backup og meta

ဝိတ်ကျဖို့ အစားလျှော့စားရမယ်ဆိုတာ ဂျင်းသက်သက်ပါ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 05/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဝိတ်ကျဖို့ အစားလျှော့စားရမယ်ဆိုတာ ဂျင်းသက်သက်ပါ

    မိန်းကလေးတွေ ဝိတ်ကျချင်လိုက်တာ၊ ပိန်သွယ်သွယ်လေး ဖြစ်နေမှ လှမှာဆိုပြီး အမြဲ ညည်းနေတတ်ကြတယ်။ အဲ့လို ဝိတ်ကျဖို့ဆိုပြီး ညစာတွေ ရှောင်ရတာနဲ့၊ မနက်စာတွေ ရှောင်ရတာနဲ့ စားရတဲ့သူ တင်မကဘဲ ဘေးနားက လူတွေပါ ကြည့်ရတာ ဝဋ်ဒုက္ခ ကြီးလှပါတယ်။ တကယ်ကတော့ ဝိတ်ကျဖို့ အစားလျှော့စားရမယ်ဆိုတာ ဂျင်းသက်သက်ပါ ….. ဘာကြောင့် ဒီလို ပြောရတာလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။

    ဝိတ်ကျဖို့ အစားလျှော့စားရမယ်ဆိုတာ ဂျင်းသက်သက်ပါ

    ဝိတ်ကျဖို့ အစားလျှော့စားရမယ်ဆိုတာ ဂျင်းသက်သက်ပါ လို့ ပြောရတာ ဒါတွေကြောင့်ပါ။ အဲ့လို အစားရှောင်လိုက်တော့ ဘာထူးသွားလဲဆိုရင် ခန္ဓာကိုယ်က အာဟာရ ပြတ်လပ်သွားတာပါပဲ။ အာဟာရ ပြတ်လပ်သွားတဲ့အခါ ကိုယ်အလေးချိန် ကျသွားတယ်။ ဒါက ကျန်းမာရေးအတွက် လုံးဝမကောင်းတဲ့ ကိုယ်အလေးချိန် ကျခြင်း ပုံစံပါ။ လူတစ်ယောက်က တစ်နေ့တာအတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေ အလုံအလောက် မရဘူးဆိုရင် ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ ကလီစာတွေ လုပ်ဆောင်အား ကျဆင်းလာမယ်၊ ထိခိုက်ပျက်စီးလာမယ်၊ ကိုယ်ခံအားစနစ် အားနည်းပြီး ရောဂါတွေ ဖြစ်လွယ်သလို ကိုယ်ထဲ ဝင်လာမယ့် ရောဂါပိုးတွေကိုလည်း ကောင်းကောင်း တိုက်ထုတ်နိုင်တော့မှာ မဟုတ်ပါဘူး။

    နောက်ထပ် သတိထားသင့်တဲ့ တစ်ချက်ကတော့ အစားရှောင်ပြီး ဝိတ်ချခြင်းရဲ့ ငရဲသံသရာပါ။ အဲ့ဒါက စားချင်တဲ့ အစားအစာတွေ မြင်လည်း စိတ်ဆင်းရဲပြီး မစားနိုင်ဘဲ အငတ်ခံရတယ် (စိတ်ဆင်းရဲမှု ငရဲ အမှတ် ၁) ။ မထိန်းနိုင်တော့လို့ ကိုယ်ကြိုက်တဲ့ အစားအစာတွေ ပြန်စားလိုက်တဲ့အခါ ပုံမှန်စားနေကျ ပမာဏထက် တရားလွန်ဖြစ်သွားပြီး နဂိုများနေတဲ့ ကိုယ်အလေးချိန်ထက် ပိုတိုးလာတယ် (စိတ်ဆင်းရဲမှု ငရဲ အမှတ် ၂) ။ ဒါကို တခြားသူတွေက မြင်ပြီး နင် ဝလာလိုက်တာ လို့ ပြောတဲ့ အခါ ရလာတဲ့ ပူလောင်ခြင်းက စိတ်ဆင်းရဲမှု ငရဲ အမှတ် ၃။ တစ်ခါ ဆုံးဖြတ်ချက်တွေ ချပြီး အစားရှောင်၊ ပြင်းထန်တဲ့ diet plan တွေ ချပြီး ပြန်လုပ်တဲ့အခါ ဒီငရဲ သံသရာက တစ်ပတ် ပြန်လည်တော့တာပါပဲ။

    ဒါဆို အစားရှောင်ဖို့ မလိုတော့ဘူးလား။

    ဒီနေရာမှာ တော်တော်များများ မှားယွင်းတာက စားနေတဲ့ အစားအစာကို မပြင်ဆင်ဘဲ စားတဲ့ ပမာဏကို လျှော့ချလိုက်တာပါပဲ။ ဘယ်လောက်ပဲ အစားလျှော့စားနေပါစေ၊ ကိုယ်အလေးချိန် တက်စေမယ့် အစားအစာတွေကို ပမာဏ နည်းနည်းပဲ စားခြင်းဟာလည်း ဝိတ်ကျခြင်းကို အထောက်အကူ မဖြစ်စေပါဘူး။ ဒီတော့ ကိုယ်အလေးချိန် ကျဖို့အတွက် မနက်စာလည်း ရှောင်စရာ မလိုသလို ညစာလည်း ရှောင်စရာ မလိုပါဘူး။

    ဘာကို အဓိက ပြင်ဆင်ရမလဲဆိုတော့ ကိုယ့်ရဲ့ တစ်နေ့တာ စားသောက်မှုပုံစံကိုပါ။ အလွယ်ကူဆုံး၊ အရိုးရှင်းဆုံးနဲ့ ဝိတ်ကျချင်တဲ့ လေဒီလေးတွေ ဒီနည်းလမ်းတွေကို လိုက်နာကြည့်ဖို့ အကြံပေးလိုက်ချင်ပါတယ်။

    ၁။ ပရိုတင်းပါတဲ့ အစားအစာတွေ များများစားပေးပါ။ ပရိုတင်းဓာတ်ဟာ ခန္ဓာကိုယ်ရဲ့ ကြွက်သားထုကို တည်ဆောက်ပေးသလို ကိုယ်ခံအားကို ကောင်းစေတယ်။ အမောခံနိုင်ပြီး သက်လုံကောင်းစေတယ်။ အဆီကို လောင်ကျွမ်းစေတဲ့ နေရာမှာလည်း ကူညီပေးလို့ ဝိတ်ကျချင်တဲ့ သူတိုင်းအတွက် အဆင်ပြေစေပါတယ်။ အဓိက ပရိုတင်းဓာတ် များတဲ့ အစားအစာတွေကတော့ အသား၊ နွားနို့၊ ကြက်ဥ၊ ပဲအမျိုးမျိုး ဖြစ်ပါတယ်။

    ၂။ ဟင်းသီးဟင်းရွက်တွေကိုလည်း စားပေးဖို့ မမေ့ပါနဲ့။ ဟင်းသီးဟင်းရွက်တွေမှာ ကိုယ်ခန္ဓာအတွက် မရှိမဖြစ် ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပါဝင်သလို ဒီအာဟာရဓာတ်တွေဟာ ကျွန်တော်တို့ ခန္ဓာကိုယ်ရဲ့ ပရိုတင်း စုပ်ယူမှုကိုလည်း အားကောင်းစေပါတယ်။ ဟင်းသီးဟင်းရွက်အပြင် အစေ့အဆန်၊ အသီးအနှံ၊ အခွံမာသီး၊ ငါး၊ ပင်လယ်စာတွေကိုလည်း စားပေးနိုင်ပါတယ်။

    ၃။ အဆီနဲ့ ပတ်သက်ပြီး အကုန်လုံးကို ရှောင်ဖို့ မလိုအပ်ပါဘူး။ ကိုယ်အလေးချိန်ကျဖို့ အဆီဓာတ်လိုလို့လားဆိုရင် အနည်းငယ်တော့ လိုအပ်တယ်လို့ ဆိုရမှာပါ။ အဆီဓာတ်လို့ ဆိုရာမှာ ခန္ဓာကိုယ်အတွက် အကျိုးထူးဖြစ်စေတဲ့ ကျန်းမာစေတဲ့ ဆီသန့်တွေကို တတ်နိုင်သလောက် စားပေး၊ ထည့်သွင်းချက်ပြုတ်ပေးရမှာပါ။ ဥပမာ – သံလွင်ဆီ၊ ထောပတ်သီးက ရတဲ့ အဆီအနှစ်၊ ငါးကြီးဆီ၊ အဆီများတဲ့ ငါးတွေကို စားပေးသင့်ပါတယ်။

    ၄။ သကြားဓာတ်များပြီး အချိုလွန်ကဲတဲ့ အအေး၊ မုန့်တွေ၊ မသန့်တဲ့ ဆီတွေနဲ့ ကြော်ချက်ထားတဲ့ အကြော်အလှော်၊ ဟင်းလျာတွေ၊ အသင့်စား ခေါက်ဆွဲခြောက်တွေ၊ လမ်းဘေးစာ၊ ယမ်းစိမ်းပါဝင်တဲ့ ကိုရီးယားကင်တွေ၊ ဝက်အူချောင်းတွေကို လုံးဝ ရှောင်ပေးပါ။

    ၅။ ကစီဓာတ်ဟာ ကျန်းမာရေးအတွက် ကောင်းတာမှန်ပေမယ့် လူရဲ့ ကိုယ်အလေးချိန်ကို အရမ်းတက်စေတာကြောင့် လုံးဝမရှောင်နိုင်ရင်တောင် လျှော့စားဖို့ လိုအပ်ပါတယ်။ ကန်စွန်းဥ၊ အာလူး၊ ဆန်လုံးဖြူ စတာတွေမှာ ကစီဓာတ် ပါဝင်မှုလွန်ကဲတဲ့အတွက် လျှော့စားပေးပါ။

    ၆။ လေ့ကျင့်ခန်း လုပ်ဖို့ မပျင်းပါနဲ့။ အစားအစာကိုလည်း သေချာရွေးချယ်စားသောက်ပြီး ခန္ဓာကိုယ်မှာ ရှိနေတဲ့ အဆီပိုတွေကို လျင်မြန်စွာ လောင်ကျွမ်းစေဖို့ အကောင်းဆုံး နည်းလမ်းကတော့ ချွေးထွက်လောက်တဲ့အထိ လေ့ကျင့်ခန်း အပြင်းအထန်လုပ်တာပါပဲ။ Gym မှာ နည်းပြဆရာနဲ့ စနစ်တကျ ဆော့ကစားနိုင်သလို လမ်းမြန်မြန်လျှောက်တာ၊ ရေကူးတာ၊ ပြေးတာ၊ စက်ဘီးစီးတာ၊ တောင်တက်တာ၊ ယောဂကျင့်တာတွေကိုလည်း လုပ်ပေးနိုင်ပါတယ်။

    ဒီဆောင်းပါးကို ဖတ်ကြည့်ပြီး မိန်းကလေးတွေကြားမှာ ဒွိဟဖြစ်နေတဲ့ ကိုယ်အလေးချိန်ကျဖို့ အစားလျှော့စားရမလားဆိုတဲ့ သံသယတွေ ပြေလည်သွားလိမ့်လို့ မျှော်လင့်မိပါတယ်။

    Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 05/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement