backup og meta

Whey Protein ကိုဘယ်လိုအသုံးပြုနိုင်လဲ။ ဘာတွေကောင်းကျိုးတွေရှိလဲ။


Aye Thi Mon မှ ရေးသားသည်။ · 19/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    Whey Protein ကိုဘယ်လိုအသုံးပြုနိုင်လဲ။ ဘာတွေကောင်းကျိုးတွေရှိလဲ။

    အခုနောက်ပိုင်းဖြည့်စွက်စာအဖြစ်ခေတ်စားလာတဲ့ ပရိုတင်းတစ်မျိုးရှိနေပါတယ်။ ဒါကတော့ နာတာရှည်ရောဂါခံစားနေရသူတွေအတွက်ရော ကြွက်သားတက်လာအောင်လေ့ကျင့်ခန်းလုပ်နေတဲ့ သူတွေအတွက်ပါတော်တော်လေးထိရောက်မှုရှိတဲ့ အာဟာရဓါတ်တစ်မျိုးဖြစ်တဲ့ Whey Protein ပါပဲ။ ဒီအာဟာရဓါတ်က ခန္ဓါကိုယ်ကျန်းမာဖို့အတွက်ရော ကြွက်သားတွေဖွံ့ဖြိုးသန်မာစေဖို့ အတွက်ပါတော်တော်လေးအထောက်အပံ့ပေးပါတယ်။ ဒီဆောင်းပါးလေးထဲမှာ Whey Protein ရဲ့ ကျန်းမာရေးအတွက် အသုံးဝင်ပုံလေးကိုပြောပြပေးပါရစေ။

    Whey protein ဆိုတာ

    Whey ဆိုတာက ဒိန်ခဲလုပ်တဲ့အခါမှာ ထွက်လာတဲ့ ပစ္စည်းတစ်ခုပေါ့။ နို့အရည်ကြည်ထဲမှာပါတတ်တဲ့ ဓါတ်တစ်မျိုးပါ။ အခုလက်ရှိမှာတော့ ကမ္ဘာတလွှားမှာ Whey protein ကို အမှုန့်ပုံစံနဲ့ရရှိနေပြီး အားကစားလုပ်ဆောင်သူတွေအတွက် အာဟာရဖြည့်တဲ့အရာတစ်ခုအနေနဲ့ သုံးဆောင်ကြတာများပါတယ်။ Whey protein က အစာကြေမြန်ပြီး အစာခြေစနစ်က အာဟာရဓါတ်တွေကိုမြန်မြန်စုပ်ယူနိုင်အောင်လုပ်ဆောင်ပေးပါတယ်။ပြီးရင်တော့သွေးကြောတွေနဲ့ ကြွက်သားတွေဆီကို လိုအပ်တဲ့အာဟာရဓါတ်တွေကို မြန်မြန်ပို့ဆောင်ပေးလိုက်ပါတယ်။ ဒီလိုလုပ်ဆောင်ပေးမှုက အားကစားပြင်းပြင်းထန်ထန်လုပ်ဆောင်မှုကြောင့် ကြွက်သားထိခိုက်မှုတွေကိုပြန်လည်ကောင်းမွန်လာအောင်လုပ်ဆောင်ပေးသလို ကြွက်သားတွေဖွံ့ဖြိုးကြီးထွားအောင်လည်း လုပ်ဆောင်ပေးပါတယ်။Whey protein ကနို့နဲ့နို့ထွက်ပစ္စည်းတွေထဲမှာ အများဆုံးတွေ့ရတဲ့ ပရိုတင်းတစ်မျိုးပါ။ Whey protein မှာ ခန္ဓါကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အမိုင်နိုအက်ဆစ်လည်းပါဝင်နေပါတယ်။

    Whey Protein ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေက

    ကိုယ်အလေးချိန်ကျစေနိုင်တယ် – ခန္ဓါကိုယ်က အဆီပိုတွေကိုလျှော့ချပြီး ကြွက်သားတက်လာအောင်လေ့ကျင့်နေသူတွေအတွက် သင့်တော်တဲ့ အာဟာရတစ်မျိုးပါ။

    ကင်ဆာကာကွယ်ပေးနိုင်တယ် – Whey protein မှာ ကင်ဆာကို ခုခံနိုင်တဲ့အာနိသင်ရှိနေတယ်လို့ သုတေသနအချို့အရသိရပါတယ်။

    ကိုလက်စထရောကျစေနိုင်တယ် -သွေးတွင်းက အကျိုးမပြုတဲ့ ကိုလက်စထရောတွေကို ကျဆင်းအောင် လုပ်ဆောင်ပေးနိုင်စွမ်းလည်းရှိပါတယ်။

    ပန်းနာရင်ကျပ်သက်သာစေနိုင်တယ် – ပန်းနာရင်ကျပ်ရောဂါရှိသူတွေအနေနဲ့ Whey protein ကိုစားသုံးပေးမှုက ကိုယ်ခံအားေကာင်းစေပြီး ရောဂါကို သက်သာစေနိုင်တယ်လို့လေ့လာမှုတွေအရ သိရပါတယ်။

    သွေးတိုးကျဆင်းစေနိုင်တယ် -သွေးပေါင်ချိန်ကိုလျော့ကျစေနိုင်တာကြောင့်သွေးတိုးရောဂါရှိသူတွေအတွက် သင့်တော်ပါတယ်။နောက်တစ်ချက်ကသွေးတိုးတာကြောင့်ဖြစ်လာနိုင်တဲ့နောက်ဆက်တွဲပြဿနာတွေဖြစ်တဲ့လေဖြတ်တာနဲ့ နှလုံးရောဂါတွေဖြစ်နိုင်ခြေကို လျော့ကျစေနိုင်ပါတယ်။

    နှလုံးသွေးကြောဆိုင်ရာရောဂါတွေခံစားရနိုင်ခြေနည်းစေတယ် – ကိုယ်ခံအားကျန်းမာအောင်လုပ်ဆောင်ပေးနိုင်သလိုသွေးဖိအားကိုကျဆင်းစေနိုင်တာကြောင့် နှလုံးသွေးကြောဆိုင်ရာရောဂါတွေကို သက်သာစေနိုင်ပါတယ်။

    ခုခံအားကျဆင်းမှု ကူးစက်ရောဂါကြောင့် ကိုယ်အလေးချိန်ကျတာကိုလျှော့ချပေးနိုင်ပါတယ် – ခုခံအားကျဆင်းမှုကူးစက်ရောဂါနဲ့ အခြားနာတာရှည်ရောဂါတွေ ခံစားနေရတာကြောင့် ကိုယ်အလေးချိန်လျော့ကျလာမှုကနေ ကာကွယ်ပေးနိုင်စွမ်းလည်းရှိပါတယ်။

    အာဟာရပြည့်ဝစေတယ် – ခန္ဓါကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓါတ်ကိုပြည့်ဝစေနိုင်တာကြောင့် အာဟာရချို့တဲ့မှုကနေ ထိထိရောက်ရောက် ကာကွယ်ပေးနိုင်မှာပါ။

    အနာကျက်စေနိုင်တယ် – အနာကျက်စေနိုင်တဲ့ အာနိသင်ရှိတာကြောင့် အနာကျက်နှေးသူတွေ၊ရောဂါအခံတစ်ခုခုကြောင့် အနာကျက်ဖို့ ခက်သူတွေအနေနဲ့ စားသုံးပေးသင့်ပါတယ်။

    အင်ဆူလင်ထွက်စေတယ် – Whey protein က ဆီးချိုသမားတွေကို အစားစားပြီးချိန်မှာသွေးချို အရမ်းတက်သွားတာမျိုး မဖြစ်အောင်ကာကွယ်ပေးနိုင်သလို ခန္ဓါကိုယ်က အင်ဆူလင်ထုတ်ပေးအောင် လှုံ့ဆော်ပေးနိုင်စွမ်းလည်းရှိပါတယ်။

    ကြွက်သားဖြစ်ပေါ်မှုနဲ့ ဆီးချိုထိန်းချုပ်မှုအပေါ်မှာ Whey protein ရဲ့ သက်ရောက်မှု

    ကြွက်သားဖွံ့ဖြိုးမှုအပေါ်မှာ ဒီလိုသက်ရောက်နေတာပါ

    Whey protein ကကြွက်သားတွေကို သန်မာစေနိုင်သလို ကြွက်သားဖွံ့ဖြိုးစေဖို့လည်း အထောက်အပံ့ပေးပါတယ်။ Whey protein အမှုန့်မှာ ပရိုတင်းဓါတ်ပြည့်ဝစွာပါဝင်နေသလို ခန္ဓါကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အမိုင်နိုအက်ဆစ်တစ်မျိုးဖြစ်တဲ့leucine ပါဝင်နေပါတယ်။ ဒီဓါတ်က ကြွက်သားတွေ ဖွံ့ဖြိုးသန်မာဖို့ အထောက်အပံ့ပေးနိုင်ပါတယ်။ ဒါကြောင့် အဆီပိုတွေ ကင်းပြီး ကျစ်လျစ်လှပတဲ့ ခန္ဓါကိုယ်ကို ပိုင်ဆိုင်ချင်တဲ့လေဒီတွေနဲ့ ကြွက်သားလှလှနဲ့ ယောက်ျားဆန်ဆန်ကြည့်ကောင်းချင်တဲ့ အမျိုးသားတွေအတွက် သင့်တော်တဲ့ အာဟာရဓါတ်တစ်မျိုးပါ။ သက်ကြီးရွယ်အိုတွေအတွက်လည်း ကြွက်သားဆုံးရှုံးမှုပြဿနာ ကနေကင်းဝေးစေဖို့နဲ့ နှလုံးကြွက်သားတွေကျန်းမာသန်စွမ်းစေဖို့ whey protein ကိုတိုက်ကျွေးလို့ရပါတယ်။

    ဆီးချိုထိန်းချုပ်မှုအပေါ်မှာ ဒီလိုသက်ရောက်နေတာပါ

    Whey protein ရဲ့နောက်ထပ်အားသာချက်တစ်ခုက ဆီးချိုထိန်းချုပ်ရာမှာကောင်းကောင်းထောက်ပံ့ပေးနိုင်တာပါ။ဒီအာဟာရဓါတ်မှာ L-Cysteine လို့ခေါ်တဲ့ အမိုင်နိုအက်ဆစ်ကြွယ်ဝစွာပါဝင်နေသလိုသွေးတွင်းက အကျိုးမပြုတဲ့ ကိုလက်စထရောပမာဏကို ကျဆင်းစေပြီး အင်ဆူလင်ထုတ်လုပ်မှုကို တိုးတက်ကောင်းမွန်စေနိုင်ပါတယ်။ အင်ဆူလင်ထွက်ရှိအောင်လှုံ့ဆော်ပေးတာကြောင့် အစားစားပြီးချိန်မှာ သွေးတွင်း သကြားဓါတ်မြင့်တက်တာမျိုးမဖြစ်အောင် လုပ်ဆောင်ပေးနိုင်ပါတယ်။ Whey protein က အဆာခံစေပြီးရောင်ရမ်းမှုကိုလျော့ပါးသက်သာစေနိုင်ပါတယ်။ ဆီးချိုကြောင့်ဖြစ်တဲ့နောက်ဆက်တွဲရောဂါတွေဖြစ်ကြတဲ့ အမြင်အာရုံထိခိုက်တာ၊ကျောက်ကပ်ပျက်စီးတာနဲ့ အခြားသော ဆီးချိုရဲ့နောက်ဆက်တွဲဝေဒနာတွေကို ကာကွယ်ပေးနိုင်ပါသေးတယ်။

    မကြာသေးခင်ကပြုလုပ်ခဲ့တဲ့လေ့လာမှုတစ်ခုအရ ပုံမှန်စားသုံးတဲ့ အစားအစာထဲမှာ Whey protein ပါဝင်အောင်စားသုံးသူတွေရဲ့ သွေးတွင်းသကြားဓါတ်က ပုံမှန်ထက် ၂၈ ရာခိုင်နှုန်းပိုမိုကျဆင်းနေတာကိုတွေ့ရှိခဲ့ရပါတယ်။ အင်ဆူလင်ထုတ်လုပ်မှုပမာဏကလည်း ၂ ဆ ထိမြင့်တက်နေပြီး အင်ဆူလင်တုံ့ပြန်နိုင်စွမ်းကလည်း ပုံမှန်ထက် အချိန်ပိုကြာကြာခံတာကိုတွေ့ရှိခဲ့ရပါတယ်။ ဒါကြောင့် အင်ဆူလင် ထွက်ရှိမှုနည်းတာ၊ အင်ဆူလင်တုံ့ပြန်နိုင်စွမ်းနည်းတာတွေကို ခံစားနေရသူဆီးချိုဝေဒနာရှင်တွေအနေနဲ့ Whey protein ကို သုံးဆောင်ပေးသင့်တယ်လို့ အကြံပြုလိုပါတယ်။

    ဒါကြောင့် ဆီးချိုရှိသူတွေအနေနဲ့ လိုအပ်တဲ့ အာဟာရဓါတ်တွေပြည့်ဝပြီး ကျန်းမာနေစေဖို့အတွက် Whey protein ကမေ့ထားလို့ မဖြစ်တဲ့ အာဟာရဓါတ်တစ်ခုပါ။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 19/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement