backup og meta

ကိုလင်း (Choline) ချို့တဲ့ခြင်းအကြောင်း

Written by Dr. Thant Zin · အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


11/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုလင်း (Choline) ချို့တဲ့ခြင်းအကြောင်း

    ကိုလင်းဆိုတာ ခန္ဓာကိုယ်ကနေ မရှိမဖြစ် လိုအပ်တဲ့ အာဟာရတစ်မျိုးဖြစ်ပါတယ်။ ရေမှာပျော်ဝင်နိုင်တဲ့ သြဂဲနစ်ဒြပ်ပေါင်းဖြစ်ပြီး ထူးခြားချက်ကတော့ ဗီတာမင်လည်း မဟုတ်သလို ဓာတ်ဆားလည်း မဟုတ်ပါဘူး။ ကိုယ်ခန္ဓာရဲ့ လုပ်ငန်းဆောင်တာများ ပုံမှန်လုပ်ဆောင်နိုင်ဖို့အတွက် အရေးပါပါတယ်။ ကိုလင်းကို အသည်းကနေ ထုတ်လုပ်နိုင်ပါတယ်။ ဒါပေမယ့် ပမာဏနည်းပါးပြီး အများစုကို အစားအသောက်ကနေ ရရှိပါတယ်။

    အသည်းရဲ့လုပ်ငန်းတာဝန်၊ ဦးနှောက်ဖွံ့ဖြိုးမှု၊ ကြွက်သားများလှုပ်ရှားမှု၊ အာရုံကြောစနစ်လုပ်ဆောင်မှုနဲ့ ကိုယ်ခန္ဓာဇီဝဖြစ်ပျက်မှုတွေအတွက် အထောက်အကူပြုပါတယ်။

    ကိုလင်းဟာ ကိုယ်ခန္ဓာရဲ့ အောက်ပါတာဝန်တွေကို ထမ်းဆောင်ပေးပါတယ်။

    – ဆဲလ်တည်ဆောက်ခြင်း။ ကိုယ်ခန္ဓာဆဲလ်များရဲ့ တောင့်တင်းခိုင်မာမှုကို အားဖြည့်ပေးမယ့် အဆီဓာတ်ဖြစ်ပေါ်စေဖို့ လိုအပ်ပါတယ်။

    – ဆဲလ်များအချင်းချင်းသတင်းပို့ခြင်း။ ကိုယ်ခန္ဓာဆဲလ်များအချင်းအချင်း အချက်အလက်သတင်းတွေ ပေးပို့ရာမှာ ပါဝင်တဲ့ ဒြပ်ပေါင်းတွေကို ထုတ်လုပ်ဖို့ ကိုလင်းကို လိုအပ်ပါတယ်။

    – အဆီဓာတ် သယ်ယူပို့ဆောင်ခြင်းနှင့် ဇီဝဖြစ်ပျက်ခြင်း။ အသည်းကနေ ကိုလက်စထရောကို ဖယ်ထုတ်ရာမှာ ကိုလင်းဟာ အရေးပါပါတယ်။ ကိုလင်း လုံလောက်စွာမရှိရင် အသည်းမှာ အဆီဓာတ်နဲ့ ကိုလက်စထရောတွေ စုပုံလာပါတယ်။

    – DNA ဖွဲ့စည်းဖြစ်ပေါ်ခြင်း။ DNA မော်လီကျူးဖွဲ့စည်းရာမှာ ကိုလင်းဟာ ဗီတာမင် B12၊ ဖောလိတ် စတာတွေနဲ့ အတူတူပါဝင်ပါတယ်။

    – အာရုံကြောစနစ်ကို ကောင်းစေခြင်း။ ကိုလင်းဟာ အာရုံကြောလျှပ်ကူးပစ္စည်းတမျိုးဖြစ်တဲ့ အက်ဆီတိုင်းကိုလင်း (Acetylcholine) ဖြစ်ပေါ်ဖို့ လိုအပ်ပါတယ်။ မှတ်ဉာဏ်၊ ကြွက်သားများ လှုပ်ရှားခြင်း၊ နှလုံးခုန်မှန်စေခြင်း စတဲ့ လုပ်ငန်းတာဝန်များ အပါအဝင် တခြားကိစ္စတွေအတွက် အရေးကြီးပါတယ်။

    တစ်နေ့ကို ဘယ်လောက်လိုအပ်သလဲ

    ကိုလင်းရဲ့ တစ်နေ့တာ လိုအပ်ချက်ဟာ အသက်အရွယ်၊ ကျား/မ စတာတွေပေါ် မူတည်ပြီး ကွာခြားမှု ရှိပါတယ်။ ယေဘုယျအားဖြင့်

    – အသက် ၁၄-၁၉ နှစ်အရွယ် မိန်းကလေးများအတွက် ၄၀၀ မီလီဂရမ်

    – အသက် ၁၄-၁၉ အရွယ် ယောကျ်ားလေးများအတွက် ၅၅၀ မီလီဂရမ်

    – အရွယ်ရောက်ပြီး အမျိုးသမီးများအတွက် ၄၂၅ မီလီဂရမ်

    – အရွယ်ရောက်ပြီး အမျိုးသားများအတွက် ၅၅၀ မီလီဂရမ်

    – နို့တိုက်မိခင်များအတွက် ၅၅၀ မီလီဂရမ်

    – ကိုယ်ဝန်ဆောင်မိခင်များအတွက် ၄၅၀ မီလီဂရမ် စသဖြင့် နေ့စဉ်လိုအပ်ချက်တွေ ရှိပါတယ်။

    ကိုလင်းချို့တဲ့ရင် ဘာဖြစ်တတ်သလဲ

    များသောအားဖြင့် အသည်းကို ထိခိုက်တတ်ပါတယ်။ သုတေသနတစ်ခုအရ ကိုလင်းချို့တဲ့သူအချို့ဟာ အသည်း ဒါမှမဟုတ် ကြွက်သားများမှာ ထိခိုက်မှု ရှိတယ်လို့ သိရပါတယ်။ ဒါပေမယ့် အဆိုပါပြဿနာတွေဟာ ကိုလင်းဓာတ် လုံလောက်စွာ ရရှိချိန်မှာ ပြန်လည်ကောင်းမွန်သွားတယ်လို့ ဆိုပါတယ်။

    ကိုယ်ဝန်ဆောင်ချိန်မှာ ကိုလင်းကို ပိုမိုလိုအပ်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တွေမှာ ကိုလင်းချို့တဲ့ရင် သန္ဓေသားမှာ အာရုံကြောပိုင်းဆိုင်ရာ ထိခိုက်မှု ရှိပါတယ်။ ကိုယ်ဝန်ဆောင်ချိန် သွေးတိုးခြင်း၊ ကိုယ်ဝန်လမစေ့ဘဲမွေးခြင်း၊ ကိုယ်အလေးချိန်မပြည့်ခြင်း စတဲ့နောက်ဆက်တွဲပြဿနာတွေလည်း ဖြစ်ပေါ်စေနိုင်ပါတယ်။

    ကိုလင်းဓာတ် မချို့တဲ့အောင် ဘယ်လိုကာကွယ်မလဲ

    ကိုလင်းဓာတ်ကြွယ်ဝတဲ့ အစားအစာတွေ စားသောက်နိုင်ပါတယ်။ အဆိုပါ အစားအစာများနဲ့ ကိုလင်းပါဝင်နှုန်းကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

    – အမဲအသည်း။ ၆၈ ဂရမ်လျှင် ကိုလင်း ၂၉၀ မီလီဂရမ်

    – ကြက်အသည်း။ ၆၈ ဂရမ်လျှင် ကိုလင်း ၂၂၂ မီလီဂရမ်

    – ကြက်ဥ တစ်လုံးလျှင် ၁၁၃ မီလီဂရမ်

    – ဆယ်လ်မွန်ငါး ၁၁၀ ဂရမ်တွင် ၆၂.၇ မီလီဂရမ်

    – ပန်းဂေါ်ဖီဟင်းတစ်ခွက်စာတွင် ၄၈.၄ မီလီဂရမ်

    – ပန်းပွင့်စိမ်းတစ်ခွက်စာတွင် ၆၂.၆ မီလီဂရမ်

    – ပဲပိစပ်ဆီ တစ်ဇွန်းလျှင် ၄၇.၃ မီလီဂရမ် စသဖြင့် ဖြစ်ပါတယ်။

    ဒါ့အပြင် ကိုလင်းပါဝင်တဲ့ ဖြည့်စွက်စာတွေကိုလည်း သုံးစွဲနိုင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    Written by

    Dr. Thant Zin

    အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


    11/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement