backup og meta

သာကူ စားတာ ကျန်းမာစေသလား.........

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Aye Thi Mon မှ ရေးသားသည်။ · 16/08/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သာကူ စားတာ ကျန်းမာစေသလား.........

    ထန်းလျက် အညိုလေး၊ ကန်စွန်းဥတို့နဲ့ ကျိုထားတဲ့ သာကူလေးကို အုန်းနို့လေး ဆမ်းပြီး စားလိုက်ရတဲ့ ခပ်ဆိမ့်ဆိမ့် အရသာလေးက ထိထိမိမိ ရှိလှပါတယ်။ ဒါတင်လားဆိုတော့ မဟုတ်သေးပါဘူး။ နွားနို့၊ နို့စိမ်း၊ ပြောင်းဖူးစေ့ ဝါဝါလေးထည့်ပြီး ချိုဆိမ့်လေး ကျိုထားတဲ့ သာကူ ကလည်း အရသာ တစ်မျိုးနဲ့ စားကောင်းပါတယ်။

    နောက်ထပ် စားနည်း တစ်မျိုးကတော့ သာကူပြင်ပါ။ အုန်းနို့ပြင် တစ်ထပ်၊ သာကူပြင် တစ်ထပ်နဲ့ ဆိမ့်ဆိမ့်မွှေးမွှေး သာကူပြင်ကို အုန်းဆီချက်လေးနဲ့ တွဲဖက်ပြီး ကော်ဖီပူလေး တစ်ခွက်နဲ့ စားရတဲ့ အရသာကလည်း ဘာနဲ့မှ မလဲနိုင်အောင် ကောင်းလှပါတယ်။ ဒါဆို သာကူက စားကောင်းရုံပဲလားဆိုတော့ မဟုတ်ပါဘူးနော်။ သာကူက အခုလိုလည်း ကျန်းမာရေး အကျိုးကျေးဇူးတွေ ပေးပါတယ်။

    သာကူ စားတာ ကျန်းမာစေသလား………

    ဒီမေးခွန်းကို ဖြေပေးရမယ်ဆိုရင် ဟုတ်ပါတယ်။ သာကူစားတာက ကျန်းမာစေနိုင်ပါတယ်။ သာကူ စားတဲ့အခါ အခုလို ကျန်းမာရေး အကျိုးကျေးဇူးတွေ ရရှိစေနိုင်ပါတယ်။

    သွေးပေါင်ချိန် ထိန်းညှိပေးတယ်

    သာကူမှာ ပိုတက်ဆီယမ် ပါဝင်တာကြောင့် သွေးစီးဆင်းမှုကို ကောင်းမွန်စေပြီး သွေးမတိုးစေဖို့ ကာကွယ်ပေးပါတယ်။ သွေးစီးဆင်းမှု ကောင်းစေတာက နှလုံး ကျန်းမာစေဖို့လည်း အကောင်းဆုံး ထောက်ကူပေးနိုင်ပါတယ်။

    သန္ဓေသားကို ဖွံ့ဖြိုးစေတယ်

    သာကူမှာ ဗီတာမင် B6၊ ဖောလိတ်တို့လိုမျိုး ဗိုက်ထဲက ဘေဘီလေး ကြီးထွားဖွံ့ဖြိုးစေဖို့ မရှိမဖြစ် လိုအပ်တဲ့ အာဟာရဓာတ်တွေ ပါဝင်နေတာကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ စားသုံးပေးမယ်ဆိုရင် ဘေဘီလေးကို အကောင်းဆုံး ကြီးထွားစေမှာပါ။ ဘေဘီလေးရဲ့ ဦးနှောက် ဖွံ့ဖြိုးမှုကို အကောင်းဆုံး ထောက်ပံ့ပေးနိုင်မှာပါ။

    မေမေက ဆီးချိုရှိရင်တော့ သာကူက သွေးချိုမြင့်စေနိုင်တာကြောင့် မစားသင့်ပါဘူး။

    အားပြည့်စေတယ်

    သာကူက ကာဗိုဟိုက်ဒရိတ် ပါဝင်နေတာကြောင့် ခန္ဓာကိုယ်ကို စွမ်းအင် ပြည့်စေနိုင်ပါတယ်။ ကာဗိုဟိုက်ဒရိတ် ပါဝင်မှု များတာကြောင့် နည်းနည်းပဲ စားချင်တယ်။ ဒါပေမယ့် ဝိတ်လည်း တက်ချင်တယ်ဆိုတဲ့သူတွေ စဉ်းစားသင့်တဲ့ စားစရာ တစ်ခုပါ။

    ဝမ်းမှန်စေတယ်

    သာကူက အစာကြေစေနိုင်တာကြောင့် လေပွတာ၊ ဝမ်းချုပ်တာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ အကြောင်းကတော့ သာကူမှာ အမျှင်ဓာတ် များစွာ ပါဝင်နေတာကြောင့် အစာခြေစနစ်ကို ကျန်းမာစေပြီး အူနံရံတွေကို အကောင်းဆုံး အားဖြည့်ပေးပါတယ်။

    အရိုးတွေ သန်မာစေတယ်

    သာကူမှာ ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ သံဓာတ်တို့ ပါဝင်နေတာကြောင့် အရိုးတွေကို သန်မာစေပြီး အရိုးတွေကို ကျန်းမာစေပါတယ်။ အရိုးပွတာမျိုး၊ အဆစ်ရောင်တာမျိုး မဖြစ်စေဖို့  ကာကွယ်ပေးနိုင်ပါတယ်။

    သွေးအားကောင်းစေတယ်

    သံဓာတ် ချို့တဲ့လာတဲ့အခါ သွေးအားနည်းလာတတ်ပါတယ်။ သွေးအားနည်းတာက အမျိုးသမီးတွေ နဲ့ ကလေးငယ် များစွာမှာ ခံစားရလေ့ ရှိတဲ့ ကျန်းမာရေး ပြဿနာပါ။

    သွေးအားနည်းတဲ့အခါ ပင်ပန်းလွယ်တာ၊ အာရုံမစိုက်နိုင်တာမျိုးတွေ ခံစားရနိုင်ပါတယ်။ ဒါကြောင့် သံဓာတ်နည်းပြီး သွေးအားနည်းတာမျိုး မဖြစ်စေဖို့ သာကူ စားပေးလို့ ရပါတယ်။ သာကူက သံဓာတ်ပြည့်ဝတဲ့ စားစရာ တစ်ခုပါ။

    အာရုံကြောစနစ်ကို ကျန်းမာစေတယ်

    သာကူက စိုးရိမ်ပူပန်တာကို သက်သာစေပြီး အိပ်မပျော်တာကိုလည်း သက်သာစေနိုင်ပါတယ်။ စိတ်ခံစားမှု ကောင်းစေပြီး ဦးနှောက်ကို အနားရစေပါတယ်။

    အ​ကြောင်းကတော့ သာကူမှာ ဦးနှောက်နဲ့ စိတ်ကို အနားရအောင် လုပ်ဆောင်ပေးတဲ့ ဆီရိုတိုနင် ဟော်မုန်း ထွက်ရှိအောင် လှုံ့ဆော်ပေးတဲ့ tryptophan လို့ ခေါ်တဲ့ အမိုင်နိုအက်ဆစ် တစ်မျိုးပါဝင်နေလို့ပါ။

    ညဘက်လည်း ကောင်းကောင်း အိပ်ပျော်စေနိုင်ပါတယ်။

    နှလုံး ကျန်းမာစေနိုင်ပါတယ်

    သာကူက ကိုလက်စထရော လုံးဝ မပါဝင်တဲ့ အစားအစာ တစ်မျိုးပါ။ နောက်တစ်ချက်က သာကူမှာ အမျှင်ဓာတ်၊ ဗီတာမင် B တို့ ပါဝင်နေတာကြောင့် နှလုံး ကြွက်သားတွေကို ပြေလျော့စေပြီး နှလုံးကို ကျန်းမာစေပါတယ်။

    သာကူက ကျန်းမာရေးအတွက် အကျိုးများပေမယ့် ကာဗိုဟိုက်ဒရိတ် ပါဝင်မှု များသလို glycemic index အလွန် မြင့်တာကြောင့် သွေးတွင်းသကြားဓာတ်ကို မြင့်စေနိုင်တဲ့အတွက် ဆီးချိုရှိသူတွေ စားသုံးဖို့တော့ မသင့်တော့ပါဘူး။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Aye Thi Mon မှ ရေးသားသည်။ · 16/08/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement