backup og meta

အမွှေးတိုင် တွေက သင့်ကျန်းမာရေးကို ထိခိုက်နိုင်သလား။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 26/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အမွှေးတိုင် တွေက သင့်ကျန်းမာရေးကို ထိခိုက်နိုင်သလား။

    ဘာသာရေးအရပဲ ဖြစ်ဖြစ်၊ ပွဲလမ်းသဘင်တွေမှာပဲ ဖြစ်ဖြစ် အမွှေးတိုင် ကို ထွန်းခဲ့ကြတာ နှစ်ပေါင်းများစွာကြာခဲ့ပါပြီ။ အရင်ခေတ်တွေကတော့ သဘာဝပစ္စည်းတွေကို မီးရှို့ပြီး ထွက်လာတဲ့အမွှေးနံ့နဲ့ ပူဇော်ကြတာပါ။ နံ့သာ၊ နှင်းဆီ၊ သစ်ကတိုး စသဖြင့် အနံ့အမျိုးမျိုး သုံးခဲ့ကြပါတယ်။ အမွှေးတိုင်အပြင် အမှုန့်၊ အဆီခဲ စသဖြင့် ပုံစံမျိုးစုံ ရှိပါတယ်။ ခုခေတ်မှာတော့ ဓာတုပစ္စည်းတွေက အနည်းနဲ့ အများ ပါဝင်လာကြပါပြီ။ ဒါ့ပြင် ဘုရားကျောင်း၊ ဘုံကျောင်းတွေမှာအပြင် အိမ်တွင်းမျာလည်း သုံးလာကြတဲ့အတွက် ဒါတွေက အိမ်တွင်းလေထုညစ်ညမ်းမှု (indoor air pollution) မဖြစ်နိုင်ဘူးလား။ လူတွေရဲ့ ကျန်းမာရေးကို မထိခိုက်နိုင်ဘူးလားဆိုပြီး မေးခွန်းထုတ်လာကြပါပြီ။

    အမွှေးတိုင် တွေနဲ့ ကျန်းမာရေး

    သုတေသနရလဒ်တွေက သိပ်တော့ ခိုင်လုံမှုမရှိသေးပေမယ့် အနည်းအများတော့ ကျန်းမာရေး ထိခိုက်နိုင်တယ်လို့ ပြောထားပါတယ်။ ဒါပေမယ့် ဘယ်လောက်များများ ထွန်းမှာလဲ။ ကိုယ်က ဘယ်လောက်ရှူမိမှာလဲ။ လေဝင်လေထွက် ကောင်းတဲ့နေရာမှာလား။ အိမ်ထဲမှာ အလုံပိတ်ပြီးတော့လား စတဲ့အချက်တွေကို ထည့်ပြီး စဉ်းစားဖို့ လိုမှာပါ။ ဘာပဲဖြစ်ဖြစ် တစ်ခုခုကို မီးရှို့လိုက်လို့ ထွက်လာတဲ့ အမှုန်အမွှားတွေ၊ ဓာတုပစ္စည်းတွေက အသက်ရှူလမ်းကြောင်းကို အနည်းနဲ့ အများတော့ ထိခိုက်နိုင်တာတော့ အမှန်ပါပဲ။ သုတေသနတွေအရ ဘာတွေ ထိခိုက်နိုင်လဲဆိုတာ ဆက်ကြည့်ရအောင်။

    ဘာတွေ ထိခိုက်လာမှာလဲ။

    ကင်ဆာ

    အမွှေးတိုင်မှာ သဘာဝဟုတ်တာရော၊ မဟုတ်တာရော အနံ့ထွက်တဲ့ အမှုန်လေးတွေ အများကြီး ပါပါတယ်။ ၂၀၀၉ခုနစ်က သုတေသန တစ်ခုမှာတော့ ဒီအမှုန်တွေက တချို့က ကင်ဆာဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။ ဒီသုတေသနကပဲ အမွှေးတိုင်တွေ အများကြီးသုံးတာက ကင်ဆာဖြစ်နိုင်ချေကို ပိုမြင့်စေတယ်လို့ ဆိုခဲ့ပါတယ်။ အထူးသဖြင့်တော့ အသက်ရှူလမ်းကြောင်းကင်ဆာနဲ့ အဆုတ်ကင်ဆာတွေပါ။

    နောက်ထပ်သုတေသန တစ်ခုကတော့ အမွှေးတိုင်က အနံ့တွေက ဆေးလိပ်ထက်ပိုပြီး အန္တရာယ်များတယ်လို့ပြောပါတယ်။ ဒါပေမယ့် ဒါက လူမှာ စမ်းသပ်ထားတာ မဟုတ်ပါဘူး။ နောက်ပြီး ဒါက အလွန်အကျူး ပြောထားတာ ဖြစ်တယ်လို့ တချို့ ပညာရှင်တွေက ဆိုပါတယ်။

    အမွှေးတိုင်မှာ အမွှေးနံ့ထွက်စေတဲ့ ဒြပ်ပေါင်းတွေ အပြင် တခြားကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ ဒြပ်ပေါင်းတွေလည်း ပါဝင်ပါတယ်။ ဒါတွေကတော့

    • polyaromatic hydrocarbons
    • benzene
    • carbonyls စတာတွေပဲ ဖြစ်ပါတယ်။

    ပန်းနာရင်ကျပ်

    အမွှေးတိုင်မှာ ကင်ဆာဖြစ်စေတဲ့ ပစ္စည်းတွေအပြင် ဓာတ်မတည့်စေတဲ့ ပစ္စည်းတွေလည်း ပါဝင်တဲ့အတွက် အသက်ရှူလမ်းကြောင်းပြဿနာတွေ အထူးသဖြင့် ပန်းနာရင်ကျပ်ကို ဖြစ်စေပါတယ်။ ပန်းနာရင်ကျပ်ရှိတဲ့ ကလေး ၃၀၀၀ကို ပန်းနာရင်ကျပ်ထတာနဲ့ အမွှေးတိုင်အငွေ့ရှူတာ ဆက်စပ်သလားဆိုပြီး လေ့လာကြည့်တဲ့အခါ အမွှေးတိုင်ငွေ့ရှူမိတဲ့ကလေးတွေက ပန်းနာရင်ကျပ်ပိုဆိုးတာ ဒါမှမဟုတ် ပန်းနာရင်ကျပ်လိုမျိုး အသက်ရှူရင် တရွှီရွှီမြည်တာ ဖြစ်လာပါတယ်။ ပြီးတော့ အမွှေးတိုင်သုံးတာများရင် ပန်းနာရင်ကျပ်ဆေးတွေ ပိုသုံးလာရတယ်ဆိုတာကိုလည်း တွေ့ရှိခဲ့ပါတယ်။

    ဆဲလ်များ ရောင်ရမ်းခြင်း

    လေ့လာချက်တွေအရ အမွှေးတိုင်က ထွက်တဲ့အငွေ့တွေက ခန္ဓာကိုယ်ကဆဲလ်တွေ နာတာရှည်ရောင်ရမ်းတာကို ဖြစ်စေပါတယ်တဲ့။ အဆုတ်တွေမှာသာမက အသည်းဆဲလ်တွေမှာပါ ရောင်ရမ်းတာကို တွေ့ခဲ့ရပါတယ်။ ဒါဟာ တိရိစ္ဆာန်တွေမှာပဲ စမ်းသပ်ထားတာဖြစ်ပြီး ဖြစ်နိုင်တာက အမွှေးတိုင်မှာပါတဲ့ အမှုန်အမွှားတွေကို ချေဖျက်လိုက်လို့ ထွက်လာတဲ့ ဓာတ်တိုးပစ္စည်းတွေကြောင့်လို့ ဆိုပါတယ်။

    ဇီဝရုပ်ဖြစ်ပျက်မှု

    အမွှေးတိုင်မှာပါတဲ့ ဓာတ်ပစ္စည်းတွေက ဇီဝရုပ်ဖြစ်ပျက်မှုကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ကြွက်တွေ့မှာ လေ့လာထားတဲ့ အဖြေတွေအရ ဒီဓာတ်ပစ္စည်းတွေက အလိုလိုနေရင်း ပိန်ကျသွားတာနဲ့ ကောင်းတဲ့ ကိုလက်စထရောတွေကို နည်းသွားစေပါတယ်တဲ့။ လူတွေမှာရော အလားတူ ရလဒ်ပေးသလားဆိုတာကိုတော့ဆက်လေ့လာဖို့လိုပါမယ်။

    နှလုံးရောဂါ

    ပန်းနာရင်ကျပ်နဲ့ ကင်ဆာလိုပဲ နှလုံးရောဂါဖြစ်နိုင်ချေကိုလည်း မြင့်စေပါတယ်တဲ့။ စင်ကာပူက လူ၆သောင်းကို လေ့လာကြည့်တဲ့အခါ အိမ်တွင်းအမွှေးတိုင်ထွန်းတာက ရေရှည်မှာ နှလုံးရောဂါကြောင့် သေဆုံးတာကို ဖြစ်စေပါတယ်တဲ့။ ဒါဟာ အမွှေးတိုင်ကြောင့် ဇီဝရုပ်ဖြစ်ပျက်မှုထိခိုက်သွားလို့ ဖြစ်နိုင်တယ်လို့ ပညာရှင်တွေက ဆိုကြပါတယ်။

    ဘယ်လိုကာကွယ်ကြမလဲ။

    လေ့လာချက်တွေ ထပ်လုပ်ဖို့ လိုသေးပေမယ့် ဒီအငွေ့တွေကို ရှောင်လိုက်လို့ ကိုယ်အတွက် ထိခိုက်နစ်နာသွားတာ မရှိပါဘူး။ မရှောင်နိုင်ခင်စပ်ကြားမှာတော့ အိမ်တွင်းမှာ အမွှေးတိုင်ထွန်းမယ်ဆိုရင်

    • မီးရှို့ရတဲ့ အမွှေးတိုင်တွေအစား အငွေ့ပျံ့တဲ့ အဆီခဲတွေ သုံးတာ
    • အနံ့ထွက်စေတဲ့ အဆီ၊ အမွှေးအိတ်တွေ သုံးတာ
    • အငွေ့မထွက်တဲ့ အမွှေးဖယောင်းခဲတွေ သုံးတာ စတာတွေ သုံးလို့ရပါတယ်။

    နောက်ပြီး အငွေ့မရှူမိအောင် အမွှေးတိုင်ကို လျှော့သုံးတာ၊ အမွှေးတိုင်ထွန်းနေတဲ့အချိန်နဲ့ ထွန်းပြီးတဲ့အချိန်မှာ လေဝင်လေထွက်ကောင်းအောင်လုပ်တာကလည်း အငွေ့တွေ ရှူမိတာ နည်းသွားမှာပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 26/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement