backup og meta

ခရီးသွားရင်းလမ်းမှာစားဖို့ လွယ်ကူရိုးရှင်းတဲ့ မုန့်ဘူး​လေးပြင်ဆင်ကြမယ်


Ye Myo Myat မှ ရေးသားသည်။ · 14/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ခရီးသွားရင်းလမ်းမှာစားဖို့ လွယ်ကူရိုးရှင်းတဲ့ မုန့်ဘူး​လေးပြင်ဆင်ကြမယ်

    ဒီဆောင်းပါးလေးက ခရီးသွားရတာ ကြိုက်တဲ့သူတွေအတွက် အဆင်ပြေမယ်လို့ မျှော်လင့်မိပါတယ်။ ပြည်ပမဟုတ်တဲ့ ပြည်တွင်းခရီးစဉ်တွေဆိုရင် ကိုယ်ပိုင်ကားနဲ့ သွားရင်သွား၊ မဟုတ်ရင်လည်း Express ကားတွေ၊ အဝေးပြေးကားတွေနဲ့ပဲ သွားရတာမလား။ ခရီးသိပ်မဝေးရင်တော့ အကြောင်းမဟုတ်ပေမဲ့ အချိန်အတော်ကြာ ကားစီးရမယ့် ခရီးစဉ်တွေဆိုရင် ကားပေါ်မှာ ဗိုက်အရမ်းဆာလာတဲ့ ကိစ္စက ခရီးသွားဖူးသူ တော်တော်များများ ကြုံရတတ်တဲ့ ပြဿနာတစ်ခုပါ။

    ဒါဆိုရင် တော်တော်များများကတော့ မုန့်ဆောင်သွားရင် ရတာပေါ့လို့ ပြန်ပြောပါလိမ့်မယ်။ ဒါပေမယ့် မုန့်သယ်သွားသူတွေရဲ့ ၉၅ ရာခိုင်နှုန်းက ကျန်းမာရေးနဲ့ မညီညွတ်တဲ့ မုန့်တွေပဲ သယ်သွားတတ်ကြပါတယ်။ အထူးသဖြင့် အာလူးကြော်၊ ဆီကြော်မုန့်ထုပ်၊ ကွတ်ကီး၊ သကြားလုံး၊ အအေးဘူး စတာမျိုးတွေပေါ့။ ဒါဆို ဒါမျိုးတွေမစားဘဲ ကျန်းမာရေးနဲ့ ညီညွတ်မယ့် မုန့်ပဲသရေစာဘူးလေး ကိုယ့်အိမ်ကနေ ကိုယ်တိုင်လုပ်သွားရင်ရော ပိုမကောင်းဘူးလား။ အချိန်မကုန်၊ လူလည်းမပင်ပန်း၊ လွယ်ကူရိုးရှင်းမှာလေးတွေပဲ လုပ်သွားနိုင်တယ်ဆိုရင်ရော အဆင်မပြေဘူးလား။

    မုန့်ဘူးထဲ ဘာတွေ ထည့်ကြမလဲ။

    အားလုံးသိချင်နေကြမယ့် အဓိကအချက်တွေကို ခုပြောပြပေးမယ်နော်။ အဓိက ဘာတွေထည့်ပေးကြမလဲဆိုရင်

    ၁။ သစ်သီးဝလံများ

    အသီးအနှံတွေဆိုတာ အိမ်မှာနေရင်း အလွယ်တကူ စားလို့ရတဲ့ မုန့်ပဲသရေစာဖြစ်သလို ခရီးသွားတဲ့အချိန်တွေအတွက်လည်း စားရတာ အဆင်ပြေစေသလို လုပ်ဖို့အတွက်လည်း အချိန်ဘယ်လောက်မှ မပေးရပါဘူး။ သူ့ရဲ့ ကောင်းကျိုးတွေက

  • ဗိုက်ဆာတာကို ထိန်းချုပ်ပေးတဲ့ မုန့်ပဲသရေစာဖြစ်တယ်
  • ပင်ပန်းတာ၊ အပူဒဏ်တွေကို သက်သာစေတယ်
  • ခန္ဓာကိုယ်ထဲက ဆုံးရှုံးသွားတဲ့ ရေဓာတ်ကို ပြန်လည်ဖြည့်ပေးတယ်
  • ပြင်ဆင်ရန် အချိန် ၁၀ မိနစ် ပေးနိုင်ရုံနဲ့ ရတယ်
  • ကျန်းမာရေးနဲ့လည်း ညီညွတ်တယ်
  • ဘယ်လိုပြင်ဆင်ကြမလဲ။

  • သစ်သီးတွေကို ရေသေချာဆေးပြီး ကိုယ့်တစ်ကိုက်စာလောက် ဖြစ်အောင် လှီးစိတ်ထားပါ။ စတော်ဘယ်ရီသီးလို ဘယ်ရီသီးအမျိုးအစားကတော့ စိတ်စရာမလိုပါဘူး။ ရေဆေးရုံနဲ့ ရပါတယ်။
  • သစ်သီးတွေကို ကြိတ်စက်နဲ့ ထည့်ကြိတ်ပြီး သစ်သီးဖျော်ရည်အဖြစ် ဘူးနဲ့ထည့်သယ်သွားလို့ ရပါတယ်။ အအေးဘူးဝယ်သောက်ပြီး ဆီးချိုရမှာထက် ဒါမျိုးလေးတွေ လုပ်တာ ပိုအဆင်ပြေပါတယ်။ သကြား၊ နို့ဆီတို့တော့ ထည့်မကြိတ်ပါနဲ့။
  • ရေဘူးထဲ ရေ ၃ပုံ ၂ပုံ ဖြည့်ပြီး သစ်သီးတွေကို ပါးပါးလှီးပြီးသာ စိမ်ထားလိုက်ပါ။ ၁၂ နာရီနဲ့အထက် ကြာသွားရင် ရေက အချဉ်ဓာတ်တွေ ဝင်လာပြီး Detox Water အနေနဲ့ အလွယ်တကူ လုပ်ပြီးသားဖြစ်ပါတယ်။
  • ၂။ အစေ့အဆန်များ

    အစေ့အဆန်တွေကတော့ မြန်မာလူမျိုးတွေ တော်တော်များများ ခရီးထွက်ရင် သယ်သွားနေကျဖြစ်လို့ သိပ်ပြီးတော့ ပြောစရာလိုမယ်မထင်ပါဘူး။ အစေ့အဆန်တွေမှာ ဗီတာမင် အီး ပါဝင်လို့ အသားအရေအတွက်လည်း အာဟာရဖြစ်စေတယ်။ မျက်စိကောင်းစေတယ်။ ဆံသားကို သန်စွမ်းစေတယ်။ အထုပ်လေးတွေနဲ့ ဘယ်သွားသွား ဆောင်ယူထည့်သွားလို့ ရတော့ အဆင်ပြေပါတယ်။

    သတိထားရမှာက နေကြာစေ့စားပြီးရင်တော့ အမှိုက်မပွစေအောင် အခွံတွေကို အိတ်နဲ့ သေချာထည့်ပြီး အမှိုက်ပုံးထဲပစ်ဖို့ (အမှိုက်ပုံးမတွေ့ရင် အိတ်ထဲသယ်သွားပြီး ကိုယ်လိုရာခရီးစဉ်ရောက်မှ ပစ်ပါ၊ ကားပြတင်းပေါက်ကနေ ပစ်ချတာ၊ ကားပေါ်ထားခဲ့တာတော့ မလုပ်ပါနဲ့)။ နောက်ပြီးလို့ အစေ့အဆန်တွေများများစားပြီးရင် လည်ခြောက်သွားတတ်လို့ ရေသောက်ဖို့လည်း မမေ့ပါနဲ့။

    ၃။ အဆာပြေပေါင်မုန့်ညှပ်

    ပေါင်မုန့်ညှပ် (Sandwich) တွေက လွယ်ကူရိုးရှင်းတဲ့ မနက်စာအတွက်လည်း အဆင်ပြေသလို ခရီးသွားတဲ့အခါမှာလည်း အဆာပြေစားလို့၊ ထုပ်ပိုးသယ်သွားဖို့လွယ်တယ်။ ပြင်ဖို့လည်း အချိန်သိပ်မပေးရပါဘူး။ ပေါင်မုန့်အချပ် ၂ ချပ်ကို ခရမ်းချဉ်သီး၊ ဆလတ်ရွက်၊ သခွားသီးနဲ့ ညှပ်ပြီး အလယ်ကနေ တစောင်း ဓားနဲ့လှီးလိုက်ရင် ၂ယောက်စာ ကောင်းကောင်းစားလို့ရတယ်နော်။ အသားကြိုက်တဲ့သူတွေဆိုရင် အသားလွှာ (Bacon) ၂ပြားကို ဆီနဲ့ ကြော်ပြီး တစ်သျှူးနဲ့ဆီစစ်ပြီး အလယ်မှာ ညှပ်လိုက်ရုံပါပဲ။

    ၄။ ဒိန်ချဉ်ဘူး

    နွားနို့လည်း အစားထိုးလို့ရတယ်ဆိုပေမယ့် ဒိန်ချဉ်ကတော့ ဆောင်ယူသွားရတာ ပိုအဆင်ပြေပါတယ်။ အဓိကအကြောင်းရင်းက ဒိန်ချဉ်မှာ အူလမ်းကြောင်း အကျိုးပြုဘက်တီးရီးယားတွေ ပါလို့ ခရီးသွားရင်း မသန့်တဲ့အစားအစာတွေ စားမိတဲ့အခါ ဗိုက်အောင့်ဗိုက်နာတာကို သက်သာစေတယ်။ လေပွလေထတာ၊ ဝမ်းချုပ်တာကိုလည်း သက်သာစေနိုင်ပါတယ်။

    သကြားမပါတဲ့ ဒိန်ချဉ်ဘူးတွေ ဆောင်သွားနိုင်ရင်တော့ အကောင်းဆုံးပါပဲ။ လုံးဝရှာမရဘူးဆိုရင်လည်း သစ်သီးအရသာ ဒိန်ချဉ်ဘူးတွေကို စတိုးဆိုင်တွေမှာ အလွယ်တကူ ဝယ်သွားလို့ရပါတယ်။

    ကဲ အချိန်လည်းသိပ်မကုန်၊ လူလည်းမပင်ပန်း၊ သယ်ပိုးရတာလည်း လွယ်ကူတဲ့ ဒီနည်းလမ်းတွေနဲ့ ကိုယ့်ရဲ့ ခရီးစဉ်လေး သာယာဖြောင့်ဖြူးနေအောင် စီစဉ်လိုက်ကြစို့နော်။ Covid-19 ကာလကလည်း မပြီးသေးလို့ ဘယ်သွားသွား Mask တပ်သွားဖို့လည်း မမေ့နဲ့ဦးနော်။

    Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Ye Myo Myat မှ ရေးသားသည်။ · 14/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement