backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Xerostomia (ဇီရိုစတိုမီးယား ခေါ် ပါးစပ်ခြောက်ခြင်း)


Dr . Phyu Mon Latt မှ ရေးသားသည်။ · 26/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

Xerostomia (ဇီရိုစတိုမီးယား ခေါ် ပါးစပ်ခြောက်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Xerostomia (ဇီရိုစတိုမီးယား ခေါ် ပါးစပ်ခြောက်ခြင်း)ဆိုတာဘာလဲ။

Xerostomia ကို ပါးစပ်ခြောက်ခြင်းလို့ လူသိများပြီး ဒါဟာ သင့်ပါးစပ်ခြောက်နေတတ်တဲ့ အခြေအနေကို ဆိုလိုတာဖြစ်ပါတယ်။ များသောအားဖြင့် ပါးစပ်ခြောက်ခြင်းဟာ ပါးစပ်အတွင်းမှာ ရှိတဲ့ တံတွေးဂလင်းတွေက တံတွေးထွက်မှု လျော့နည်းခြင်း (သို့) ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အချို့အခြေအနေတွေမှာ ပါးစပ်ခြောက်ခြင်းဟာ တံတွေးဂလင်းတွေကို ထိခိုက်စေတဲ့ အခြေအနေတွေကြောင့် ဖြစ်တာဖြစ်ပါတယ်။

တံတွေးကို အစာဝါးခြင်း၊ မျိုချခြင်း၊ အရသာခံခြင်း၊ စကားပြောခြင်းတွေအတွက် အသုံးပြုကြပါတယ်။ ဒီလှုပ်ရှားမှုတွေဟာ ပါးစပ်ခြောက်ခြင်းဖြစ်ရင် ပိုခက်ခဲနိုင်ပါတယ်။ တံတွေးဟာ ဘက်တီးရီးယားတွေ ထုတ်လုပ်လိုက်တဲ့ အက်စစ်တွေကို ခြေဖျက်ပြီး သွားပိုးစားခြင်းကို ကာကွယ်ပေးကာ ဘက်တီးရီးယား ကြီးထွားနှုန်းကို ကန့်သတ်ပေးပြီး အစာတွေကို ဆေးကြောပေးပါတယ်။

သင့်မှာ တံတွေးအလုံအလောက်မရှိပဲ ပါးစပ်ခြောက်တယ်ဆိုရင်တော့ အောက်ပါအခြေအနေတွေ ဖြစ်နိုင်ပါတယ်။

  • Plaque ဖြစ်နိုင်ခြင်း၊ သွားပိုးစားခြင်း၊ သွားဖုံးရောဂါ
  • ပါးစပ်အနာများ
  • ပါးစပ်အတွင်း မှိုရောဂါ
  • Coated tongue
  • ပါးစပ်ထောင့်တွေမှာ အနာဖြစ်ခြင်း၊ အရေပြားကွဲခြင်း
  • နှုတ်ခမ်းကွဲခြင်း

ဝါးခြင်း၊ မျိုချခြင်း တွေမှာ ပြဿနာရှိခြင်းကြောင့် အာဟာရဓါတ်လုံလောက်စွာ မရရှိခြင်း

Xerostomia(ဇီရိုစတိုမီးယား ခေါ် ပါးစပ်ခြောက်ခြင်း)ဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။

Xerostomia ဟာ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများကို သိရှိခြင်း ။

Xerostomia(ဇီရိုစတိုမီးယား ခေါ် ပါးစပ်ခြောက်ခြင်း)ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။

Xerostomia ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့

  • ပါးစပ်၊ လည်ချောင်း ခြောက်ခြင်း
  • ရေငတ်ခြင်း
  • တံတွေးထူခြင်း၊ အမျှင်ဖြစ်ခြင်း
  • ခံတွင်းအနံ့ဆိုးခြင်း
  • အစာဝါးခြင်း၊ စကားပြောခြင်း၊ မျိုချခြင်း တွေ ခက်ခဲခြင်း
  • အရသာပြောင်းလဲနိုင်ခြင်း
  • သွားပိုးစားခြင်း
  • သွားဖုံးနာခြင်း၊ သွားဖုံးရောဂါ

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါသလဲ။

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

ဖြစ်စေသောအကြောင်းအရာများကိုသိရှိခြင်း ။

ဘာတွေက Xerostomia(ဇီရိုစတိုမီးယား ခေါ် ပါးစပ်ခြောက်ခြင်း)ဖြစ်ပွားစေသလဲ။

Xerostomia ဖြစ်ပွားရခြင်းရဲ့ အဓိက အကြောင်းရင်းတွေကတော့

  • အချို့ဆေးတွေရဲ့ဘေးထွက်ဆိုးကျိုးများ။ စိတ်ကျခြင်း၊ အာရုံကြောနာကျင်ခြင်း၊ စိတ်ပူခြင်း၊ ယားခြင်း၊ နှာခေါင်းပိတ်ခြင်း၊ ကြွက်သားတင်းခြင်း၊ နာကျင်မှုတွေအတွက် အသုံးပြုတဲ့ ဆရာဝန်ညွှန်တဲ့ဆေးဖြစ်စေ၊ ဆေးဆိုင်မှ ဝယ်သောက်သောဆေးတွေဖြစ်စေ က ပါးစပ်ခြောက်ခြင်းကို ဖြစ်စေနိုင်ပါတယ်။
  • အချို့ရောဂါတွေ၊ ရောဂါပိုးဝင်ခြင်းတွေရဲ့ ဆိုးကျိုးများ။ ပါးစပ်ခြောက်ခြင်းဟာ Sjögren’s syndrome, HIV/AIDS, Alzheimer’s disease, ဆီးချို၊ သွေးအားနည်းခြင်း၊ cystic fibrosis၊ အဆစ်ရောင်ခြင်း၊ သွေးပေါင်တက်ခြင်း၊ Parkinson’s disease၊ ပါးချိတ်ရောင်ခြင်းတွေကြောင့် ဖြစ်နိုင်ပါတယ်။
  • ဆေးကုသမှုရဲ့ ဆိုးကျိုးများ။ ကင်ဆာဆေးသွင်းကုသခြင်းနဲ့ ဓါတ်ရောင်ခြည်ကုသခြင်းတွေဟာ တံတွေးရဲ့ သဘာဝနဲ့ ပမာဏကို ပြောင်းလဲစေနိုင်ပါတယ်။

အာရုံကြော ထိခိုက်ခြင်း။ ခေါင်း၊ လည်ပင်းတွေကို အာရုံကြော ထိခိုက်ခြင်းဟာ ပါးစပ်ခြောက်ခြင်းကို ဖြစ်စေနိုင်ပါတယ်။

ဖြစ်နိုင်ခြေကို မြင့်မားစေသော အရာများ

ဘယ်အရာတွေက Xerostomia(ဇီရိုစတိုမီးယား ခေါ် ပါးစပ်ခြောက်ခြင်း)ဖြစ်ပွားနိုင်ချေကိုမြင့်စေပါသလဲ။

Xerostomia ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်

  • အသက်ကြီးခြင်း။ အသက်ကြီးသူတွေဟာ ပါးစပ်ခြောက်ခြင်းကိုဖြစ်စေတဲ့ ဆေးတွေကို သောက်နေရနိုင်ပြီး သူတို့မှာ ပါးစပ်ခြောက်ခြင်းကို ဖြစ်စေတဲ့ အခြားကျန်းမာရေးအခြေအနေတွေလည်း အများကြီးရှိနိုင်ပါတယ်။
  • လူမှုနေထိုင်မှုဘဝ။ ဆေးလိပ်သောက်ခြင်း၊ ကွမ်းဝါးခြင်းတွေဟာ ပါးစပ်ခြောက်ခြင်းရဲ့ လက္ခဏာတွေကို ပိုဆိုးစေပါတယ်။

ရေဓါတ်ခြောက်ခမ်းခြင်း- ရေဓါတ်ခြောက်ခမ်းနိုင်တဲ့ အခြေအနေတွေဖြစ်တဲ့ အဖျားတက်ခြင်း၊ ချွေးထွက်ခြင်း၊ အန်ခြင်း၊ ဝမ်းလျှောခြင်း၊ သွေးဆုံးရှုံးခြင်း၊ ပါးစပ်ခြောက်ခြင်းကို ဖြစ်စေတဲ့ မီးလောင်ခြင်း တွေပဲ ဖြစ်ပါတယ်။

ရောဂါစစ်ဆေးအတည်ပြုခြင်းနှင့် ကုသခြင်းများ

ရောဂါအဖြေရှာခြင်းနှင့် ကုသခြင်း

ယေဘူယျအသိပေးချက် – ယခုဖော်ပြထားသည့် အချက်အလက်များမှာ ဆေးပညာဆိုင်ရာကျွမ်းကျင်သူ၏ အကြံပေးချက်များနေရာတွင် အစားထိုးရန် မသင့်တော်ပါ။ ဆက်လက်သိရှိလိုသောအချက်အလက်များအတွက် သင့်ရဲ့ဆရာဝန်နဲံ အမြဲတိုင်ပင်ဆွေးနွေးပါ။

Xerostomia(ဇီရိုစတိုမီးယား ခေါ် ပါးစပ်ခြောက်ခြင်း)ဟုတ်မဟုတ်ကို ဘယ်လိုအဖြေရှာအတည်ပြုသလဲ။

သင့်ဆရာဝန်နဲ့ သွားဆရာဝန်က သင့်မှာ ပါးစပ်ခြောက်ခြင်း ရှိတယ်ဆိုရင် ပါးစပ်ကို စစ်ဆေးခြင်း၊ ကျန်းမာရေး ရာဇဝင်ကို မေးမြန်းခြင်း၊ သင်သောက်နေတဲ့ ဆေးတွေကိုမေးမြန်းခြင်းကို ပြုလုပ်နိုင်ပါတယ်။

ဆေးတွေကြောင့် မဟုတ်ခဲ့ရင်တော့ အခြားသွေးစစ်ဆေးမှု၊ imaging tests တွေ နဲ့ တံတွေး ဘယ်လောက်ထုတ်လဲဆိုတာ စစ်ဆေးတဲ့ စစ်ဆေးမှုတွေကို သင့်မှာရှိတဲ့ ပါးစပ်ခြောက်ခြင်းရဲ့ အကြောင်းရင်းကို အဖြေရှာဖို့ ပြုလုပ်နိုင်ပါတယ်။ တကယ်လို့ သင့်ရောဂါဟာ Sjogren’s syndrome ကြောင့် ဖြစ်တယ်လို့ သံသယရှိရင် တံတွေးဂလင်းကို အသားစယူပြီး စစ်ဆေးနိုင်ပါတယ်။

Xerostomia(ဇီရိုစတိုမီးယား ခေါ် ပါးစပ်ခြောက်ခြင်း)ကို ဘယ်လိုကုသလဲ။

Xerostomia ကုသမှုဟာ အကြောင်းရင်းပေါ်မူတည်ပါတယ်။

  • ပါးစပ်ခြောက်ခြင်းကို ဖြစ်စေတယ်လို့ ယူဆတဲ့ ဆေးတွေကို ပြောင်းလဲပါ။ တကယ်လို့ ဆရာဝန်က ဆေးကြောင့် ဖြစ်တယ်လို့ ထင်ရင် ဆေးပမာဏပြောင်းလဲခြင်း၊ အခြားဆေးပြောင်းခြင်းတွေကို ပြုလုပ်ပေးနိုင်ပါတယ်။
  • ပါးစပ်ကို ရေဓါတ်ထိန်းသိမ်းမယ့် ထုတ်ကုန်တွေကို အသုံးပြုပါ။ ဒီထုတ်ကုန်တွေကတော့ အာလုပ်ကျင်းဆေး၊ တံတွေးအတု အသုံးပြုခြင်းနဲ့ ပါးစပ်ကို ချောမွေ့စေဖို့ ရေဓါတ်ထိန်းဆေးတွေကို အသုံးပြုခြင်းပဲဖြစ်ပါတယ်။

တကယ်လို့ သင့်မှာ ပါးစပ်ခြောက်ခြင်း ပြင်းထန်တယ်ဆိုရင် သင့်ဆရာဝန်နဲ့ သွားဆရာဝန်က

  • တံတွေးကို နှိုးဆွတဲ့ ဆေးတွေပေးနိုင်ပါတယ်။ သင့်ဆရာဝန်က pilocarpine (Salagen) သို့ cevimeline (Evoxac) ပါတဲ့ ဆေးတွေ ပေးဖို့ စဉ်းစားနိုင်ပါတယ်။

သွားကို ကာကွယ်ပါ။ သွားပိုးစားခြင်းကို ကာကွယ်ဖို့အတွက် သွားဆရာဝန်က fluoride ပါဝင်တဲ့ fluoride trays တွေကို သွားပေါ်မှာ မိနစ်အနည်းငယ် ဝတ်ဆင်စေနိုင်ပါတယ်။ သွားဆရာဝန်က သွားပိုးစားခြင်းကို ထိန်းချုပ်ဖို့ chlorhexidine အာလုပ်ကျင်းရည်ကိုလည်း အပတ်စဉ် အသုံးပြုစေနိုင်ပါတယ်။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက Xerostomia ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် Xerostomia ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။

  • ပါးစပ်ကို စိုနေအောင် ရေငုံခြင်း၊ သကြားမပါတဲ့ အရည်တွေ တစ်နေကုန်သောက်သုံးခြင်းတွေကို ပြုလုပ်သင့်ပါတယ်။ အစာဝါးခြင်းနဲ့ မျိုချခြင်းတွေကို ကူညီပေးဖို့ အစာစားစဉ် ရေသောက်နိုင်ပါတယ်။
  • သကြားမပါတဲ့ ပီကေ (သို့) သကြားမပါတဲ့ သကြားလုံးတွေကို ဝါးနိုင်ပါတယ်။ ဝမ်းလျှောခြင်း၊ ဗိုက်နာခြင်းတွေကို အများကြီးစားရင်ဖြစ်နိုင်တာမို့ xylitol ကို သတိထားသင့်ပါတယ်။
  • carboxymethylcellulose သို့ hydroxyethyl cellulose ဥပမာ Biotene Oral Balance ကို တံတွေးအစားထိုးအနေနဲ့ သုံးစွဲနိုင်ပါတယ်။
  • ပါးစပ်ကနေ မဟုတ်ပဲ နှာခေါင်းကနေ အသက်ရှူသင့်ပါတယ်။
  • ညအိပ်တဲ့အခါ အခန်းထဲမှာ ရေငွေ့စက်ကို ထားသင့်ပါတယ်။
  • ခြောက်သေ့ွကွဲအပ်နေတဲ့ နှုတ်ခမ်းကို ရေဓါတ်ဖြည့်တင်းပေးသင့်ပါတယ်။
  • Flouride ပါတဲ့ သွားတိုက်ဆေးနဲ့ တိုက်သင့်ပြီး fluoride အာလုပ်ကျင်းရည်ကို အသုံးပြုကာ သွားဆရာဝန်ထံ ပုံမှန်သွားသင့်ပါတယ်။
  • ကော်ဖီ၊ အရက်၊ သကြား (သို့) အက်ဆစ်ပါတဲ့ အစားအစာတွေ၊သကြားလုံးတွေ စားသုံးခြင်းကို ရှောင်ကျဉ်သင့်ပါတယ်။

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr . Phyu Mon Latt မှ ရေးသားသည်။ · 26/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement