backup og meta

သလဲသီးဖျော်ရည်မှ ရရှိနိုင်သော ကျန်းမာရေးအကျိုး ၁၁ မျိုး

Written by Dr. Thant Zin · အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


27/07/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သလဲသီးဖျော်ရည်မှ ရရှိနိုင်သော ကျန်းမာရေးအကျိုး ၁၁ မျိုး

    သလဲပင်ကို လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက မြေထဲပင်လယ်ဒေသမှာ စတင်စိုက်ပျိုးခဲ့ကြပါတယ်။ သလဲသီးကိုလည်း ဆေးဖက်ဝင်ပစ္စည်းအနေနဲ့ သုံးစွဲခဲ့ကြပါတယ်။ သလဲသီးကို အင်္ဂလိပ်လို Pomegranate လို့ခေါ်ပါတယ်။ ယခုဆက်လက်ဖော်ပြမှာကတော့ သလဲသီးဖျော်ရည်ကနေ ရရှိနိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေ ဖြစ်ပါတယ်။

    ၁။ အဆစ်ရောင်ခြင်းကို သက်သာစေခြင်း

    သလဲသီးဖျော်ရည်မှာပါဝင်တဲ့ flavonol ဟာ ရောင်ရမ်းခြင်းတွေကို တားဆီးပေးနိုင်တာကြောင့် အရိုးအဆစ်ရောင်ခြင်းနဲ့ အရိုးနုများထိခိုက်ပျက်စီးခြင်းကို လျော့နည်းစေပါတယ်။ ယခုဆက်လက်ပြုလုပ်နေဆဲ သုတေသနတွေအရ အရိုးပွခြင်း၊ လေးဖက်နာအဆစ်ရောင်ခြင်း၊ အခြား အဆစ်အမြစ်ရောင်ခြင်း အမျိုးအစားများကို သက်သာစေနိုင်မယ့် အာနိသင်တွေရှိနိုင်ကြောင်း ဖော်ပြထားပါတယ်။

    ၂။ နှလုံးရောဂါဖြစ်နိုင်ခြေလျော့နည်းစေခြင်း

    သလဲသီးဖျော်ရည်ဟာ နှလုံးအတွက် အကျိုးအပြုဆုံး အသီးဖျော်ရည်ဖြစ်ပါတယ်။ သွေးကြောတွေထဲမှာ သွေးလည်ပတ်စီးဆင်းမှုကို ချောမွေ့စေပြီး သွေးကြောများ မာကြောခြင်း၊ ထူထဲခြင်း မဖြစ်ရအောင် ကာကွယ်ပေးနိုင်ပါတယ်။ သွေးကြောထဲမှာ ကိုလက်စထရောတွေ မစုဝေးအောင် တားဆီးပေးနိုင်ပါတယ်။

    ၃။ သွေးပေါင်ချိန် ထိန်းနိုင်ခြင်း

    သလဲသီးဖျော်ရည်ကို နေ့စဉ်သောက်သုံးပေးခြင်းအားဖြင့် သွေးတိုးခြင်းကို ကာကွယ်ပေးနိုင်တယ်လို့ ဆိုပါတယ်။

    ၄။ ဗိုင်းရပ်စ် ကာကွယ်ခြင်း

    ဗီတာမင် C ကြွယ်ဝတဲ့ သလဲသီးဖျော်ရည်ဟာ ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးနိုင်တာမို့ ရောဂါဘယတွေ ကင်းဝေးအောင်၊ ရောဂါပိုးကူးစက်မခံရအောင် ကာကွယ်ပေးနိုင်ပါတယ်။ အထူးသဖြင့် အအေးမိတုပ်ကွေးပြဿနာတွေကို ကာကွယ်ပေးနိုင်ပါတယ်။

    ၅။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ပါဝင်ခြင်း

    သလဲသီးအစေ့ အရောင်နီရဲနေခြင်းဟာ ပေါ်လီဖီနောဆိုတဲ့ ဓာတ်ပစ္စည်းကြောင့် ဖြစ်ပါတယ်။ အဆိုပါဓာတ်ပစ္စည်းဟာ အာနိသင်ကောင်းတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းပဲ ဖြစ်ပါတယ်။ သလဲသီးဖျော်ရည်ဟာ အခြားအသီးဖျော်ရည်များထက် ဓာတ်တိုးဆန့်ကျင်ပစ္စည်းပါဝင်မှု အတော်များပါတယ်။ ဝိုင်နီနဲ့ green tea ထက် ဓာတ်တိုးဆန့်ကျင်ပစ္စည်း သုံးဆပိုမိုပါဝင်ပါတယ်။ သလဲသီးမှာ ပါဝင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများဟာ ဖရီးရယ်ဒီကယ်များကြောင့် ကိုယ်ခန္ဓာရဲ့ဆဲလ်တွေ ထိခိုက်ပျက်စီးခြင်းမဖြစ်အောင် ကာကွယ်ပေးပါတယ်။

    ၆။ ဗီတာမင် C ကြွယ်ဝခြင်း

    သလဲသီးတစ်လုံးကို ဖျော်လိုက်တဲ့ ဖျော်ရည်မှာ ပါဝင်တဲ့ ဗီတာမင် C ဟာ တစ်နေ့တာလိုအပ်ချက်ရဲ့ ၄၀ ရာခိုင်နှုန်းထိ ပါဝင်ပါတယ်။ ဗီတာမင် C ဟာ ဖျော်ရည်ကို ပိုးသန့်စင်လိုက်ရင် ပျက်စီးသွားတတ်ပါတယ်။ ဒါကြောင့် ဖျော်ရည်ဗူးတွေထက်စာရင် အိမ်ဖျော်သလဲသီးဖျော်ရည်တစ်ခွက်မှာ အာဟာရဓာတ် ပိုမိုပါဝင်ပါတယ်။

    ၇။ ကင်ဆာ ကာကွယ်ခြင်း

    မကြာသေးမီက ပြုလုပ်ခဲ့တဲ့ သုတေသနတစ်ခုမှာ သလဲသီးဖျော်ရည်ဟာ ဆီးကျိတ်ကင်ဆာရောဂါသည်တွေမှာ ကင်ဆာဆဲလ်များပြန့်ပွားနှုန်းကို လျော့ကျစေတယ်လို့ ဆိုထားပါတယ်။

    ၈။ မှတ်ဉာဏ်ပိုင်းဆိုင်ရာ အကျိုးပြုခြင်း

    သလဲသီးဖျော်ရည်မှာပါဝင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများဟာ အယ်လ်ဇိုင်းမားရောဂါ ဖြစ်ပွားခြင်းကို သက်သာစေပြီး မှတ်ဉာဏ်ချို့ယွင်းခြင်းမဖြစ်အောင်လည်း ကာကွယ်ပေးတယ်လို့ သိရပါတယ်။ မကြာသေးမီက သုတေသနတွေ့ရှိချက်တခုအရ သလဲသီးဖျော်ရည် ၈ အောင်စကို နေ့စဉ်သောက်ပေးရင် သင်ယူမှုစွမ်းရည်နဲ့ မှတ်ဉာဏ်ပိုင်းဆိုင်ရာမှာ တိုးတက်လာစေတယ်လို့ သိရပါတယ်။

    ၉။ အစာအိမ်အူလမ်းကြောင်း ကောင်းမွန်စေခြင်း

    သလဲသီးဖျော်ရည်ဟာ အူလမ်းကြောင်းအတွင်းက ရောင်ရမ်းမှုတွေကို ကျဆင်းစေပြီး အစာခြေစနစ်ကို တိုးတက်ကောင်းမွန်စေပါတယ်။ ခရွမ်းရောဂါ၊ အူအနာဖြစ်ရောင်ရမ်းခြင်းနဲ့ တခြားအူလမ်းကြောင်းရောဂါတွေကို သက်သာစေပါတယ်။

    ၁၀။ လိင်မှုဆိုင်ရာ အထောက်အကူပြုခြင်း

    သလဲသီးဖျော်ရည်မှာပါဝင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများဟာ ဓာတ်တိုးဖိစီးခြင်းကြောင့်ဖြစ်တဲ့ အမျိုးသားများ သုက်ပိုးမကောင်းခြင်းနဲ့ အမျိုးသမီးများ ကလေးမရနိုင်ခြင်းတို့ကို လျော့နည်းစေပါတယ်။ ဒါ့အပြင် သလဲသီးဖျော်ရည်ဟာ တက်စတိုစထရုန်းဟော်မုန်းကို မြှင့်တင်ပေးပြီး လိင်စိတ်ဆန္ဒကို လှုံ့ဆော်ပေးနိုင်ပါတယ်။

    ၁၁။ အားကစားပိုင်းဆိုင်ရာ အကျိုးပြုခြင်း

    သလဲသီးဖျော်ရည်ဟာ အားကစားသမားတွေရဲ့ လှုပ်ရှားမှုကို ပိုမိုတိုးတက်ကောင်းမွန်စေပါတယ်။ ကုန်ဆုံးသွားတဲ့ အင်အားတွေကို ပြန်လည်ဖြည့်တင်းဖို့ အထောက်အကူပြုပါတယ်။ လေ့ကျင့်ခန်း ပြင်းထန်ချိန်မှာ ဖြစ်တတ်တဲ့ ဓာတ်တိုးဖိစီးခြင်းကိုလည်း လျှော့ချပေးပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    Written by

    Dr. Thant Zin

    အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


    27/07/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement