brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ဘိုးဘိုးဘွားဘွားတို့အတွက် စကင်းကဲလ်

အသက်အရွယ်ရလာတာနဲ့အမျှ အသားအရေကလည်း အိုမင်းလာပါတယ်။ ကော်လာဂျင် ထုတ်လုပ်နိုင်စွမ်း ကျလာသလို အရေပြား တင်းရင်းမှုလည်း လျော့နည်းလာပါတယ်။ အရေပြားက ပိုပါးလာပြီး ထိခိုက်နိုင်ခြေကလည်း များလာပါတယ်။ ဘိုးဘိုးဘွားဘွားတို့အတွက် စကင်းကဲလ် လိုအပ်လာပါတယ်။

ဘိုးဘိုးဘွားဘွားတို့အတွက် စကင်းကဲလ်

ဘိုးဘိုးဘွားဘွားတွေမှာ အရေပြား ခြောက်တာ၊ ထိခိုက်မိတာကတဆင့် ပိုးဝင်ကူးစက်ပြီး ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ ရှိလာနိုင်ပါတယ်။ ဒီတော့ ချစ်ရတဲ့ ဘိုးဘိုးဘွားဘွားတို့ကို အရေပြား ပြဿနာ ကင်းစေဖို့ ဘယ်အချက်လေးတွေကို သတိထားရမလဲ ဆိုတာကိုရော သိပြီးပြီးလား……

မသိသေးဘူးဆိုရင် ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လို့ ဘိုးဘိုးဘွားဘွားတို့ကို သေချာ ဂရုစိုက်လိုက်ပါ။

ဘိုးဘိုးဘွားဘွားတို့အတွက် စကင်းကဲလ်

စကင်းကဲလ်တာက အသက်အရွယ်တိုင်းနဲ့ သက်ဆိုင်ပါတယ်။ အသက်အရွယ်ရလာတဲ့အခါ လှချင်သည်ဖြစ်စေ၊ မလှချင်သည်ဖြစ်စေ ကျန်းမာတဲ့ အသားအရေကို ပိုင်ဆိုင်ထားဖို့တော့ လိုပါမယ်။ ဒါမှ ကျန်းမာမှာပါ။ ဒီတော့ အရွယ်ရတဲ့အထိ အသားအရေ ကျန်းမာနေစေဖို့ဆိုရင် ဘိုးဘိုးဘွားဘွားတို့အတွက် စကင်းကဲလ် လေးတွေကို အခုလို လုပ်ဆောင်ပေးဖို့ လိုပါမယ်။

(၁) ညင်ညင်သာသာ သန့်စင်ပါ

အသက်အရွယ်ရလာတဲ့အခါ အရေပြားက ကြံ့ခိုင်မှု နည်းလာတာကြောင့် ရေနွေးထက် ရေကြက်သီးနွေးလောက်ကိုပဲ အသုံးပြုပြီး သန့်စင်ပေးပါ။ ရေချိုး သန့်စင်တဲ့ အခါမှာလည်း ဆပ်ပြာ အပြင်းစားတွေ မသုံးပါနဲ့။ အယ်လ်ကိုဟောပါတဲ့ ဆပ်ပြာတွေ မသုံးပါနဲ့။

သဘာဝ ပစ္စည်းတွေကို အခြေခံပြီး ထုတ်ထားတာမျိုးကို ရွေးချယ်ပါ။ အရေပြားကို အတင်းတွန်းတိုက်တာမျိုး မလုပ်ပါနဲ့။

(၂) အစိုဓာတ် ထိန်းပါ

အသက်ကြီးလာတဲ့အခါ အရေပြားက ခြောက်သွေ့မှု များလာပါမယ်။ အသားခြောက်တာက ယားယံတာနဲ့ အနာဖြစ်တာ အပါအဝင် အရေပြား ပြဿနာ အမျိုးမျိုးကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အရေပြားကို ခြောက်သွေ့မှု ကင်းစေဖို့ အစိုဓာတ်ထိန်းခရင်မ် လိမ်းပေးပါ။

(၃) နေရောင်ခြည်ခံပါ

နေရောင်ကနေ ဗီတာမင် D ရရှိသလို စိတ်ကျန်းမာရေးအတွက်လည်း အကောင်းဆုံး အထောက်အပံ့ဖြစ်ပါတယ်။ ဗီတာမင်အပြည့်အဝရနိုင်တဲ့အချိန်ကတော့ မွန်းတည့်ချိန်ပါ။ တစ်ပတ်ကို ၁၅မိနစ်ကနေ နာရီဝက်လောက် နေရောင်ခြည်နဲ့ ထိတွေ့ဖို့ လိုပါတယ်။

ကျန်တဲ့အချိန်တွေမှာတော့ နေရောင်ဒဏ်ကြောင့် အသားအရေ ထိခိုက်မှု ကင်းစေဖို့ နေလောင်ကာခရင်မ် လိမ်းဖို့ မမေ့ပါနဲ့။ SPF 15 နဲ့ အထက် နေလောင်ကာခရင်မ်ကို ရွေးသုံးပေးပါ။

(၄) အရောင်ဖျော့ဖျော့ ပွပွချောင်ချောင်လေးတွေ ဝတ်ဆင်ပါ

အဝတ်အစား ဝတ်တဲ့အခါ အရောင်ဖျော့ဖျော့ ပွပွချောင်ချောင် လက်ရှည် ဘောင်းဘီရှည်တွေကို ရွေးချယ် ဝတ်ဆင်ပါ။ ချွေးစုပ်တဲ့ ချည်သားကို ရွေးချယ်ပေးပါ။ ချွေးစုပ်တာမျိုးက ချွေးကြောင့် ဘက်တီးရီးယားတွေ ပေါက်ဖွားပြီး အရေပြား ပြဿနာ မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ အပြင်သွားတဲ့အခါ နေကာမျက်မှန် တပ်သွားပေးပါ။

(၅) ဆေးလိပ် မသောက်ပါနဲ့

ဆေးလိပ်သောက်တာ နဲ့ ဆေးလိပ်ငွေ့တွေက အသားအရေကို ထိခိုက်စေနိုင်ပါတယ်။ သွေးကြောတွေကို သွေးစီးဆင်းရောက်မှု နည်းစေပြီး အရေပြားကို လုံလောက်တဲ့ အာဟာရနဲ့ အောက်ဆီဂျင် ရရှိစေမှုကို အဟန့်အတား ဖြစ်စေပါတယ်။

ကော်လာဂျင် ထွက်ရှိမှုနဲ့ အရေပြား တင်းရင်းမှုကိုလည်း ထိခိုက်စေနိုင်တာကြောင့် ဆေးလိပ် မသောက်ပါနဲ့။

(၆) အာဟာရ ပြည့်ဝအောင် စားပါ

အသားအရေ ကျန်းမာစေဖို့ဆိုရင် နေ့စဉ်မှာ အာဟာရ ပြည့်ဝအောင်စားပါ။ အသား၊ ငါး၊ အသီးအရွက်တွေကို သင့်တင့်မျှတအောင် စားသုံးပေးပါ။

(၇) ရေသောက်ပါ

အသားအရေ ကျန်းမာစေဖို့က ရေဓာတ် လုံလောက်ဖို့လည်း လိုပါမယ်။ အသက်ကြီးလာတဲ့အခါ ရေသောက်နည်းလာတာကလည်း အသားအရေကို ထိခိုက်စေတဲ့ အကြောင်းအရင်းထဲက တစ်ခုပါ။ ဒါကြောင့် တစ်နေ့ကို အနည်းဆုံး ရေ ၈ ခွက်တော့ သောက်ပေးပါ။

(၈) အစိုဓာတ် ထိန်းပါ

နေအိမ်ထဲ ဒါမှမဟုတ် အိပ်ခန်းထဲမှာ အစိုဓာတ်ထိန်းစက် ဖွင့်ပေးထားတာကလည်း ထိရောက်တဲ့ အသားအရေ ထိန်းသိမ်းနည်းပါ။ ဒါကြောင့် အသားအရေကို ခြောက်သွေ့မှု နဲ့ အရေပြားပြဿနာ ကင်းချင်ရင်တော့ အစိုဓာတ်ထိန်းပေးဖို့ မဖြစ်မနေ လိုအပ်ပါမယ်။

ဘိုးဘိုးဘွားဘွားတို့ကို သေချာလေး စကင်းကဲလ် ပေးလိုက်နော်။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 13/11/2023 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။