backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Myocardial Ischemia (နှလုံးကြွက်သား သွေးမလျှောက်ခြင်း )


Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 23/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Myocardial Ischemia (နှလုံးကြွက်သား သွေးမလျှောက်ခြင်း ) ကဘာလဲ။

နှလုံးကြွက်သား သွေးမလျှောက်ခြင်းသည် နှလုံး၏အစိတ်အပိုင်းတစ်ခုဆီသို့ သွေးမလျှောက်တော့သည့်အခါ နှလုံးကြွက်သားများ ပျက်စီးခြင်းကိုဖြစ်စေသောအခြေအနေ ဖြစ်သည်။

နှလုံးသည် သူ၏ကိုယ်ပိုင်အစိတ်အပိုင်းများအား အောက်စီဂျင်နှင့် အာဟာရများကို တခြားကြွက်သားများကဲ့သို့ပင် ထောက်ပံ့ရန်လိုသည်။ နှလုံးသွေးကြောကြီးနှစ်ချောင်းသည် နှလုံးကြွက်သားများအား အောက်စီဂျင်ပြည့်ဝသော သွေးများကို ထောက်ပံ့ပေး၏။

ထိုနှစ်ချောင်းထဲမှ တစ်ချောင်းတွင် ရုတ်တရတ် ပိတ်သွားပါက နှလုံးအစိတ်အပိုင်းတစ်ခုတွင် အောက်စီဂျင်ပြတ်သွားပြီး “cardiac ischemia” ဟုခေါ်သော နှလုံးသွေးမလျှောက်ခြင်းကို ဖြစ်စေနိုင်သည်။ နှလုံးသွေးမလျှောက်ခြင်း ကြာပါက ငတ်မွတ်နေသော နှလုံးတစ်ရှူးများ သေသွားမည်ဖြစ်သည်။

Myocardial Ischemia (နှလုံးကြွက်သား သွေးမလျှောက်ခြင်း ) က ဘယ်လောက်အဖြစ်များသလဲ

ဒီရောဂါသည် အတော်အသင့်အဖြစ်များပြီး အသက်အရွယ်နှင့် ဆက်စပ်မှုရှိသည်။ အသက်ကြီးလာသည်နှင့် နှလုံးကြွက်သား သွေးမလျှောက်ခြင်း ဖြစ်နိုင်ချေ ပိုတိုးလာပါသည်။

အမျိုးသားများတွင် အသက် ၄၅ နောက်ပိုင်းတွင် ဖြစ်နိုင်ချေပိုများလာပြီး အမျိုးသမီးများတွင် ၅၅ နောက်ပိုင်းပိုအဖြစ်များ၏။ ရောဂါဖြစ်ပွားနိုင်သော အချက်အလက်များကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါသည်။

အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။

လက္ခဏာများ

Myocardial Ischemia (နှလုံးကြွက်သား သွေးမလျှောက်ခြင်း ) ရဲ့လက္ခဏာတွေကဘာတွေလဲ

နှလုံးကြွက်သား သွေးမလျှောက်ခြင်း၏ အဖြစ်ဆုံးသော လက္ခဏာများတွင် ရင်ဘတ်အောင့်ခြင်း၊ အသက်ရှူမဝခြင်းတိုးဖြစ်ပြီး လက္ခဏာများမှာ အမျိုးမျိုးကွဲနိုင်၏။ အဖြစ်များဆုံးသော လက္ခါများမှာ အောက်ပါအတိုင်းဖြစ်သည်။

ရင်ဘတ်ထဲတွင် ဖိထားသလိုဖြစ်ခြင်း သို့ ရင်ကြပ်ခြင်း

ရင်ဘတ် နောက်ကျော မေးရိုးနှင့် ခန္ဓါကိုယ်အပေါ်ပိုင်းနေရာများတွင် အောင့်တတ်ပြီး မိနစ်ပိုင်းလောက်သာကြာကာ ပျောက်သွားလိုက် ပေါ်လိုက် ဖြစ်နိုင်သည်။

အသက်ရှူမဝခြင်း

ချွေးပြန်ခြင်း

ပျို့ခြင်း

အန်ခြင်း

စိုးရိမ်ပူပန်ခြင်း

ချောင်းဆိုးခြင်း

မူးဝေးခြင်း

နှလုံးခုန်မြန်ခြင်း

နှလုံးကြွက်သား သွေးမလျှောက်ခြင်းရှိသော လူများအားလုံးတွင် ဒီအတိုင်းထပ်တူလက္ခဏာများ ခံစားချင်မှ ခံစားရပါလိမ့်မည်။ သို့မဟုတ် လက္ခဏာပြင်းထန်မှု တူချင်မှတူလိမ့်မည်။ ရင်ဘတ်အောင့်ခြင်းသည် အမျိုးသားရော အမျိုးသမီးပါ အဖြစ်များကြောင့် တင်ပြကြသည်။

သို့သော် အောက်ပါတို့သည် အမျိုးသားများထက် အမျိုးသမီးများတွင် ပိုအဖြစ်များနိုင်ချေရှိသည်။

အသက်ရှူမဝခြင်း

မေးရိုးနာခြင်း

နောက်ကျောအပေါ်ဖက်အောင့်ခြင်း

ခေါင်းထဲရီဝေဝဖြစ်ခြင်း

ပျို့ခြင်း

အန်ခြင်း

ဆိုရလျှင် တစ်ချို့အမျိုးသမီးများ၌ တုပ်ကွေးမိသလို လက္ခဏာများလဲ ခံစားရကြောင်း တင်ပြထားသည်များ ရှိသည်။

အထက်တွင်ဖော်ပြထားသည့်အထဲမှာမပါဝင်သေးသော အခြားလက္ခဏာများလည်း ရှိနိုင်ပါသေးသည်။ အကယ်၍ကိုယ့်ဆီ၌ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုပါက ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲမှ တစ်ခုခုများရှိနေမယ်ဆိုလျှင် သို့မဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုလျှင် ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပါ။ လူတိုင်း၏ခန္ဓါကိုယ်တုံ့ပြန်မှုသည် မတူညီနိုင်ပါ။

သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နှင့် တိုင်ပင်တာက အကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Myocardial Ischemia (နှလုံးကြွက်သား သွေးမလျှောက်ခြင်း ) ကိုဘာတွေကဖြစ်စေသလဲ

အဆီဖတ်များ စုပုံလာပြီး သွေးလွှတ်ကြောများ မာလာခြင်းက သွေးစီးဆင်းမှုကို ဟန့်သွားစေပြီး သင်၏အင်္ဂါများ တစ်ရှူးများအား လုပ်ငန်းလုပ်ဆောင်ရန် လိုအပ်သည့် အောက်စီဂျင်ပြည့်ဝသော သွေးများမရရှိစေနိုင်တော့ပါ။

အောက်ပါတို့သည် သွေးလွှတ်ကြောများကို မာစေသော အဖြစ်များသည့်အကြောင်းရင်းများ ဖြစ်သည်။

ကိုလက်စ်ထရောများခြင်း

ကိုလက်စ်ထရောသည် ဖယောင်းဆန်သည့်အဝါရောင် ပစ္စည်းများဖြစ်ပြီး သင့်ခန္ဓါကိုယ်ထဲတွင် သဘာဝအတိုင်းတွေ့ရသလို စားသည့်အစားအသောက်များတွင်လဲ ပါ၏။ ၎င်းပစ္စည်းသည် သွေးထဲတွင်များလာနိုင်ပြီး သွေးလွှတ်ကြောများတွင် တွယ်ကပ်နိုင်သည်။ ၎င်းတို့သည့် မာသည့်အချပ်ပြားများဖြစ်လာပြီး နှလုံးနှင့်တခြားအင်္ဂါများဆီသို့သွေးစီးဆင်းမှုအား ဟန့်တားခြင်း ပိတ်ခြင်းတို့ ဖြစ်စေနိုင်ပါသည်။

အဆီ

အဆီများသောအစားအစာများကိုစားခြင်းသည် အဆီချပ်ပြားများဖြစ်ပေါ်ခြင်းကို ဦးတည်နိုင်သည်။

အသက်ကြီးရင့်ခြင်း

အသက်ကြီးလာသည်နှင့် သင်၏နှလုံးနှင့်သွေးကြောများသည် သွေပန့်ထုတ်ရန် သွေးကိုရရှိနိုင်ရန် အလွန်အလုပ်လုပ်ရ၏။ သင်သွေးကြောများ အားနည်းလာပြီး လျော့နိုင်ဆန့်နိုင် မလုပ်နိုင်တော့ကာ အဆီချပ်ပြားများစုပုံခြင်းကို ပိုဖြစ်လာစေနိုင်သည်။

တစ်ချို့သော အဖြစ်များသည့်အကြောင်းရင်းများ –

ဆေးလိပ်သောက်ခြင်းနှင့် ဆေးရွက်ကြီးပါသော တခြားအရာများ

အင်စူလင်ကိုခုခံခြင်း၊ အဝလွန်ခြင်း သို့ ဆီးချို

အဆစ်ရောင်ခြင်း၊ lupus သို့ ကူးစက်ရောဂါများကြောင့် ရောင်ရမ်းခြင်း သို့မဟုတ် အကြောင်းရင်းမသိရပဲ ရောင်ရမ်းခြင်းများ

ဖြစ်နိုင်ခြေများ

Myocardial Ischemia (နှလုံးကြွက်သား သွေးမလျှောက်ခြင်း ) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

နှလုံးကြွက်သား သွေးမလျှောက်ခြင်း ဖြစ်ပွားနိုင်ချေကိုမြင့်စေသော အကြောင်းရင်းများစွာရှိပါသည်။ ဥပမာအားဖြင့်

သွေးဖိအားများခြင်း

သင့်၌သွေးတိုးရှိလျှင် နှလုံးကြွက်သား သွေးမလျှောက်ခြင်းဖြစ်နိုင်ချေ ပိုများနေပါသည်။ ပုံမှန်သွေးဖိအားသည် ၁၂၀/၈၀ mmHg အောက်ဖြစ်ပြီး အသက်အရွယ်ပေါ်မူတည်ပါသည်။ ကိန်းဂဏန်း တိုးလာပါက နှလုံးရောဂါဖြစ်နိုင်ချေ ပိုများလာပါသည်။ သွေးဖိအားများခြင်းသည် သွေးလွှတ်ကြောများကို ထိခိုက်စေပြီး အချပ်ပြားများစုပုံခြင်းကို အရှိန်တိုးမြှင့်စေနိုင်ပါသည်။

ကိုလက်စ်ထရောလယ်ဗယ်များခြင်း

သွေးထဲ၌ကိုလက်စ်ထရောလယ်ဗယ်များလျှင် နှလုံးကြွက်သာပုပ်ခြင်းကို ဖြစ်စေနိုင်ပါသည်။ statin ဟုခေါ်သောဆေးများဖြင့် သို့မဟုတ် အစားအသောက်ပြောင်းလဲခြင်းဖြင့် သွေးထဲမှ ကိုလက်စ်ထရောလယ်ဗယ်ကို ချပေးနိုင်ပါသည်။

ထရွိုင်ဂလစ်စရွိုက်လယ်ဗယ်များခြင်း

ထရွိုင်ဂလစ်စရွိုက်လယ်ဗယ်များခြင်းသည် နှလုံးကြွက်သား သွေးမလျှောက်ခြင်းဖြစ်နိုင်ချေကို ပိုများစေနိုင်သည်။ ထရွိုင်ဂလစ်စရွိုက်များသည် အဆီအမျိုးအစားတစ်ခုဖြစ်ပြီး သွေးလွှတ်ကြောများတွင် တွယ်ကပ်နိုင်သည်။

ထရွိုင်ဂလစ်စရွိုက်များအား အစာများမှရပြီး သွေးတစ်လျှောက်ပါသွားခါ သင့်ခန္ဓါကိုယ်တွင် အဓိအားဖြင့် အဆီဆဲလ်များတွင် သိုလှောင်ပါသည်။ သို့သော် တစ်ချို့ထရွိုင်ဂလစ်စရွိုက်များသည် သွေးလွှတ်ကြောများထဲတွင် ကျန်နေခဲ့ပြီး အချပ်များဖြစ်ပေါ်လာနိုင်ပါသည်။

ဆီးချိုနှင့် သွေးတွင်းသကြားဓါတ်လယ်ဗယ် မြင့်တက်ခြင်း

ဆီးချိုသည် သွေးတွင်းမှသကြားဓါတ်သို့မဟုတ် ဂလူးကို့စ်လယ်ဗယ်ကို မြင့်စေပါသည်။ သွေးသကြားဓါတ်မြင့်ခြင်းသည့် သွေးကြောများကိုပျက်စီးစေပြီး နောက်ဆုံးတွင် နှလုံးသွေးလွှတ်ကြောရောဂါများကို ဖြစ်စေနိုင်သည်။

၎င်းသည် ပြင်းထန်သောအခြေအနေဖြစ်ပြီး တစ်ချို့လူများတွင် နှလုံးကြွက်သား သွေးမလျှောက်ခြင်းကို ဖြစ်စေနိုင်ပါသည်။

အဝလွန်ခြင်း

သင် အဝလွန်နေပါက နှလုံးကြွက်သား သွေးမလျှောက်ခြင်းဖြစ်နိုင်သော အခွင့်အရေးများ ရှိလာနိုင်ပါသည်။ အဝလွန်ခြင်းသည် နှလုံးကြွက်သား သွေးမလျှောက်ခြင်းကိုဖြစ်စေသော အမျိုးမျိုးသော အခြေအနေများနှင့် ဆက်စပ်မှုရှိပါသည်။

ဆီးချို

သွေးတိုး

ကိုလက်စ်ထရောလယ်ဗယ်မြင့်ခြင်း

ထရွိုင်ဂလစ်စရွိုက်လယ်ဗယ်မြင့်ခြင်း

ဆေးလိပ်သောက်ခြင်း

ဆေးရွက်ကြီးပါသော ဆေးလိပ်သောက်ခြင်းသည် နှလုံးကြွက်သား သွေးမလျှောက်ခြင်း ဖြစ်နိုင်ချေကို ပိုများစေပါသည်။ ၎င်းသည် တခြားသော နှလုံးနှင့်သွေးကြောဆိုင်ရာရောဂါများကိုလဲ ဖြစ်စေနိုင်ပါသည်။

အသက်အရွယ်

နှလုံးကြွက်သား သွေးမလျှောက်ခြင်းသည် အသက်ကြီးလာသည်နှင့် ဖြစ်နိုင်ချေပိုများ၏။ အမျိုးသားများသည် အသက် ၄၅ အထက်နှင့် အမျိုးသမီးများတွင် ၅၅ နှစ်အထက်တို့၌ နှလုံးကြွက်သား သွေးမလျှောက်ခြင်းဖြစ်နိုင်ချေ ပိုများပါသည်။

မိသားစုတွင်ရာဇဝင်ရှိခြင်း

သင့်မိသားစု၌အစောပိုင်းနှလုံးရောဂါရာဇဝင်များ ရှိခဲ့ဖူးလျှင် သင် နှလုံးကြွက်သား သွေးမလျှောက်ခြင်းကို ဖြစ်နိုင်ပါသည်။ သင့်မိသားစုဆွေမျိုးများ၌ အသက် ၅၅ နှစ်မတိုင်မီ အမျိုးသားများ နှလုံးရောဂါဖြစ်လျှင် သို့မဟုတ် အသက် ၆၅ နှစ်မတိုင်းမီ အမျိုးသမီးများ နှလုံးရောဂါဖြစ်လျှင် ပိုပြီးဖြစ်နိုင်ချေ သင့်၌များ၏။

နှလုံးကြွက်သား သွေးမလျှောက်ခြင်းဖြစ်နိုင်ချေကို တိုးမြင့်စေသော တခြားအချက်များမှာ

ဖိစီးမှု

လေ့ကျင့်ခန်းမလုပ်ခြင်း

ကိုကိန်းနှင့် အမ်ဖီတမင်းတို့ကဲ့သို့ တရားမဝင်ဆေးများ သုံးခြင်း

ကိုယ်ဝန်ဆောင်စဉ် ကိုယ်ဝန်ဆိပ်တက်ခဲ့ဖူးလျှင် သို့မဟုတ် သွေးဖိအားများလျှင်

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Myocardial Ischemia (နှလုံးကြွက်သား သွေးမလျှောက်ခြင်း ) ကို ဘယ်လိုအတည်ပြုပါသလဲ

ဆရာဝန်မှသင့်၌ နှလုံးကြွက်သား သွေးမလျှောက်ခြင်းဖြစ်နေကြောင်း သံသယရှိလျှင် ကျန်းမာရေးရာဇဝင်နှင့် စမ်းသပ်ခြင်းများ ပြုလုပ်ပါမည်။ ထို့နောက် အောက်ပါတို့ကိုစစ်ဆေးရန် ညွှန်ပါလိမ့်မည်။

အီးစီဂျီဆွဲခြင်း

နှလုံး၏လျှပ်စစ်လှုပ်ရှားမှုအား လျှပ်ခေါင်းများမှတစ်ဆင့် အရေပြားကိုတွယ်ကပ်ပြီး မှတ်တမ်းတင်ခြင်းဖြစ်သည်။ တချို့သောနှလုံးလျှပ်စစ်လှုပ်ရှားမှုမူမမှန်ခြင်းသည် နှလုံးကြွက်သား သွေးမလျှောက်ခြင်းကို ညွှန်ပြနိုင်ပါသည်။

Echocardiogram

နှလုံးကိုချိန်ပြီး တုတ်ချောင်းပုံစံတစ်ခုနှင့် အသံလှိုင်းများကို လွှတ်ကာ နှလုံး၏ပုံရိပ်ကိုပုံဖော်မည်ဖြစ်သည်။ Echocardiogram သည် နှလုံး၏ပျက်စီးနေသည့်နေရာနှင့် ပန့်ထုတ်မှုမူမမှန်ခြင်းတို့အား သိရှိနိုင်ပါသည်။

Nuclear Scan

ရေဒီယိုသတ္တိကြွပစ္စည်းတစ်ချို့အား သွေးတွင်းထဲသို့ထိုးသွင်းမည်။ လေ့ကျင့်ခန်းလုပ်နေစဉ် ခြေရာခံစက်သည် သင်၏နှလုံးနှင့်အဆုတ်ဆီသို့ စီးဆင်းသွားမှုကိုတိုင်းတာပါလိမ့်မည်။ ထို့ကြောင့် သွေးစီးဆင်းမှုနှင့်ဆိုင်သည့်ရောဂါများကို တွေ့ရှိနိုင်ပါသည်။

နှလုံးသွေးကြောပုံရိပ်ဖမ်းခြင်း

နှလုံးကြောများထဲသို့ ဆိုးဆေးတစ်မျိုးအား ထိုးသွင်းလိုက်သည်။ ထို့နောက် ဓါတ်မှန်စက်မှ ပုံရိပ်များကို ဖမ်းယူပါမည်။ ထိုမှ သင့်သွေးကြောများ၏ အသေးစိတ်ပုံရိပ်ကို ရရှိပါလိမ့်မည်။

နှလုံးကွန်ပြူတာဓါတ်မှန်

နှလုံးသွေးကြောများ ထုံးဓါတ်စုခြင်းရှိလျှင် ဒီစစ်ဆေးမှုဖြင့် ဆုံးဖြတ်နိုင်သည်။ နှလုံးသွေးကြေများကိုလဲ ကွန်ပြူတာဓါတ်မှန်တွင်မြင်နိုင်ပါသည်။

ဖိစီးမှုဖြင့်စစ်ဆေးခြင်း

သင်၏နှလုံးစည်းချက်၊ သွေးဖိအားနှင့် အသက်ရှူခြင်းအား လမ်းလျှောက်စက်တွင် လမ်းလျှောက်နေစဉ် သို့မဟုတ် စက်ဘီးနင်းစက်တွင် လေ့ကျင့်ခန်းလုပ်နေစဉ် စစ်ဆေးပါမည်။ လေ့ကျင့်ခန်းသည် နှလုံးပန့်လုပ်ခြင်းအား ပုံမှန်ထက် ပိုလုပ်ရပြီး ပိုမြန်စေပါသည်။

ထို့ကြောင့် ဖိစီးမှုဖြင့်စစ်ဆေးလျှင် သာမန်မသိနိုင်သော နှလုံးပြဿနာကို ဖမ်းမိနိုင်ပါလိမ့်မည်။

Myocardial Ischemia (နှလုံးကြွက်သား သွေးမလျှောက်ခြင်း ) ကို ဘယ်လိုကုသပါသလဲ

နှလုံးကြွက်သား သွေးမလျှောက်ခြင်းသည် ချက်ချင်းကုသရန်လိုအပ်သည်။ ထို့ကြောင့် ကုသမှုအများစုသည် အရေးပေါ်ခန်း၌ပင် စတင်ရမည်ဖြစ်သည်။

Angioplasty ဟုခေါ်သော ခွဲစိတ်ကုသမှုအား နှလုံးကိုထောက်ပံ့သည့် သွေးလွှတ်ကြောများကို ပြန်ပွင့်စေရန် သုံးသည်။ Angioplasty လုပ်နေစဉ်တွင် ခွဲစိတ်ဆရာဝန်သည် သေးငယ်ရှည်လျားသည့်ပြွန် Catheter အား သွေးလွှတ်ကြောများမှ ပိတ်နေသည့်နေရာထိ ထိုးသွင်းလိမ့်မည်။

ထို့နောက် Catheter ထိပ်တွင်ပါသော ဘောလုံးသေးသေးအား ဖောင်းလာစေပြီး နှလုံးသွေးကြောကို ပြန်ဖွင့်စေကာ သွေးစီးဆင်းမှုအား ပြန်ကောင်းလာစေပါသည်။ သင့်ခွဲစိတ်ဆရာဝန်သဘ် သေးငယ်သောဇကာပေါက်ပြွန် stent အား ပိတ်နေသည့်နေရာသို့ ထည့်လိုက်မည်ဖြစ်သည်။ ထို stent လေးသည် သွေးလွှတ်ကြော တဖန်ပြန်မပိတ်စေရန် ကူညီပါသည်။

သင့်ဆရာဝန်မှ နှလုံးသွေးလွှတ်ကြော bypass graft (CABG) အား တစ်ချို့ကိစ္စများတွင် လုပ်ဆောင်ပါလိမ့်မည်။ ထိုကုသမှုတွင် ခွဲစိတ်ဆရာဝန်မှ သွေးပြန်ကြောများ သွေးလွှတ်ကြောများကို ပြန်လည်လမ်းကြောင်းဖောက်ပေးပြီး ပိတ်နေသည့်နေရာကိုကျော်ကာ စီဆင်းစေပါလိမ့်မည်။

CABG သည် နှလုံးကြွက်သား သွေးမလျှောက်ခြင်း ဖြစ်ဖြစ်ချင်း တစ်ခါတစ်လေ ပြုလုပ်ပါသည်။ သို့သော်လည်း ဖြစ်ရပ်အများစုတွင် ဖြစ်ပွားပြီးရက်အတော်ကြာမှသာ ပြုလုပ်ခြင်းဖြစ်ပြီး နှလုံးအားအနာပြန်ကျက်ချိန်ပေးခြင်းဖြစ်သည်။

နှလုံးကြွက်သား သွေးမလျှောက်ခြင်းအား ဆေးအမျိုးမျိုးဖြင့်လဲ ကုသနိုင်သည်

သွေးကြဲဆေးများ ဥပမာ အက်စ်ပရင် အား သွေးခဲများကို ခွဲရန်နှင့် ကျဉ်းမြောင်းသည့် သွေးလွှတ်ကြောများတွင် စီးဆင်းမှုကောင်းစေရန်အတွက် အသုံးပြုနိုင်ပါသည်။

Thrombolytics များကိုတော့ သွေးခဲများပျော်စေရန် အသုံးပြုနိုင်၏။

သွေးမွှားဥဆန့်ကျင်ဆေးများဖြစ်သော clopidogrel အား သွေးခဲအသစ်ဖြစ်ပေါ်ခြင်းနှင့် ရှိပြီးသားသွေးခဲများ ကြီးလာခြင်းတို့အား ကာကွယ်ရန်သုံးပါသည်။

Nitroglycerin များကိုတော့ သွေးကြောများကျယ်စေရန် အသုံးပြုနိုင်သည်။

Beta-blocker များသည် သွေးဖိအားကိုကျစေပြီး နှလုံးကြွက်သားများအား ပြေလျော့စေသည်။ ၎င်းသည် နှလုံးအားထိခိုက်မှုကို တားဆီးပေးနိုင်ပါသည်။

ACE inhibitors များကိုတော့ သွေးဖိအားလျော့ကျစေရန်နှင့် နှလုံးဖိစီးမှုကျစေရန်အတွက် အသုံးပြုနိုင်ပါသည်။ အကိုက်အခဲပျောက်ဆေးများကလဲ မသက်မသာခံစားရမှုကို လျော့ချရန်အတွက် သုံးနိုင်ပါသည်။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက နှလုံးကြွက်သား သွေးမလျှောက်ခြင်း ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနှင့်အိမ်သုံးကုထုံးများက သင့်အနေဖြင့် နှလုံးကြွက်သား သွေးမလျှောက်ခြင်း ကိုကုသတဲ့နေရာနှင့် လိုက်လျောညီထွေဖြစ်အောင်နေသောနေရာများတွင် အကူအညီပေးနိုင်ပါသည်။

ဆေးလိပ်ဖြတ်ခြင်း

ဆေးလိပ်ဖြတ်ခြင်းနည်းများအား ဆရာဝန်နှင့်ဆွေးနွေးပါ။ တစ်ဆင့်ခံဆေးလိပ်ငွေ့ရှူမိခြင်းကိုလဲ ရှောင်ပါ။

နဂိုရှိနေသောကျန်းမာရေးအခြေအနေများကို စီမံပါ

နှလုံးကြွက်သား သွေးမလျှောက်ခြင်းကို ဖြစ်စေနိုင်သည့် အခြေအနေနှင့် ရောဂါများ ဥပမာ ဆီးချို သွေးတိုးနှင့် သွေးတွင်းကိုလက်စ်ထရောများခြင်းတို့အား ကုသပါ။

ကျန်းမာရေးနှင့်ညီသောအစာများစားပါ

ပြည့်ဝဆီများကို အကန့်အသတ်နှင့်စားပါ။ ဂျုံကြမ်း၊ သစ်သီးများနှင့် ဟင်းသီးဟင်းရွက် များများစားပါ။ သင်၏ကိုလက်စ်ထရောပမာဏကိုသိထားပြီး ရှိသင့်သည့်လယ်ဗယ်ထိလျော့ချနိုင်ရန် ဆရာဝန်နှင့် တိုင်ပင်ပါ။

လေ့ကျင့်ခန်းလုပ်ပါ

နှလုံးသွေးစီးဆင်းမှုကောင်းစေရန် စိတ်ချရသည့် လေ့ကျင့်ခန်းများစတင်နိုင်ရန် ဆရာဝန်နှင့် ဆွေးနွေးပါ။

ကျန်းမာရေးနှင့်သင့်တော်သည့်ကိုယ်အလေးချိန်ကို ထိန်းပါ

သင် အဝလွန်နေပါက ဝိတ်ကျစေမည့်နည်းလမ်းများကို ဆရာဝန်နှင့်တိုင်ပင်ပါ။

ဖိစီးမှုအားလျော့ချပါ

ဖိစီးမှုအားစီမံနိုင်သည့် ကျန်းမာရေးနည်းလမ်းများကိုလေ့ကျင့်ပါ။ ဥပမာ ကြွက်သားများပြေလျော့စေခြင်းနှင့် အသက်ပြင်းပြင်းရှူခြင်း

ပုံမှန်ကျန်းမာရေးစစ်ဆေးမှုလုပ်ရန် အရေးကြီးသည်

နှလုံးကြွက်သား သွေးမလျှောက်ခြင်းဖြစ်နိုင်သည့် အန္တရာယ်ရှိအချက်အလက်တစ်ချို့တွင် –

ကိုလက်စ်ထေရာများခြင်း၊ သွေးဖိအားများခြင်းနှင့် ဆီးချိုတို့ပါဝင်ပြီး ကနဦးအဆင့်တွင် ရောဂါလက္ခဏာမပြတတ်ပါ။ စောစီးစွာသိရှိကုသလျှင် နှလုံးကျန်းမာကာ ဘဝသက်တမ်းပြည့်နေနိုင်ပါသည်။

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုလျှင် သင့်အတွက်သင့်တော်သော အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 23/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement