အနာဖြစ်ရင်သေသေချာချာဂရုစိုက်ဖို့လိုပါတယ်။ အရမ်းမပြင်းထန်ရင်ဆေးလိမ်းတာလောက်နဲ့ သက်သာပျောက်ကင်းနိုင်ပေမယ့် ဒဏ်ရာက နက်တဲ့အခါ ညစ်ပေတဲ့အရာတွေနဲ့ ထိခိုက်မိတဲ့အခါမျိုးမှာတော့ဆေးလိမ်းရုံလောက်နဲ့ မသက်သာတော့ပါဘူး။မေးခိုင်ကာကွယ်ဆေးထိုးဖို့လိုအပ်လာပါလိမ့်မယ်။မေးခိုင်ရောဂါပိုးက ကြိုတင်ကာကွယ်ထားတာက အကောင်းဆုံးဆိုတာကိုသင်သိပါရဲ့လား။ ဒီတစ်ခေါက်မေးခိုင်ရောဂါပိုးအကြောင်းလေးပြောပြပါရစေ။
မေးခိုင်ပိုးဆိုတာ
မေးခိုင်ပိုးဆိုတာကClostridium tetani ဘက်တီးရီးယားကနေ ထုတ်လွှတ်လိုက်တဲ့ အဆိပ်တစ်မျိုးကြောင့်ဖြစ်လာရတာပါ။မေးခိုင်ရောဂါကပြင်းထန်တဲ့ဘက်တီးရီးယား ကူးစက်ရောဂါတစ်မျိုးပါ။ ဒီဘက်တီးရီးယားက အာရုံကြောစနစ်ကို ထိခိုက်စေပြီး ကြွက်သားတွေနာကျင်တာ၊မေးရိုးနဲ့လည်ပင်းတလျှောက်ကကြွက်သားတွေတောင့်တင်းသွားတာမျိုးဖြစ်နိုင်ပါတယ်။ ဒီရောဂါပိုးက အပူဒဏ်နဲ့ ဓါတုဆေးတော်တော်များများကို ခံနိုင်စွမ်းရှိပြီး တိုက်ဖျက်ဖို့ခက်တဲ့ ပိုးတွေကို ထုတ်လုပ်ပေးလိုက်ပါတယ်။မေးခိုင်ပိုးက အသက်ရှုရခက်စေပြီး အသက်အန္တရာယ်စိုးရိမ်ရတဲ့အထိဖြစ်စေနိုင်ပါတယ်။
မေးခိုင်ပိုးကမြေကြီးတွေ၊ ဖုန်မှုန့်တွေ၊ တိရစ္ဆာန်နဲ့လူတွေရဲ့ အညစ်အကြေးတွေထဲမှာရှိနေနိုင်ပါတယ်။ ဒဏ်ရာက အရမ်းနက်တာ၊ ညစ်ပေနေတဲ့အရာတွေနဲ့ ထိုးစိုက်မိရာကနေဖြစ်တာ၊သွေးသိပ်မထွက်တဲ့ဒဏ်ရာ နဲ့အောက်ဆီဂျင်ရရှိမှုနည်းတဲ့ ဒဏ်ရာတွေမှာမေးခိုင်ပိုးတွေပေါက်ဖွားနေနိုင်ပါတယ်။မေးခိုင်ပိုးက လူတစ်ယောက်ကနေတစ်ယောက်ကိုတော့ မကူးစက်တတ်ပါဘူး။
မေးခိုင်ပိုးက ဘယ်လောက်အထိပြင်းထန်လဲ
မေးခိုင်ပိုးကသေဆုံးမှုအမြင့်ဆုံးဖြစ်စေတဲ့ရောဂါပိုးတစ်မျိုးပါ။ မကြာသေးခင်နှစ်တွေအတွင်းသေဆုံးခဲ့ရသူအရေအတွက်ရဲ့ ၁၀ ရာခိုင်နှုန်းကမေးခိုင်ပိုးဝင်တာကြောင့်သေဆုံးခဲ့ရတယ်လို့ စစ်တမ်းတွေအရသိရပါတယ်။
မေးခိုင်ပိုးဝင်နေပြီဆိုတာကို ဘယ်လိုသိနိုင်မလဲ
အနာကနေ တဆင့်ခန္ဓါကိုယ်ထဲမေးခိုင်ပိုးဝင်သွားပြီးတဲ့နောက် ရက်အနည်းငယ်အကြာ ဒါမှမဟုတ် သီတင်းပတ်အနည်းငယ်အကြာမှာရောဂါလက္ခဏာတွေပေါ်လာတတ်ပါတယ်။ရောဂါလက္ခဏာပေါ်ဖို့က ၇ ရက်ကနေ ၁၀ ရက်အထိကြာမြင့်နိုင်ပါတယ်။
ရောဂါလက္ခဏာတွေအနေနဲ့ကတော့ –
- မေးရိုးကြွက်သားတွေတောင့်တင်းတာ၊ အကြောဆွဲတာမျိုး
- မေးရိုးလှုပ်ရှားလို့မရတော့တာမျိုး
- မျိုချရခက်တာ
- ဝမ်းဗိုက်ကြွက်သားတွေတောင့်တင်းတာ
- ခန္ဓါကိုယ် ကြွက်သားတွေတောင့်တင်းနာကျင်တာ
- ဖျားနာတာ
- ချွေးထွက်တာ
- သွေးတိုးတာ
- နှလုံးခုန်မြန်တာ
မေးခိုင်ပိုးဝင်ရတဲ့ အကြောင်းအရင်းတွေ
မေးခိုင်ပိုးကိုမြေမှုန်တွေ၊ဖုန်မှုန့်တွေနဲ့ တိရစ္ဆာန်အညစ်အကြေးတွေထဲမှာတွေ့ရနိုင်ပါတယ်။ရောဂါပိုးတွေက အနာပေါက်ကနေတဆင့် အတွင်းပိုင်းထဲကိုရောက်သွားပြီး ကြွက်သားတွေကိုထိန်းချုပ်တဲ့ အာရုံကြောတွေကို ထိခိုက်ပျက်စီးစေတဲ့ အင်အားပြင်း အဆိပ်တစ်ခုကို ထုတ်လွှတ်လိုက်ပါတယ်။ အဆိုပါရောဂါပိုးက ကြွက်သားတွေကိုတောင့်တင်းသွားစေပါတယ်။
မေးခိုင်ပိုး ဝင်ရောက်နိုင်တဲ့ အခြေအနေတွေ
အခုဖော်ပြပေးမယ့် အခြေအနေတွေကမေးခိုင်ပိုးဝင်ရောက်ကူးစက်ခံရစေနိုင်တဲ့ အခြေအနေတွေပါ။ ဆင်ခြင်နိုင်စေဖို့ဖော်ပြပေးလိုက်ပါတယ်။
- အနာပေါက်ဖြစ်တဲ့ ဒဏ်ရာ
- အနာထဲမှာ မသန့်ရှင်းတဲ့အရာတစ်ခုခု ကပ်ညှိနေတာ
- သံချေးတက်နေတဲ့ သံနဲ့စူးမိတာ
- သေနတ်ဒဏ်ရာ
- အပူလောင်နာ
- ခွဲစိတ်ကုသမှုခံယူထားတဲ့ ဒဏ်ရာ
- တိရစ္ဆာန်ကိုက်တာ
- လူကိုက်တာ
- ပိုးဝင်ကူးစက်တာကြောင့် ရင်းနေတဲ့ ဒဏ်ရာ
- ခံတွင်းထဲမှာဖြစ်တဲ့ အနာ
- သေချာ ဖုံးအုပ်ထားခြင်းမရှိတဲ့ခြေထောက်မှာဖြစ်တဲ့ဒဏ်ရာတွေကနေဆင့် ခန္ဓါကိုယ်ထဲကိုမေးခိုင်ပိုး အလွယ်တကူဝင်ရောက်နိုင်ပါတယ်။ အပေါ်ယံအရေပြားလွှာထိခိုက်သွားတဲ့ ဒဏ်ရာတွေကို ပလာစတာကပ်တာ၊ ပတ်တီးစည်းထားတာမျိုးလုပ်သင့်ပါတယ်။ ဒါမှသာ မလိုလားအပ်တဲ့မေးခိုင်ပိုးဝင်တာမျိုးကို ကာကွယ်နိုင်မှာပါ။
မေးခိုင်ပိုးဝင်ရင်နောက်ဆက်တွဲဘာရောဂါတွေဖြစ်နိုင်မလဲ
မေးခိုင်ပိုးက အာရုံကြောထိရောက်ရှိသွားတဲ့အခါ ကြွက်သားတွေလှုပ်ရှားလို့မရတာမျိုးဖြစ်သွားနိုင်ပါတယ်။မေးခိုင်ပိုးဝင်သွားတဲ့အခါနောက်ဆက်တွဲရောဂါတွေအနေနဲ့ –
- အရိုးကျိုးတာ – မေးခိုင်ပိုးကနေဖြစ်လာတဲ့ပြင်းထန်တဲ့ အဆိပ်ကကျောရိုးနဲ့ အခြားအရိုးတွေကို ကျိုးစေနိုင်ပါတယ်။
- အဆုတ်သွေးကြောမှာ ပိတ်တာ -မေးခိုင်ပိုးကြောင့်သွေးကြောအတွင်းမှာသွေးခဲလာပြီး အဆုတ် ကိုထောက်ပံ့နေတဲ့ ပင်မသွေးကြောနဲ့ အခြားသွေးကြောလေးတွေမှာ သွားရောက်ပိတ်ဆို့တာမျိုးဖြစ်နိုင်ပါတယ်။
- ကြွက်သားတွေတောင့်တင်းလာပြီး အသက်ရှုရခက်လာမယ် -မေးခိုင်ပိုးကြောင့် ကြွက်သားတွေတောင့်တင်းသွားတဲ့အခါ အသက်ရှုရခက်တာကိုဖြစ်စေနိုင်သလို အရမ်းပြင်းထန်ရင် အသက်ရှုရပ်သွားတာမျိုးအထိဖြစ်နိုင်ပါတယ်။အောက်ဆီဂျင်မရတော့တဲ့အခါ နှလုံးရပ်သွားတာ၊ အသက်သေဆုံးတာမျိုးအထိဖြစ်စေနိုင်ပါတယ်။ အသက်ရှုလမ်းကြောင်းဆိုင်ရာ ကြွက်သားတွေကို ထိခိုက်သွားတဲ့အခါ ခန္ဓါကိုယ်ကအောက်ဆီဂျင်မရတော့ဘဲသေဆုံးတာမျိုးအထိဖြစ်နိုင်ပါတယ်။
Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
[embed-health-tool-bmi]