လူရယ်လို့ဖြစ်လာရင် သမုဒ္ဒရာဝမ်းထွာအတွက်နေ့စဉ် ကျရာနေရာမှာ လှုပ်ရှားရုန်းကန်ရစမြဲပါ။ ဉာဏ အားသုံးရတဲ့လူတန်းစားကလည်း ဉာဏအားသုံးရတဲ့လူတန်းစားအလျောက်၊ ကာယအားသုံးရတဲ့ လူတန်းစားကလည်း ကာယအားသုံးရတဲ့လူတန်းစားအလျောက် ရုန်းကန်လှုပ်ရှားနေကြရတာပါ။ ဒီလိုလှုပ်ရှားမှုတွေအတွင်း အသေးစား ထိခိုက်ရှနာကနေစလို့ ကြီးကြီးမားမားထိခိုက်တာမျိုးတွေအထိတွေ့ကြုံရနိုင်ပါတယ်။ များသောအားဖြင့်တော့ ထိခိုက်မှုကြီးကြီးမားမားတွေကဆောက်လုပ်ရေးလုပ်ငန်းခွင်တွေလိုမျိုး၊ စက်ရုံတွေလိုမျိုးနေရာတွေမှာ ပိုဖြစ်များမှာပါ။ ဒီလိုဖြစ်လာတဲ့အခါ ဘယ်လိုပြုစုစောင့်ရှောက်မှုတွေပေးမလဲ။
အလုပ်ခွင်ထဲမှာဖြစ်နိုင်တဲ့ ထိခိုက်မှုတွေကို ဘယ်လိုပြုစုစောင့်ရှောက်ပေးမလဲ
အလုပ်ခွင်ထဲမှာဖြစ်နိုင်တဲ့ ထိခိုက်မှုတွေက
တစ်နေ့တာလုပ်ငန်းခွင်ထဲမှာလုပ်ဆောင်ရင်း မတော်တဆထိခိုက်နိုင်ခြေတွေကအများကြီးပါ။
- ချွန်ထက်တဲ့အရာတစ်ခုခုနဲ့ ထိုးမိတာ၊
- ထိခိုက်ရှနြာဖစ်တာ၊
- အပူလောင်တာ၊
- စက်ကိရိယာတွေကြောင့် ထိခိုက်မိတာ၊
- ချော်လဲတာ၊
- အမြင့်ကနေပြုတ်ကျတာ၊
- အမြင့်ကနေပြုတ်ကျလာတဲ့ ပစ္စည်းတစ်ခုခုနဲ့ထိခိုက်မိတာ၊
- အလေးအပင်မရင်း အရိုးနဲ့ ကြွက်သားတွေထိခိုက်တာ၊နာကျင်တာမျိုးတွေခံစားရနိုင်ပါတယ်။
ထိခိုက်ဒဏ်ရာရတဲ့အခါ လုပ်ဆောင်ရမယ့် အဆင့်တွေက
ဘယ်လိုထိခိုက်ဒဏ်ရာမျိုးပဲဖြစ်ဖြစ် လုပ်ဆောင်ရမယ့်အခြေခံအဆင့်တွေက သိပ်ပြီး ကွားခြားနေတယ်လို့မရှိပါဘူး။ ထိခိုက်အနာတရ တစ်ခုဖြစ်ပြီဆိုရင်
အနာကို မကိုင်တွယ်ခင်လက်ကိုအရင်စင်ကြယ်အောင်ဆေးကြောပေးပါ
ထိခိုက်ဒဏ်ရာရတဲ့အခါ အလောတကြီးနဲ့ လက်မဆေးဘဲ အနာကို ကိုယ်တွယ်မိတာမျိုးဖြစ်နိုင်ပါတယ်။ သာမန်အချိန်မှာတောင် လက်မှာ မမြင်ရတဲ့ ဘက်တီးရီးယားတွေအများအပြားကပ်ညှိနေနိုင်တာပါ။ အလုပ်ခွင်ထဲမှာ အလုပ်လုပ်လက်စ လက်မှာ ဘက်တီးရီးယားတွေရှိနေမယ်ဆိုတာကပြောနေစရာတောင်မလိုပါဘူး။ ဒါကြောင့် အနာကို မကိုင်တွယ်ခင် အရင်ဆုံးလက်ကို သန့်စင်အောင်ဆေးကြောပေးပါ။ လက်ကနေတဆင့် အနာထဲကို ဘက်တီးရီးယားတွေ ကူးစက်ဝင်ရောက်တာမျိုးမရှိအောင် တားဆီးပေးပါ။
သွေးတိတ်အောင်လုပ်ပါ
အနာပေါ်ကို တဘက်စသန့်သန့်လေး ဒါမှမဟုတ် တစ်သျှူးစသန့်သန့်လေးနဲ့ မိနစ်နည်းနည်းလောက်ဖိထားပြီးသွေးတိတ်အောင်လုပ်ပေးပါ။သွေးထွက်အရမ်းများနေပြီဆိုရင်တော့ ဆရာဝန်ဆီသွားရောက်ပြသတာကအကောင်းဆုံးဖြစ်မှာပါ။
အနာကို သန့်စင်ဆေးကြောပေးပါ
အနာကိုသွေးတိတ်အောင်လုပ်ပြီးပြီဆိုရင်တော့ အနာကိုရေအေးသန့်သန့်လေးနဲ့ဆေးကြောပေးပါ။ အနာတဝိုက်ကိုတော့ရေနဲ့ဆပ်ပြာ အသုံးပြုပြီးတော့ဆေးကြောပေးပါ။ အနာပေါ်ကိုတော့ ဆပ်ပြာနဲ့ဆေးကြောတာမျိုး မလုပ်ပါနဲ့။နောက်တစ်ချက်ကhydrogen peroxide နဲ့ အိုင်အိုဒင်းအရည်သုံးပြီးအနာကိုဆေးကြောတာမျိုးမလုပ်ပါနဲ့။ အနာက ကျိန်းစပ်တာမျိုးဖြစ်နိုင်တာကြောင့်ပါ။
အနာထဲမှာ ကျန်ရှိနေတဲ့ အစအနလေးတွေကို ဖယ်ရှားပေးပါ
ထိခိုက်မှုအတွင်း ဒဏ်ရာထဲကို ဖန်ကွဲစ၊ သစ်သားအစအနလေးတွေ၊ ဖုန်မှုန့်နဲ့ အညစ်အကြေးတွေဝင်ရောက်သွားတာမျိုးရှိနိုင်ပါတယ်။ ဒီလိုဖြစ်တဲ့အခါ အနာကို သန့်စင်ပြီးတာနဲ့ အနာထဲမှာကျန်ရှိနေတဲ့ပြင်ပအရာဝတ္ထုတွေကို ဖယ်ရှားပေးလိုက်ပါ။ လက်နဲ့အဆင်မပြေဘူးဆိုရင် ဇာဂနာကို ပိုးသတ်ပြီး ဖယ်ရှားပေးပါ။
အနာကချုပ်ဖို့ လိုလားစစ်ဆေးပါ
အနာက နက်လား၊ ဘယ်လောက်ထိကြီးလဲ၊ အရေပြားချင်းပြန်ဆက်ရဲ့လားဆိုတာတွေကိုသေချာစစ်ဆေးပေးပါ။ တကယ်လို့ အနာကသွေးလည်းမတိတ်ဘူး၊ အရမ်းလည်းကြီးနေမယ်ဆိုရင်တော့ဆေးခန်းကို သွားရောက်ပြသပြီး ချုပ်ဖို့လိုမလားဆိုတာကို ဆရာဝန်နဲ့ဆွေးနွေးပါ။
မေးခိုင်ကာကွယ်ဆေးထိုးဖို့လိုမလား စဉ်းစားပါ
အနာက တော်ရုံထိမိတာဆိုရင် အရမ်းကြီး ကိစ္စမရှိပေမယ့် အနာက အရမ်းကြီးမယ်၊ ဒါမှမဟုတ် ညစ်ပေတဲ့အရာနဲ့ ထိခိုက်မိတာဖြစ်မယ်ဆိုရင်တော့မေးခိုင်ကာကွယ်ဆေးထိုးပါ။
အနာကို ပတ်တီးစည်းမယ်၊ ပလာစတာကပ်မယ်
အနာဖြစ်လာပြီဆိုရင်သေချာဂရုစိုက်ကာကွယ်ဖို့လိုမှာပါ။ ဒါကြောင့် ထိခိုက်ဒဏ်ရာတစ်ခုခုဖြစ်ပြီဆိုရင် အနာကို သန့်စင်တာ၊ဆေးလိမ်းတာတွေ လုပ်ပြီးပြီဆိုရင် အနာကိုသေချာကာကွယ်တဲ့အနေနဲ့ အနာသေးရင် ပလာစတာကပ်တာ၊ အနာကြီးရင် ပတ်တီးစည်းတာမျိုးလုပ်ပေးပါ။ တစ်နေ့ကို တစ်ကြိမ်တော့ အနာကိုသေချာစစ်ဆေးပြီး ပလာစတာလဲတာ၊ ပတ်တီးလဲတာတွေလုပ်ပေးပါ။
အရမ်းပြင်းထန်တဲ့ အလုပ်ခွင် မတော်တဆမှုတွေအတွက်ကတော့ နီးစပ်ရာဆေးရုံဆေးခန်းတွေကို သွားရောက်ပြသတာ အကောင်းဆုံးဖြစ်မှာပါ။ အသေးစားထိခိုက်မှုတွေအတွက်ကတော့အပေါ်မှာပြောခဲ့တဲ့ နည်းလမ်းတွေကအသုံးတည့်မှာပါ။
[embed-health-tool-bmi]