်ညစ်စရာကိစ္စလို့ ဆိုရပါမယ်။ ဟုတ်တယ်လေ၊ ပုံပြင်တွေထဲကလို ကြာညိုနံ့လေးသင်းနေတဲ့ ခံတွင်းရနံ့မျိုးလေးပဲ ဘယ်သူမဆို လိုချင်ကြမှာပေါ့။

    တကယ်လို့ သင့်ခံတွင်းကနေ အနံ့ဆိုးတွေ ထွက်နေပြီဆိုရင် ပတ်ဝန်းကျင်က လူတွေဆီကနေ မသိမသာနဲ့ ရှောင်ဖယ်လိုတဲ့ လက္ခဏာတချို့ စမြင်လာရပါလိမ့်မယ်။ ကိုယ်နဲ့ စကားမပြောချင်တာလိုမျိုး၊ စကားခဏတဖြုတ်ပြောပြီး စကားစပြတ်သွားတာလိုမျိုးပေါ့။ ကိုယ်က သူတို့ကို နှုတ်ဆက်တဲ့ အနေနဲ့ နမ်းရှုံ့မိမယ်ဆိုရင်တော့ သူတို့ မချိပြုံး ပြုံးသွားတာမျိုး၊ ခပ်တွန့်တွန့်ဖြစ်သွားတာမျိုးကိုပါ မြင်ရပါလိမ့်မယ်။

    တကယ်လို့များ ကိုယ့်ခံတွင်းက အနံ့ဆိုးထွက်နေပြီလားလို့ သံသယဝင်မိလာရင် ဘယ်လို သိနိုင်မလဲ… ကိုယ့်ရဲ့လက်ကောက်ဝတ်ကို ပါးစပ်နားကပ်ပြီး “ဟား” ခနဲ ခံတွင်းနံ့ နည်းနည်းမှုတ်ထုတ်ပေးလိုက်ပါ။ ပြီးရင်း နမ်းကြည့်၊ ဘာအနံ့မျိုး ထွက်နေမလဲဆိုတာကိုပေါ့။ လက်ကောက်ဝတ်ကရတဲ့ အနံ့ဟာ ခံတွင်းထဲက အနံ့ပါပဲ။ သိပ်ခင်ရတဲ့ သူငယ်ချင်းတွေကတော့ ဒဲ့ပြောကြပါလိမ့်မယ်။ “ဟ သားကြီး မင်း ပါးစပ်က အတော်နံနေပြီ ဘာညာပေါ့” ဒါဆိုရင်တော့ အတော် အခြေအနေဆိုးနေပြီလို့သာ မှတ်ပါ။

    ဘာလို့ ခံတွင်းနံ့ဆိုး ထွက်တာလဲ….

    ခံတွင်းနံ့ဆိုးထွက်တာဟာ မကြာခဏကြုံရနိုင်တဲ့ ပြဿနာတစ်မျိုးလို့ ဆိုလို့ရပါမယ်။ သွား၊ လျှာနဲ့ သွားဖုံးကြားမှာ ကပ်ငြိနေတဲ့ ဘက်တီးရီးယားတွေဆီက ထုတ်လွှတ်တဲ့ အနံ့ဆိုးရွားလှတဲ့ Gas (ဓာတ်ငွေ့) တစ်မျိုးဖြစ်ပါတယ်။ ခံတွင်းနံ့ဆိုးရွားစေတဲ့ အကြောင်းအရင်းတွေအများကြီးရှိပါတယ်။ သွားကြားမှာ အစားအစာအကြွင်းအကျန်တွေ ညပ်ကျန်နေလို့ဖြစ်နိုင်သလို၊ အနံ့ပြင်းထန်တဲ့ ကော်ဖီ၊ ကြက်သွန်ဖြူနဲ့ ကြက်သွန်နီတို့လို အစားအစာတွေ စားမိထားလို့လည်းဖြစ်နိုင်ပါတယ်။ နောက်ပြီး ဆေးလိပ်၊ အရက်နဲ့ ကွမ်းယာတို့လို အရာတွေကလည်း ခံတွင်းအနံ့ဆိုးတွေကို ထွက်ရှိစေနိုင်ပါတယ်။

    သွားနဲ့ သွားဖုံးအကြားမှာရှိတဲ့ ဘက်တီးရီးယားဟာတွေဟာ ရေစီးကမ်းပြိုလိုက်တာနဲ့ သွားတွေပျက်စီးအောင် လုပ်နိုင်ပါတယ်။ တကယ်လို့သာ ကိုယ့်မှာ ဒီလို ခံတွင်း ရနံ့ဆိုးမျိုး မကြာခဏထွက်နေပြီဆိုရင် ဒီရောဂါတွေဖြစ်ဖို့ နီးစပ်နေပြီဆိုတဲ့ သတိပေးသင်္ကေတပါပဲ။ ဒီလိုဆိုရင်တော့ သင့်အနေနဲ့ ခံတွင်းအခြေအနေကို စစ်ဆေးပေးဖို့ လိုအပ်တော့မှာဖြစ်ပါတယ်။

    ဆေးလိပ်သောက်ရင် ဘာလို့ ခံတွင်းအနံ့ဆိုး ထွက်တာလဲ

    ဆေးရွက်ကြီးကို အခြေခံထုတ်ထားတဲ့ ဆေးလိပ်နဲ့ စီးကရက်တွေ သောက်ကြတဲ့သူတွေဟာ အမြဲတမ်းနီးပါး အနံ့ဆိုးထွက်တတ်ပါတယ်။ ဆေးရွက်ကြီးဟာ သူ့ရဲ့ သဘာဝအရကို သီးခြားခံတွင်းနံ့ဆိုး ထုတ်လွှတ်ပေးနိုင်ပါတယ်။ ဒီပြဿနာကို ဖြေရှင်းနိုင်ဖို့ကတော့ ဆေးလိပ်သောက်တာကို ရပ်တန်းကရပ်မှသာ ဖြစ်နိုင်ပါလိမ့်မယ်။

    ဆေးလိပ်နဲ့ ဆေးရွက်ကြီးကြောင့် ခံတွင်းရနံ့ဆိုးအပြင် နှုတ်ခမ်းမဲခြောက်တာ၊ အရသာခံနိုင်စွမ်း လျော့ပါးတာနဲ့ သွားဖုံးကျိန်းစပ်တာတွေပါ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဒါတွေချည်းပဲလားဆိုရင်တော့ မဟုတ်သေးပါဘူး။ Smoker’s palate (အာခံတွင်းထဲမှာ အနီရောင် အစက်အပျောက်တွေ ထတာမျိုး) ၊ Smoker’s melanosis (အာခံတွင်းထဲမှာ အညိုရောင် အစက်အပျောက်တွေ ထတာမျိုး) ၊ လျှာထူတာ၊ အာခေါင်မှာ မှိုစွဲတာ၊ ရေစီးကမ်းပြိုလိုက်တာနဲ့ အာခေါင်ကင်ဆာတွေလည်း ဖြစ်နိုင်ပါသေးတယ်။

    နောက်ပြီး ခံတွင်းရနံ့ဆိုးကြောင့် ပါးစပ်ခြောက် (Xerostomia) တဲ့ရောဂါမျိုးဖြစ်စေနိုင်ပါတယ်။ Dry Mouth လို့ခေါ်တဲ့ ဒီရောဂါဟာ ပါးစပ်အတွင်း တံတွေးဂလင်းကနေ တံတွေးထွက်ရှိမှုနည်းပါးကာ အစိုဓာတ်လျော့ပါး ခြောက်သွေ့တဲ့ရောဂါတစ်မျိုးဖြစ်ပါတယ်။ သက်ကြီးရွယ်အိုတွေမှာ ဒီရောဂါပိုဖြစ်နိုင်ပါတယ်။

    ဆေးလိပ်သောက်တတ်ပါသလား။ ဆေးလိပ်ကြောင့်ဖြစ်တဲ့ ခံတွင်းနံ့ဆိုးမဖြစ်အောင် ဒီလိုလုပ်ပါ

    ဘယ်လို ကာကွယ်မလဲ

    ခံတွင်းကနေ အနံ့ဆိုးမထွက်အောင် ထိန်းသိမ်းတာဟာ သွားဖုံးနဲ့သက်ဆိုင်တဲ့ ရောဂါဆိုးတွေကို မဖြစ်အောင် ကာကွယ်တားဆီးတာနဲ့ အတူတူပါပဲ။ ခံတွင်းကို လတ်ဆတ်ပြီး သန့်ရှင်းအောင်ထားတာဟာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အပြုအမူတစ်ခု ဖြစ်ပါတယ်။

    • အရေးအကြီးဆုံးက သင့်အနေနဲ့ သွားကို ပုံမှန်နဲ့ စနစ်တကျ သန့်ရှင်းရေးလုပ်ပေးဖို့ ဖြစ်ပါတယ်။ ဒီလိုပြုလုပ်ပေးတာဟာ သင့်သွားတွေကို ကျန်းမာစေနိုင်သလို ခံတွင်းရနံ့ကိုလည်း လတ်ဆတ်သန့်ရှင်းစေနိုင်ပါတယ်။
    • ခံတွင်းကနေ အနံ့ဆိုးတွေ ထွက်ရှိနေမယ်ဆိုရင် နို့နဲ့ နို့ထွက်ပစ္စည်းတွေ စားသောက်တာကို သတိထားဖို့လိုအပ်ပါတယ်။
    • သွားနဲ့ ခံတွင်းကို တစ်နေ့ ၂ ကြိမ်ခန့် သန့်စင်ပေးပါ (သွားတိုက်ပါ)။ Fluoride ပါတဲ့ သွားတိုက်ဆေးမျိုး သုံးပါ။
    • သွားတိုက်တဲ့အခါမှာ လျှာကို သန့်ရှင်းပေးဖို့လည်း မမေ့ပါနဲ့။ Tongue Scraper သုံးပါ။
    • သွားနဲ့ ခံတွင်းကျန်းမာရေးအခြေအနေကို မကြာခဏ စစ်ဆေးပေးပါ။
    • သွားကြိုသွားကြားက အစာအကြွင်းအကျန်တွေကို နေ့စဉ် သတိထား ဖယ်ရှားပေးပါ။ သွားတိုက်တာက သွားရဲ့ ၆၀ရာခိုင်နှုန်းသော အညစ်အကြေးတွေကိုပဲ သန့်စင်ပေးနိုင်ပါတယ်။
    • Chlorhexidine ပါဝင်တဲ့ ခံတွင်းသန့်ဆေးရည် (Mouthwash) တစ်မျိုးမျိုး ပုံမှန်သုံးပါ။ ဒီဆေးရည်တွေဟာ ဘက်တီးရီးယားတွေကို ဖယ်ရှားပေးနိုင်ပြီး ခံတွင်းနံ့ ကောင်းလာအောင် လုပ်ပေးနိုင်ပါတယ်။
    • သဘာဝပစ္စည်းတွေကနေ ထုတ်ထားတဲ့ ဆေးသကြားလုံးကို ငုံပေးတာကလည်း ဆေးလိပ်သောက်တာကြောင့်ဖြစ်တဲ့ ခံတွင်းနံ့ဆိုးတွေကို သက်သာစေနိုင်ပါတယ်။ သဘာဝ ထွက်ပစ္စည်းတွေဖြစ်တဲ့ ယူကလစ်နဲ့ ပရုပ်အေးကို ပေါင်းစပ်ထုတ်လုပ်ထားတာမျိုးဆိုရင် ဆေးလိပ်သောက်တာကြောင့်ဖြစ်တဲ့ ခံတွင်းအနံ့ဆိုးကို သက်သာစေနိုင်ပါတယ်။

    ဒါတွေ ပုံမှန်လုပ်နေပေမယ့် ခံတွင်းနံ့ဆိုးနေတုန်းပဲဆိုရင် သက်ဆိုင်ရာ ကျွမ်းကျင်သူတွေနဲ့ တိုင်ပင် စစ်ဆေးပါ။

    ဒါပေမယ့် သတိထားရမှာက အထက်ပါနည်းလမ်းတွေဟာ ပုံမှန် အခြေအနေကြောင့် ခံတွင်းနံ့ဆိုးထွက်ရှိတာကို တားဆီးလျှော့ချပေးနိုင်တာ မှန်ပေမယ့် ဆေးလိပ်သောက်သုံးနေသူတွေအနေနဲ့တော့ ဆက်ပြီးသောက်သုံးနေသမျှ ခံတွင်းနံ့ဆိုးက ဆက်ပြီးထွက်နေဦးမှာပါ။ ဒါကြောင့် အကောင်းဆုံးနည်းလမ်းဟာ ဆေးလိပ်ဖြတ်လိုက်တာဆိုတာကို သိထားဖို့လိုအပ်ပါလိမ့်မယ်နော်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 06/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement