တစ်နေ့တစ်နေ့ အလုပ်တွေနဲ့လုံးပန်းရင်း မခေါ်ဘဲရောက်လာတဲ့ ဧည့်သည်ကိုလည်းမောင်းထုတ်ရခက်နေတတ်တယ်နော်။ ဒါကတော့ ကိုယ်က မတောင့်တတောင် ကိုယ့်ဆီရောက်လာတတ်တဲ့ စိတ်ဖိစီးမှုလေ။ စိတ်ဖိစီးမှုက သိမ်းထားလို့ကောင်းတဲ့အရာမဟုတ်ပါဘူး။ ကြာကြာသိမ်းလေ ကိုယ့်မှာထိခိုက်ရတာတွေ များလာလေလေပါပဲ။ စိတ်ဖိစီးမှုများရင် ဒီရောဂါတွေဖြစ်နိုင်တယ် ဆိုတော့ စိတ်ဖိစီးမှုကို သေချာ ကိုင်တွယ်တတ်ဖို့ လိုပါတယ်။
စိတ်ဖိစီးမှု
စိတ်ဖိစီးမှု ဆိုတာက ရုပ်ပိုင်းဆိုင်ရာ ဒါမှမဟုတ် စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေဖြစ်လာတဲ့အခါ ဖြစ်ပေါ်တတ်တဲ့ သာမန်တုံ့ပြန်မှုတစ်ခုပေါ့။ ဒီပြောင်းလဲမှုကို ခန္ဓာကိုယ်က ရုပ်ပိုင်းဆိုင်ရာ အရသော်လည်းကောင်း၊ စိတ်ပိုင်းဆိုင်ရာအရသော်လည်းကောင်း ပြန်ပြီး တုံ့ပြန်တတ်ပါတယ်။
စိတ်ဖိစီးမှု ဆိုတာမျိုးက နေ့စဉ်ဘဝရဲ့ အစိတ်အပိုင်းတစ်ခုလိုတောင် ဖြစ်နေတတ်ပါသေးတယ်။ နေ့စဉ်ထိတွေ့ဆက်ဆံနေတဲ့ ပတ်ဝန်းကျင်ကြောင့်၊ ကိုယ်ရဲ့အတွေးတွေနဲ့ ကိုယ့်ရဲ့ အပြုအမူတွေကြောင့် စိတ်ဖိစီးမှုဝင်နိုင်ပါတယ်။
စိတ်ဖိစီးမှုများရင် ဒီရောဂါတွေဖြစ်နိုင်တယ်
လူတွေရဲ့ ခန္ဓာကိုယ်က စိတ်ဖိစီးမှုကို ခံစားတုံ့ပြန်နိုင်စွမ်းရှိကြပါတယ်။ ဒါပေမယ့် ဘယ်လောက်ကြာကြာသိမ်းထားမလဲဆိုတာကတော့ ကိုယ့်ရဲ့ စိတ်ဆုံးဖြတ်ချက်ပေါ်မှာ မူတည်နေမှာပါ။
လူတစ်ယောက်ဟာနေ့စဉ်နဲ့အမျှ စိတ်ဖိစီးမှုကို ခံစားလာရမယ်ဆိုရင်တော့ အပြုသဘောမဆောင်နိုင်တော့ဘဲ အပျက်သဘောဆောင်လာပြီး ခန္ဓာကိုယ်မှာရောဂါတွေဝင်လာတော့တာပေါ့။
နှလုံးရောဂါ – ကာလရှည်ကြာစိတ်ဖိစီးတာကြောင့် သွေးပေါင်ချိန်မြင့်ရာကနေ နောက်ပိုင်းမှာ နှလုံးရောဂါခံစားရနိုင်ပါတယ်။ စိတ်ဖိစီးမှုက နှလုံးခုန်နှုန်း နဲ့ သွေးစီးဆင်းမှုကို တိုးစေနိုင်ပြီး သွေးတွင်းကိုလက်စထရောများလာစေတာကြောင့် နှလုံးကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။
ပန်းနာရင်ကျပ် -လေ့လာမှုတွေအရ စိတ်ဖိစီးမှုက ပန်းနာရင်ကျပ်ရောဂါကို ပိုဆိုးစေနိုင်ပါတယ်။ ကာလရှည်ကြာစိတ်ဖိစီးမှုက ပန်းနာရင်ကျပ်ရောဂါ ခံစားရနိုင်ခြေကို တိုးစေနိုင်ပါတယ်။
အဝလွန် – စိတ်ဖိစီးမှုများတာက ကိုယ်တွင်းမှာကော်တီစောဟော်မုန်းပမာဏကို တိုးစေပြီး ဝမ်းဗိုက်၊ တင်ပါးနဲ့ခြေထောက်တွေမှာ အဆီတွေစုစေရာကနေတဆင့် နောက်ဆုံးမှာ အဝလွန်တာအထိဖြစ်စေနိုင်ပါတယ်။
ဆီးချို – အချိုစားများမှ ဆီးချိုဖြစ်တာမဟုတ်ပါဘူး။ စိတ်ဖိစီးမှုကြောင့် ဆီးချိုဖြစ်နိုင်ခြေ မြင့်စေသလို ဆီးချိုရှိသူတွေမှာလည်း ပိုဆိုးစေနိုင်ပါတယ်။ စိတ်ဖိစီးမှုများလာတဲ့အခါ ကျန်းမာရေးနဲ့ မညီတဲ့ စားသောက်မှုပုံစံတွေဖြစ်လာစေပြီး သွေးတွင်းအချိုဓာတ်ကိုမြင့်တက်စေမှုကနေတဆင့် ဆီးချိုရောဂါကို ခံစားရစေပါတယ်။
ခေါင်းကိုက် – စိတ်ဖိစီးမှုများလာတဲ့အခါ အရင်ဆုံးခံစားရမှာက ခေါင်းကိုက်တာပါ။ စိတ်ဖိစီးမှုများတာက ခေါင်းကိုက်စေတဲ့အပြင် ခေါင်းတစ်ခြမ်းကိုက်ရောဂါကိုပါ ခံစားရစေနိုင်ပါတယ်။
စိတ်ဓာတ်ကျ – ကာလရှည်ကြာစိတ်ဖိစီးမှုက စိတ်ဓာတ်ကျတာကို ဖြစ်စေနိုင်တယ်ဆိုတာက အဆန်းကြီးတော့မဟုတ်ပါဘူး။ နေ့စဉ်ထိတွေ့နေရတဲ့ ပတ်ဝန်းကျင်ကနေ စိတ်ဖိစီးမှုကို ခံစားနေရသူတွေက အခြားသူတွေထက် စိတ်ဓာတ်ကျမှုကို ခံစားရနိုင်ခြေ ၈၀ ရာခိုင်နှုန်းပိုများနေနိုင်ပါတယ်။
အစာအိမ်အူလမ်းကြောင်းပြဿနာ -အစာမကြေတာ၊ ရင်ပူတာတွေက စားလိုက်တဲ့ အစားအစာတွေကြောင့်ဖြစ်နိုင်သလို ကာလရှည်ကြာ ပိုက်ထားခဲ့ရတဲ့ စိတ်ဖိစီးမှုကြောင့်လည်းဖြစ်နိုင်ပါတယ်။ ဒါကြောင့် စားလိုက်တိုင်း အာဟာရဖြစ်ပြီး အစာခြေစနစ် ကျန်းမာနေစေဖို့ စိတ်ဖိစီးမှုကိုမြန်မြန်အဝေးလွှင့်ပစ်ပါနော်။
အယ်လ်ဇိုင်းမားရောဂါ -လေ့လာမှုအရ စိတ်ဖိစီးမှုကြောင့် အယ်လ်ဇိုင်းမားရောဂါခံစားရနိုင်ခြေပိုများစေနိုင်ပါတယ်။ စိတ်ဖိစီးမှုကရောဂါရှိသူတွေမှာလည်း ပိုဆိုးစေနိုင်ပါတယ်။ စိတ်ဖိစီးမှုကိုလျှော့ချနိုင်လေလေရောဂါခံစားရနိုင်ခြေနည်းလေလေပါ။
အိပ်စက်မှု ထိခိုက်နိုင်တယ် – စိတ်ဖိစီးရင် ဘယ်လောက်အိပ်အိပ် အိပ်မပျော်ပါဘူး။ ညဘက်ကောင်းကောင်းအိပ်မပျော်တာ ကြာလာတဲ့အခါ စိတ်ခံစားမှုတွေ မကောင်းသလို မှတ်ဉာဏ်တွေပါ ထိခိုက်လာပါတော့တယ်။ ဒီလိုမျိုး အိပ်ရေးပျက်ညတွေ များလာတာက ခန္ဓာကိုယ်က စိတ်ဖိစီးမှုကို နှင်ထုတ်ရာမှာ အခက်တွေ့သထက် တွေ့စေပါတော့တယ်။
အနာကျက်နှေးမယ် – စိတ်ဖိစီးမှုများတဲ့အခါ ခန္ဓာကိုယ်မှာ ကောတီစောပမာဏတွေများလာပြီး အနာကျက်မှုဖြစ်စဉ်ကို အဟန့်အတားဖြစ်စေပါတယ်။ ကိုယ်ခံအား အားနည်းလာပြီး အနာကျက်မှုဖြစ်စဉ် နှေးကွေးလာစေတော့ပါတယ်။
ခဏခဏဖျားနာမယ် – ခဏခဏဖျားနာတာကလည်း ကိုယ်တွင်းမှာ စိတ်ဖိစီးမှုများနေတာကြောင့် ကိုယ်ခံအားနည်းလာလို့ ဖြစ်ရတာပါ။
အိုမင်းရင့်ရော်စေနိုင်တယ် – စိတ်ဖိစီးမှုက လူရဲ့ရုပ်သွင်ပြင်ကို ထိခိုက်စေနိုင်ပါတယ်။ နေ့စဉ်နဲ့အမျှ စိတ်ဖိစီးမှုကို ရှောင်လွှဲခွင့်မရဘဲ ရင်ဆိုင်နေရသူတွေမှာ ရှိရင်းစွဲအသက်ထက် ၉ နှစ် ကနေ ၁၇ နှစ်အထိ အိုမင်းရင့်ရော်နိုင်တယ်လို့လေ့လာမှုရလဒ်တွေအရ သိရပါတယ်။
အရွယ်မတိုင်ခင်သေဆုံးမယ် – စိတ်ဖိစီးမှုက ကိုယ်ရော စိတ်ကိုပါထိခိုက်စေနိုင်ပါတယ်နော်။ နေ့စဉ်နဲ့အမျှ စိတ်ဖိစီးမှုကို ရင်ဆိုင်ရသူတွေဟာ အခြားသူတွေက် အရွယ်မတိုင်ခင်သေဆုံးနိုင်ခြေ ၆၃ ရာခိုင်နှုန်းအထိမြင့်တက်နေပါတယ်နော်။
စိတ်ဖိစီးမှုကို ဒီလိုဖြေလျှော့ပါ
စိတ်ဖိစီးမှု ဆိုတာက ကိုယ်ကကြာကြာမွေးထားလို့ ရှိနေတာပါ။ ဒါကြောင့် စိတ်ဖိစီးမှုကြောင့် ကိုယ်ရော စိတ်ပါ မထိခိုက်စေဖို့ ဒီနည်းလေးတွေ သုံးပြီး စိတ်ဖိစီးမှုနဲ့ ခပ်ကင်းကင်းနေလိုက်ပါ။
- အပြုသဘောဆောင်တဲ့ သဘောထားရှိပါစေ
- ကိုယ်မလုပ်ဆောင်နိုင်တဲ့ အခြေအနေကို လက်သင့်ခံတတ်ပါစေ
- တရားထိုင်တာ၊ ယောဂကစားတာ၊ ထိုက်ချိ ကစားတာလိုမျိုး စိတ်အပန်းပြေစေတဲ့ အားကစားလုပ်ဖြစ်အောင်ဂရုစိုက်ပါ
- ကိုယ်လက်လှုပ်ရှားမှု ပုံမှန်လုပ်ဖြစ်အောင်ဂရုစိုက်ပါ
- ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသုံးတတ်ပါစေ
- အချိန်တွေကို အကျိုးရှိရှိ အသုံးချတတ်ပါစေ
- စိတ်ဝင်စားတဲ့ အရာတွေအတွက် အချိန်ပေးတတ်ပါစေ
- လုံလောက်တဲ့ အိပ်စက်အနားယူမှု ရှိပါစေ
- အရက်နဲ့ ဆေးလိပ်လိုမျိုး အရာတွေကို စိတ်ဖြေစရာအဖြစ် အသုံးမပြုပါနဲ့
- ချစ်ခင်ရသူတွေနဲ့ အချိန်ပေးတွေ့ဆုံပေးပါ
ဒီနည်းလေးတွေသုံးလို့ စိတ်ဖိစီးမှုကို ဘိုင့်ဘိုင်လို့ နှုတ်ဆက်ပြီး ရောဂါကင်းကင်းနဲ့ ကျန်းမာပျော်ရွှင်တဲ့ နေ့စဉ်ဘဝလေးကို ပိုင်ဆိုင်လိုက်ပါ။
[embed-health-tool-bmi]