backup og meta

ဝိတ်ကျချင်တဲ့သူတိုင်း စားပေးသင့်တဲ့ သစ်ကြားသီး ။ ။


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 24/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဝိတ်ကျချင်တဲ့သူတိုင်း စားပေးသင့်တဲ့ သစ်ကြားသီး ။ ။

    စိတ်ကူးထဲက လှပသွယ်ကျတဲ့ ကိုယ်ခန္ဓာ လေးပိုင်ဆိုင်နိုင်ဖို့အတွက် အစားအသောက်တွေ ဆင်ခြင်ကြ၊ အဆီတွေ ကယ်လိုရီ တွေ လောင်ကျွမ်းအောင် စားပေးရမယ့် အစားအသောက်တွေ ဘာတွေ လဲလို့ လိုက်ရှာကြတယ်မလား။ အဲဒီမှာ ရေးထားတာတွေ ဖတ်ဖူးကြမှာပါ။ ကိုယ်အလေးချိန်ထိန်းဖို့ အတွက်ရော၊ ဗိုက်အဆာခံဖို့အတွက်ရော အစေ့အဆံ တွေ စားရမယ်ဆိုတာမျိုးတွေကိုပေါ့။

    ဒါတွေက တကယ်မှန်တဲ့ အဆိုပြုချက်တွေပါ။ အစေ့အဆံတွေ တစ်နေ့ကို လက်တစ်ဆုပ်လောက်စားပေးရင် ကျန်းမာရေး အတွက် တကယ်ကို အထောက်အကူပြုပါတယ်။ ဝိတ်ချချင်တဲ့ သူတွေအတွက်လည်း အစေ့အဆံတွေက တကယ်ကို ကူညီပေးမယ့် အရာတွေပါ။ ဒီတော့ အစေ့အဆံတွေထဲကမှ ဝိတ်ချချင်တဲ့သူတိုင်း စားပေးသင့်ဆုံးကတော့ သစ်ကြားသီးဖြစ်ပါတယ်။ ဘာ့ကြောင့်လဲဆိုတာ ဆက်ကြည့်ရအောင်။

    အစေ့အဆံတွေ အားလုံးထဲကမှ ဘာ့ကြောင့် သစ်ကြားသီးကို ရွေးချယ်ခိုင်းတာလဲ ။ ။

    သစ်ကြားသီးမှာ ဗီတာမင် တွေ၊ အမျှင်ဓာတ်တွေ၊ ကျန်းမာတဲ့အဆီဓာတ်တွေ၊ omega-3 fatty acids တွေနဲ့ ဓာတ်တိုးဆန့်ကျင်တဲ့ အာနိသင်တွေ ကြွယ်ဝတဲအတွက် သူက ကျန်းမာရေးအတွက် အထောက်အကူပြုတယ်ဆိုတာ မမှားပါဘူး။ နောက်ပြီး မဂ္ဂနီဆီယမ်တို့ ကော်ပါးတို့လိုမျိုး သတ္တုဓာတ်တွေလည်း ပါတာကြောင့် ဝိတ်ကျ နေတဲ့ သူတွေအတွက် တကယ်ကို အားထားလို့ရတဲ့ အစေ့အဆံတစ်ခုပါ။ ဒါ့အပြင် ကိုယ်တွင်းရောင်ရမ်းခြင်းတွေကိုလည်း လျှော့ချ၊ ရင်သားကင်ဆာ ဆီးကျိတ်ကင်ဆာနဲ့ အူမကြီးကင်ဆာတို့လို ကြောက်စရာကောင်းတဲ့ ကင်ဆာရောဂါတွေကလည်း ကာကွယ်ပေးတဲ့အပြင် ဆီးချိုတို့ သွေးတိုးတို့ မဖြစ်အောင်လည်း ထိန်းညှိပေးနိုင်ပါသေးတယ်။

    သစ်ကြားသီး ၁၂ လုံးကနေ ၁၄ လုံးလောက်စားလိုက်ရင် ကယ်လိုရီ ၁၉၀ လောက်ရပေမယ့် သူ့ထဲမှာပါတဲ့ အဆီဓာတ်တွေက ကိုယ်အလေးချိန်တက်စေတာ၊ ကျန်းမာရေးအတွက် ဆိုးကျိုးဖြစ်စေတာ တစ်ခုမှ မရှိပါဘူး။ အဆီဆိုပေမယ့် ဘာ့ကြောင့် ကိုယ်အလေးချိန်ကို မတက်စေရတာလဲဆိုတာ အားလုံးသိချင်နေကြမယ်လို့ထင်ပါတယ်။ ဆက်ပြီး ဖတ်ကြည့်ရအောင် ။

    ကြွယ်ဝတဲ့ အမျှင်ဓာတ်က ကိုယ်အလေးချိန်ကျဖို့အတွက် ကူညီပေးမှာပါ။

    သစ်ကြားသီးမှာပါတဲ့ အမျှင်ဓာတ် တွေက အူတွင်းက အကျိုးပြုဘက်တီးရီးယားတွေကို ပေါက်ပွားစေတဲ့အတွက် ဝမ်းမှန်ပြီး ကိုယ်အလေးချိန်ထိန်းပေးပါတယ်။

    အဆာလည်းခံစေပါတယ်။

    သစ်ကြားသီးစားဖူးသူတိုင်းသိမှာပါ။ ၃ လုံးလောက်စားပြီးတာနဲ့ ထပ်မစားချင်အောင် ဗိုက်ပြည့်သွားတတ်တယ်ဆိုတာမျိုးပေါ့။ သူ့မှာပါတဲ့ ကျန်းမာတဲ့ အဆီဓာတ်နဲ့ အမျှင်ဓာတ်တွေက သင့်ကို အစားအများကြီး မစားစေချင်ဘဲ အဆာခံ စေပြီး ပြည့်စေမှာပါ။

    အစာခြေအားကိုလည်းကောင်းစေပါတယ်။

    ပါဝင်တဲ့ ကျန်းမာတဲ့အဆီဓာတ်တွေက အစာခြေအားကိုကောင်းစေမယ့်အပြင် အခြား မကောင်းတဲ့ အဆီတွေ ထပ်မကပ်နိုင်အောင် ကာကွယ်ပေးလိုက်တာကြောင့် ကိုယ်အလေးချိန်ကို ထိန်းပေးမှာပါ။

    ဇီဝကမ္မဖြစ်စဉ်တွေကို မြှင့်တင်ပေးပါတယ်။

    သစ်ကြားသီးဟာ သွေးတွင်းက ကောင်းတဲ့အဆီတွေဖြစ်တဲ့ high-density lipoprotein (HDL) တွေကို တိုးမြှင့်ပေးပြီး ဇီဝကမ္မဖြစ်စဉ်ကို မြှင့်တင်ပေးပါတယ်။ ဒီလို ဇီဝကမ္မဖြစ်စဉ် မြင့်တက်လာတာကြောင့် ကယ်လိုရီတွေ ပိုလောင်ကျွမ်းပြီး အဆီပိုတွေ ကိုယ်ခန္ဓာကနေ တဖြည်းဖြည်းလျော့လာတာကြောင့် သစ်ကြားသီးဟာ ကိုယ်အလေးချိန်ကို လျော့ကျစေတဲ့အစေ့အဆံတစ်ခုဆိုလည်း မမှားပါဘူး။

    ကိုယ်အလေးချိန်နဲ့ ဆက်စပ်မှုရှိနေတဲ့ သွေးတွင်းသကြားဓါတ်ကို ထိန်းညှိပေးပါတယ်။

    သစ်ကြားသီးမှာပါဝင်တဲ့ ပရိုတင်း၊ ကျန်းမာတဲ့အဆီတွေနဲ့ မဂ္ဂနီဆီယမ်သတ္တုဓာတ်က သွေးတွင်းသကြားဓာတ်ပမာဏကို ထိန်းညှိပေးတယ်။ သွေးတွင်းသကြားဓာတ်များခြင်းက ကိုယ်အလေးချိန်တက်တာနဲ့ ဆက်စက်နေတတ်ပြီး သွေးတွင်းသကြားဓာတ်နည်းရင်တော့ အဆီတွေစုလာတာကို လျှော့ချပေးမှာပါ။

    ဆာလောင်တဲ့ ဖိစီးမှုကို လျှော့ချပေးပါတယ်။

    သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးရုံမက သစ်ကြားသီးထဲ ပါဝင်တဲ့ မဂ္ဂနီဆီယမ်ဟာ အဆာခံစေပြီး ဗိုက်ဆာခြင်းကြောင့် ဖြစ်တဲ့ စိတ်ဖိစီးမှုတွေကို လျှော့ချပေးပါတယ်။ စိတ်ဖိစီးမှု များလေလေ အစားစားချင်လေလေပဲ မလား။

    အဆီတွေလောင်ကျွမ်းဖို့ အားပေးပါတယ်။

    သစ်ကြားသီးမှာပါဝင်တဲ့ omega-3 fatty acids အဆီလောင်ကျွမ်းခြင်းကို အားပေးတဲ့အတွက် ကိုယ်တွင်းမှစုနေတဲ့ အဆီတွေကို ချေဖျက်ပေးမှာပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 24/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement