backup og meta

ကိုလင်း (Choline) ၏ ကျန်းမာရေး အကျိုးပြုပုံ


Dr. Thant Zin မှ ရေးသားသည်။ · 21/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုလင်း (Choline) ၏ ကျန်းမာရေး အကျိုးပြုပုံ

    ကိုလင်းဆိုတာ ခန္ဓာကိုယ်ကနေ မရှိမဖြစ် လိုအပ်တဲ့ အာဟာရတမျိုးဖြစ်ပါတယ်။ ရေမှာပျော်ဝင်နိုင်တဲ့ သြဂဲနစ်ဒြပ်ပေါင်းဖြစ်ပြီး ထူးခြားချက်ကတော့ ဗီတာမင်လည်း မဟုတ်သလို ဓာတ်ဆားလည်း မဟုတ်ပါဘူး။ ကိုယ်ခန္ဓာရဲ့ လုပ်ငန်းဆောင်တာများ ပုံမှန်လုပ်ဆောင်နိုင်ဖို့အတွက် အရေးပါပါတယ်။ ကိုလင်းကို အသည်းကနေ ထုတ်လုပ်နိုင်ပါတယ်။ ဒါပေမယ့် ပမာဏနည်းပါးပြီး အများစုကို အစားအသောက်ကနေ ရရှိပါတယ်။

    အသည်းရဲ့လုပ်ငန်းတာဝန်၊ ဦးနှောက်ဖွံ့ဖြိုးမှု၊ ကြွက်သားများလှုပ်ရှားမှု၊ အာရုံကြောစနစ်လုပ်ဆောင်မှုနဲ့ ကိုယ်ခန္ဓာဇီဝဖြစ်ပျက်မှုတွေအတွက် အထောက်အကူပြုပါတယ်။

    ယခုဆက်လက်ဖော်ပြမှာကတော့ ကိုလင်းဟာ လူသားတွေရဲ့ ကျန်းမာရေးကို ဘယ်လိုအထောက်အကူပြုသလဲ ဆိုတာပါပဲ။

    ကိုလင်းပမာဏများခြင်းဟာ နှလုံးရောဂါဖြစ်နိုင်ခြေ လျော့နည်းစေပါတယ်။ ဖောလိတ်နဲ့ ကိုလင်းဟာ ဟိုမိုစစ်စတိန်းလို့ခေါ်တဲ့ အမိုင်နိုအက်ဆစ်ကို မီသိုင်အိုနင်းဆိုတဲ့ ပစ္စည်းအနေနဲ့ ပြောင်းလဲပေးပါတယ်။ သွေးထဲမှာ ဟိုမိုစစ်စတိန်းများနေခြင်းဟာ နှလုံးရောဂါ၊ လေဖြတ်ခြင်း စတာတွေနဲ့ ဆက်နွယ်နေပါတယ်။ ကိုလင်းဟာ အဆိုပါ အမိုင်နိုအက်ဆစ်ကို လျော့နည်းစေပါတယ်။

    ဦးနှောက်ကျန်းမာရေး

    အက်ဆီတိုင်းကိုလင်းလို့ ခေါ်တဲ့ အာရုံကြောလျှပ်ကူးပစ္စည်းကို ထုတ်လုပ်ဖို့အတွက် ကိုလင်းကို လိုအပ်ပါတယ်။ အဆိုပါ အာရုံကြောလျှပ်ကူးပစ္စည်းဟာ မှတ်ဉာဏ်၊ စိတ်အခြေအနေ၊ ဉာဏ်ရည်ဉာဏ်သွေး စတာတွေအတွက် အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်ပါတယ်။ ဒါ့အပြင် ကိုလင်းကို ဒီအန်အေဖွဲ့စည်းရာမှာ အသုံးပြုပါတယ်။ ဦးနှောက်ရဲ့ လုပ်ငန်းတာဝန်များနဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် ကိုလင်းဟာ မရှိမဖြစ် အရေးပါပါတယ်။

    မှတ်ဉာဏ်ပိုင်းဆိုင်ရာ

    ကိုလင်းစားသုံးမှုများပြားခြင်းဟာ ဦးနှောက်လုပ်ငန်းတွေကို တိုးတက်စေတာမို့ မှတ်ဉာဏ်ကောင်းမွန်စေဖို့လည်း အထောက်အကူပြုပါတယ်။ သက်ကြီးပိုင်းတွေမှာ တရက်ကို ကိုလင်း ၁၀၀၀ မီလီဂရမ် သုံးစွဲခြင်းဟာ ရေတိုရော ရေရှည်မှတ်ဉာဏ်ကိုပါ တိုးတက်မှုဖြစ်စေတယ်လို့ သိရပါတယ်။ အယ်လ်ဇိုင်းမားရောဂါသည်တွေအတွက်လည်း ကိုလင်း သုံးစွဲခြင်းက အကျိုးပြုပါတယ်။ ဒါပေမယ့် ပုံမှန်လူတွေမှာတော့ ကိုလင်းကြောင့် ထူးခြားသိသာတဲ့ အကျိုးသက်ရောက်မျ မရှိဘူးလို့လည်း ဆိုကြပါတယ်။

    စိတ်ကျန်းမာရေးချို့ယွင်းတဲ့ အခြေအနေတချို့ကို ကုသရာမှာ ကိုလင်းဟာ အဓိကကျတယ်လို့ သိရပါတယ်။ သုတေသနအချို့အရ ကိုလင်းဟာ စိတ်ပူပန်ခြင်းကို သက်သာစေပါတယ်။ စိတ်ကြွစိတ်ကျပြဿနာအတွက် ကိုလင်းသုံးစွဲခြင်းက အထောက်အကူပြုတယ်လို့ ဆိုပါတယ်။ ဒီအချက်ကို ခိုင်မာစေဖို့ သုတေသနတွေတော့ ထပ်မံလိုအပ်ပါသေးတယ်။

    အသည်းရောဂါ

    ကိုလင်းချို့တဲ့မှုဟာ အသည်းရောဂါနဲ့ ဆက်စပ်နေပါတယ်။ ကိုလင်းကို များများစားသုံးခြင်းဟာ အနည်းဆုံး စားသုံးသူတွေနဲ့ ယှဉ်ရင် အသည်းရောဂါဖြစ်နိုင်ခြေ ၂၈ ရာခိုင်နှုန်း လျော့နည်းစေတယ်လို့ သိရပါတယ်။

    ရင်သားကင်ဆာ

    သုတေသနအချို့အရ ကိုလင်းအများအပြား စားသုံးသူအမျိုးသမီးများဟာ ရင်သားကင်ဆာဖြစ်နိုင်ခြေ လျော့နည်းစေတယ်လို့ သိရပါတယ်။ အမျိုးသမီး ၁၅၀၀ ကျော်မှာ ပြုလုပ်ခဲ့တဲ့ လေ့လာမှုအရ ကိုလင်းများများပါတဲ့ စားသောက်မှုပုံစံဟာ ရင်သားကင်ဆာဖြစ်နိုင်ခြေကို ၂၄ ရာခိုင်နှုန်း လျှော့ချပေးနိုင်တယ်လို့ သိရပါတယ်။

    အလွန်အကျွံစားခြင်းဟာ အန္တရာယ်ရှိသလား

    ကိုလင်းကို လိုတာထက် ပိုစားမိရင် သွေးပေါင်ကျခြင်း၊ ချွေးထွက်ခြင်း၊ ငါးညှီနံ့နံခြင်း၊ ဝမ်းပျက်ခြင်း၊ ပျို့အန်ခြင်း စတာတွေ ဖြစ်စေနိုင်ပါတယ်။ တနေ့တာ ကိုလင်းလိုအပ်တဲ့ ပမာဏကတော့ လူကြီးများအတွက် ၃၅၀၀ မီလီဂရမ် ဖြစ်ပါတယ်။ ကိုလင်းကြွယ်ဝတဲ့ အစားအစာတွေကတော့ ဆယ်လ်မွန်ငါး၊ ဥအမျိုးမျိုး၊ ပန်းပွင့်စိမ်း၊ ပန်းဂေါ်ဖီ စတာတွေပဲ ဖြစ်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thant Zin မှ ရေးသားသည်။ · 21/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement